Friday, November 18, 2016

တာချီလိတ်တွင် အမျိုးသား တစ်ဦးကို ထိုင်းဘတ်ငွေ ၁ဝ သန်းဖြင့် ပြန်ပေးဆွဲ

ကျိုင်းတုံ၊ နိုဝင်ဘာ ၁၇

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ်တွင် အသက် ၃ဝ ကျော်အရွယ် အမျိုးသား တစ်ဦး ဘတ်ငွေ ၁ဝ သန်းဖြင့် ပြန်ပေးဆွဲ ခံရကြောင်း ဝမ်ပုံ နယ်မြေ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ စံဖူးရွာတွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် အိုက်ခမ်း (ခ) အိုက်နန်းအွန်သည် သြဂုတ်လ ၂၃ ရက်က ကျေးရွာအနီးရှိ ပန်းခြံအတွင်း ပန်းသွားခူးရာမှ ပျောက်ဆုံးခဲ့ကြောင်း၊ လက်ရှိတွင် ယင်းအမျိုးသား၏ ဇနီးဖြစ်သူကို ထိုင်းဘတ်ငွေ ၁ဝ သန်းဖြင့် လာရောက် ရွေးယူရန် အမည်မသိ အဖွဲ့က အကြိမ်ကြိမ် ခြိမ်းခြောက် ငွေကြေး တောင်းခံနေ၍ စုံစမ်း စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး (ဦးစီး) မျိုးသိန်းက ပြောကြားသည်။

 

“ကောင်လေးက သြဂုတ်လထဲမှာ ပျောက်သွားပေမယ့် စက်တင်ဘာ ၁၉ ရက်မှ လူပျောက် လာတိုင်တယ်။ လာမတိုင်ခင် စက်တင်ဘာ ၁ဝ ရက်ကလည်း အဲဒီ အဖွဲ့ကို ဘတ်ငွေ ၂ သန်း ပေးလိုက်ပြီးပေမယ့် အခုလို ခြိမ်းခြောက်ငွေ တောင်းတယ်လို့ မတိုင်ခဲ့ဘူး။ အောက်တိုဘာ ၂၉ ရက်မှာ ထပ်ပြီး ဘတ်ငွေ ၈ သန်း တောင်းလို့ ပေးမယ်လုပ်တော့ ဆက်သွယ်လို့ မရတာနဲ့ ရဲကို လာတိုင်တာ”ဟု ၎င်းကဆိုသည်။

 

ယင်းအမည်မသိ အဖွဲ့သည် ပျောက်ဆုံး အမျိုးသား ပြန်လွတ်မြောက်လိုပါက ဘတ်ငွေ ၂ သန်းကို တာချီလိတ်မြို့ပုံလို့ ဘုန်းကြီးကျောင်း လမ်းဘေးရှိ အမှိုက်ပုံနားသို့ အမျိုးသမီးများသာ လာရောက် ပေးအပ်ရန် တောင်းဆို၍ စက်တင်ဘာလ ၁ဝ ရက်နေ့က ဇနီးဖြစ်သူ မအီဖာ အပါအဝင် အမျိုးသမီး လေးဦးက သွားရောက် ပေးအပ်ရာ မျက်နှာအုပ်ပါ ပြောက်ကျား ဦးထုပ် ဆောင်းထားသည့် အမျိုးသား နှစ်ဦးက Mark II ယာဉ်ဖြင့် လာရောက် ယူဆောင်သွားကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အိုက်ခမ်း (ခ) အိုက်နန်းအွန်ကို ဖမ်းဆီးခေါ်ဆောင်၍ ခြိမ်းခြောက်ကာ အကြိမ်ကြိမ် ငွေကြေး တောင်းခံနေသူများကို (ပ)၁၅ / ၂ဝ၁၆၊ ရာဇသတ်ကြီး ပုဒ်မ - ၃၆၅ အရ အမှု ဖွင့်လှစ်ပြီး တရားခံများ ဖမ်းဆီး ရမိရန် စုံစမ်း စစ်ဆေးနေကြောင်း ဝမ်ပုံနယ်မြေ ရဲစခန်းထံမှ သိရသည်။

The voice

No comments: