Friday, November 18, 2016

ပြင်ပ ဒေါ်လာဈေး တစ်ဒေါ်လာ ၁၃၁၆ ကျပ်အထိ ဆက်တက်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ဆက်တိုက် တက်နေသော အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃ဝ၄ ကျပ်မှ နိုဝင်ဘာလ ၁၇ ရက်နေ့၌ ၁၃၁၆ ကျပ်အထိ ဆက်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ တရိပ်ရိပ် မြင့်တက်နေသော ဒေါ်လာ ပြဿနာကို အဖြေ ရှာရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တွင် တာဝန် ရှိကြောင်း၊ ဒေါ်လာဈေးကို ဗဟိုဘဏ် တစ်ခုတည်းက မထိန်းချုပ်နိုင်သော်လည်း ဗဟိုဘဏ်၌ ငွေရေးကြေးရေးနှင့် ပတ်သက်သည့် အချက်အလက် အပြည့်အစုံ ရှိသောကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ခေါ်ယူ၍ ဒေါ်လာ ပြဿနာကို အဖြေ ရှာသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ စီးပွားရေး ကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။

“ဒေါ်လာဈေးက တက်နေတယ်။ ဒီပြဿနာရဲ့ အကြောင်းအရင်းကို ရှာပြီး ဖြေရှင်းဖို့ ဦးဆောင်မယ့်သူ တစ်ဦး လိုတယ်။ ပြည်ပမှာလည်း ဒေါ်လာက တက်နေတော့ ဈေးကျအောင် အတင်း ဆွဲချလို့တော့ မရဘူး။ တက်သင့် တက်ထိုက်တဲ့ ပမာဏထက် တက်မသွားဖို့၊ ဒီဒေါ်လာ ဈေးတက်မှုကြောင့် နိုင်ငံသားတွေအထိ မနာဖို့ကို အဖြေ ရှာရမယ်”ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

ဒေါ်လာဈေးမှာ ဆက်တက်နိုင်သည့် အနေအထား ရှိနေပြီး ဒေါ်လာဈေး တက်မှုနှင့်အတူ စီးပွားရေးပါ အင်အား ကောင်းလာနိုင်ကြောင်း၊ အစိုးရ အနေနှင့် ဒေါ်လာဈေး တက်မှုနှင့် ပတ်သက်ပြီး လုပ်ဆောင်ချက်များ ရှိသော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်မှာ မည်သည့် အဆင့်အထိ ရောက်ရှိပြီ ဆိုသည်ကို ပြည်သူထံသို့ ချမပြခြင်းဖြစ်ကြောင်း ဦးရဲမင်းဦးက ရှင်းပြသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြင်ပ ဒေါ်လာ ပေါက်ဈေးမှာ တစ်ဒေါ်လာ ၁၂၈၉ ကျပ်ဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၁၃၁၆ ကျပ် ရောက်ရှိသည်အထိ ဆက်တိုက် တက်ခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် ၁၂၈၅ ကျပ်သာ ရှိပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ၁၂၈၇ ကျပ် ဖြစ်ခဲ့ကာ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၁၂၉ဝ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။

No comments: