နေပြည်တော် ကောင်စီနယ်မြေအတွင်း အမျိုးသမီးတစ်ဦးတည်း အိမ်အတွင်းရှိနေစဉ် လူသုံးဦးက အနုကြမ်းဝင်စီးမှု နိုဝင်ဘာ ၁၆ ရက် ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ ၀ဏ္ဏဒီပရပ်ကွက်တွင် အမျိုးသမီးတစ်ဦးတည်း နေထိုင်သည့်အချိန်တွင် လူသုံးဦးက မျက်နှာပ၀ါစည်းကာ အနုကြမ်းဝင်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အိမ်နောက်ကနေပြီး နှစ်ယောက်တက်လာတယ်။ ရှေ့ကတစ်ယောက်တက်တယ်။ နောက်ကတစ်ယောက်က အချွန်နဲ့ထောက်ထားတယ်။ အော်ရင် နောက်ကထိုးမယ်လို့ ပြောတယ်။ မီးတွေပိတ်ဖို့ မီးခလုတ်တွေက ဘယ်မှာလဲမေးတယ်။ ပြီးတော့ လျှပ်စစ်မိန်းကိုချခိုင်းတယ်။ ပြီးတော့ပစ္စည်းတွေ ချွတ်ခိုင်းတာပဲ။ လူကိုတော့ အန္တရာယ်မပြုသွားဘူး” ဟု အနုကြမ်းဝင်စီးခြင်းခံခဲ့ရသည့် မမွန်မွန်ဇော်က ပြောကြားသည်။
ယင်းကဲ့သို့ အနုကြမ်းဝင်စီးသူ သုံးဦးက မမွန်မွန်ဇော် ၀တ်ဆင်ထားသည့် လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးနှင့် နားကပ်များ ယူဆောင်သွားပြီး အဆိုပါပစ္စည်းတန်ဖိုးမှာ ကျပ် ၁၀ သိန်းဝန်းကျင်ခန့် ရှိကြောင်း မမွန်မွန်ဇော်၏ ပြောပြချက်အရ သိရသည်။
မမွန်မွန်ဇော်မှာ ၎င်း၏ခင်ပွန်းဖြစ်သူနှင့် ပုဗ္ဗသီရိမြို့နယ် ၀ဏ္ဏဒီပရပ်ကွက်တွင် နေထိုင်ပြီး ၎င်း၏ခင်ပွန်းဖြစ်သူမှာ နံနက်ပိုင်းတွင် အလုပ်သွားပြီး ညပိုင်းမှ ပြန်လည် ရောက်ရှိကြောင်း၊ လက်ရှိတွင် အဆိုပါဖြစ်စဉ် အတွက် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားသွားမည်ဖြစ်ကြောင်း မမွန်မွန်ဇော်က ဆိုသည်။
အဆိုပါရပ်ကွက်အတွင်း ယင်းကဲ့သို့ အနုကြမ်းဝင်ရောက်စီးသည့် ဖြစ်စဉ်မျိုး မရှိခဲ့ဖူးကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထုံးဖိုးမြို့မ ရဲစခန်းတွင် (ပ)၂၀၁/ ၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Writer:
နေရိုင်း၊ ဇေယျာထွန်း
No comments:
Post a Comment