Thursday, November 17, 2016

ကုန်ဈေးနှုန်း ကျဆင်းရေး မေးမြန်းမှုကို ဝန်ကြီး ဖြေကြားချက် လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ မကျေနပ်

နေပြည်တော်၊ နိုဝင်ဘာ ၁၆

 

နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်နေမှုကို ကျဆင်းရန် ထိန်းချုပ်မည့် အစီအစဉ်အပေါ် လွှတ်တော်က မေးမြန်းချက်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသန်းမြင့်က လာရောက် ဖြေကြား ခဲ့သော်လည်း လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် ကိုယ်စားလှယ်များက မကျေမနပ် ဖြစ်ခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။

 

နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က “အရပ်ရပ် ကုန်ဈေးနှုန်း တရိပ်ရိပ် တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးက ဈေးကွက် စီးပွားရေး စနစ်ကြောင့် အစိုးရ အနေနှင့် တိုက်ရိုက် ထိန်းချုပ်ရန် မသင့်တော်ကြောင်း ဖြေကြားခဲ့သည့်အပြင် ထိရောက်သော ဖြေရှင်း ဆောင်ရွက်မည့် အခြေအနေကို ပြောကြားခြင်း မရှိသောကြောင့် ယင်းသို့ ဖြစ်ခဲ့ခြင်းဖြစ်သည်။

 

ဝန်ကြီး ဖြေကြားချက်နှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ပြည်ထောင်စု ဝန်ကြီး အနေနဲ့ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ် မေးတဲ့ မေးခွန်းကို ကျွန်တော်တို့ ထိထိရောက်ရောက်လေး ဖြေစေချင်ပါတယ်။ မေးတဲ့ မေးခွန်းက အရပ်ရပ် ကုန်ဈေးနှုန်း တရိပ်ရိပ် တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိ ကို မေးတာပါ။ ဒီတက်တဲ့ အကြောင်းအရင်း တက်တဲ့ နှုန်းထားတွေ ငွေကြေး ဖောင်းပွတဲ့ အခြေအနေတွေ အဲဒီဟာတွေကို အကျယ်တဝင့် အသေးစိတ် ပြောမယ့်အစား ကုန်ဈေးနှုန်းတက်တဲ့ အခြေအနေကို ထိန်းချုပ်မယ့် အစီအစဉ် မေးတာပါ။ အဲလိုတိုတိုနဲ့ လိုရင်းကို သတ်မှတ်ချိန်အတွင်းမှာ ပြီးစေချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်ခင်နှင်းသစ်က ထပ်ဆင့် မေးခွန်းတွင် တိကျစွာ ဖြေကြားပေးရန်  ထပ်မံ မေးမြန်းခဲ့သော်လည်း အဆင်သင့် မဖြစ်သေး၍ နောက်တစ်ချိန်တွင် ဖြေဆိုခွင့်ပြုရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က “ဟုတ်ပါတယ် ခင်ဗျာ။ ဒီဟာက ကျယ်ပြန့်တာ ဖြစ်တဲ့အတွက်ကြောင့် နောက်အခါ အကြောင်းတွေ ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဖို့အတွက် နောင်တစ်ကြိမ်မှသာ ခွင့်ပြုပေးပါရန် မေတ္တာ ရပ်ခံပါတယ်”ဟု ဆိုသည်။

 

ဒေါ်ခင်နှင်းသစ်၏ ထပ်ဆင့် မေးမြန်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရန် ဝန်ကြီးဌာန အနေနှင့် အဆင့်သင့်ဖြစ်သည့် အချိန်တွင် သက်ဆိုင်ရာ ကိုယ်စားလှယ်ထံ အဖြေလွှာ ပေးပို့နိုင်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဝင်ရောက် ပြောကြားသည်။

 

“ဝန်ကြီး ကောင်းကောင်းတွေ မရှိတော့ဘူးလား။ စိတ်ပျက်စရာ”ဟု ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက The Voice သို့ ပြောကြားသည်။

 

ဈေးကွက် စီးပွားရေး စနစ်တွင် ဈေးနှုန်းများကို အစိုးရ အနေနှင့် တိုက်ရိုက် ထိန်းချုပ် ဆုံးဖြတ်ပေးဖြင်း မပြုဘဲ ရောင်းလိုအား၊ ဝယ်လိုအားတို့အပေါ် မူတည်၍ သတ်မှတ် ဆုံးဖြတ်ပေးခြင်းဖြစ်ကြောင်း  ဝန်ကြီးက ဆိုသည်။

 

ကုန်ဈေးနှုန်း အလွန်အမင်း ကျဆင်းပါကလည်း ထုတ်လုပ်သူများ ထိခိုက်နစ်နာခြင်း၊ အရင်း ရှုံးခြင်းများကြောင့် ထုတ်လုပ်မှု ထိခိုက်ပြီး ကုန်ပစ္စည်း ထပ်မံ ရှားပါး၍ ကုန်ဈေး ကြီးမားသော ပြဿနာကို ပြန်လည် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 

ကုန်ဈေးနှုန်း မြင့်တက်မှုသည် ငွေကြေး ဖောင်းပွမှုအပေါ် အခြေခံထားပြီး မြန်မာ ငွေကြေး ဖောင်းပွမှု အခြေအနေမှာ ၂ဝ၁၅ - ၂ဝ၁၆ ခုနှစ်တွင် ၁၁ ဒသမ ၄၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း ၂ဝ၁၆ နိုဝင်ဘာ (ယခုအချိန်တွင်) ၈ ဒသမ ၂၆ ရာခိုင်နှုန်းသို့ ပြန်လည် ကျဆင်းခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

No comments: