Thursday, November 17, 2016

ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ခဲ့သည့် ထီးလိုမင်းလိုဘုရားကြီးကို ပြင်ဆင်ရန် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းအား ခွင့်ပြုထားခြင်းမရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထုတ်ပြန်

ပုဂံမြို့ ထီးလိုမင်းလိုဘုရားကြီးအား နိုဝင်ဘာ ၁၆ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်)

ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ခဲ့သည့် ထီးလိုမင်းလိုဘုရားကြီးအား ပြင်ဆင်ရန် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းအား ခွင့်ပြုထားခြင်း မရှိကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သတင်းထုတ်ပြန်ချက်တွင် “ရွှေပြည်တော်သို့ဆုံမှတ်” ပရဟိတအသင်းသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်၂၄ ရက်က ငလျင်လှုပ်၍ ထိခိုက်ပျက်စီးခဲ့သော ပုဂံ၊ ထီးလိုမင်းလို ဘုရားကို ပြုပြင်ရန် ဗီနိုင်းတွင်ရေးသား၍ ဆောင်ရွက်နေကြောင်း သတင်းရရှိ၍ ပုဂံရှေးဟောင်းသုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ထီးလိုမင်းလိုဘုရားသို့ သွားရောက်၍ ဂေါပကအဖွဲ့အား မေးမြန်းကာ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်မှုများ ပြုလုပ်ခြင်းမပြုရန်၊ ပြည်သူလူထု အထင်လွဲမှားစေမည့် ကိစ္စများ ပြုလုပ်ခြင်းမပြုရန် ဂေါပကအဖွဲ့အား သတိပေးဆွေးနွေး၍ ဗီနိုင်းကို နိုဝင်ဘာ ၁၅ ရက်တွင် ဖယ်ရှားခဲ့ကြောင်း ရေးသားထားသည်။

ငလျင်ဖြစ်ပွားပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီများကို ပုဂ္ဂလိကများ၊ အဖွဲ့အစည်းများ၊ ဂေါပကများပြုပြင်ခြင်း၊ ခွင့်မပြုဘဲ နိုင်ငံတော်က ကြီးကြပ်၍ ပြင်ဆင်ထိန်းသိမ်းမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါပကများသို့လည်း အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ ထီးလိုမင်းလို ဂေါပကအဖွဲ့သည် ဘုရားကြီးအား စောင့်ရှောက်ရန်သာဖြစ်ပြီး ခွင့်ပြုပိုင်ခွင့် မရှိသည်များကို ခွင့်ပြုထားခြင်းဖြစ်သဖြင့် ဥပဒေနှင့် ညီညွတ်မှု မရှိပါက ဂေါပကအဖွဲ့အား ဥပဒေနှင့်အညီ အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ပုဂံငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးပေါင်း ၃၈၉ ဆူ ရှိကြောင်း ကွင်းဆင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ငလျင်ဖြစ်ပွားပြီးသည့် ကာလမှစ၍ UNESCO ၏ အကြံပြုချက်နှင့် ပူးပေါင်း ဆောင်ရွက်ချက်များနှင့်အညီ ပြည်တွင်း ပြည်ပ ပညာရှင်များ ပါဝင်သောအဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး ထိခိုက်ပျက်စီးမှု ပမာဏနှင့် တန်ဖိုးပေါ် မူတည်၍ ပထမဦးစားပေး ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ၅၃ ဆူနှင့် တတိယဦးစားပေး ၃၀၀ ဆူအား ခွဲခြားထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နိုင်ငံတော်အဆင့် ကြီးကြပ်၍ မိမိတို့ရှေးဟောင်းအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ပြည်ပနိုင်ငံများ၊ UNESCO တို့ ပူးပေါင်းညှိနှိုင်း တိုင်ပင်ဆွေးနွေး ဆောင်ရွက်လျက်ရှိသဖြင့် ထီးလိုမင်းလို ဘုရားကြီးအပါအ၀င် ပထမဦးစားပေးနှင့် ဒုတိယဦးစားပေး စုစုပေါင်း ၈၉ ဆူတို့အား မည်သည့်အဖွဲ့ကိုမျှ ပြုပြင်ခွင့်ပြုမည် မဟုတ်ဘဲ ဌာနကသာ ကြီးကြပ်စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ပထမနှင့် ဒုတိယဦးစားပေး ပြု ပြင်မည့် ၈၉ ဆူတို့အား ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကြံပြုချက်နှင့်အညီ အချိန်ယူ၍ စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုများကို ဌာန၏ ကြီးကြပ်မှုဖြင့်၂၀၁၇ ခုနှစ်မှသာ ဆောင်ရွက်ရန် UNESCO နှင့် ညှိနှိုင်းလျာထားကြောင်း၊ ထို့အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပါဝင်သော International Expert Meeting ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်း ကျင်းပရန် စီစဉ်ထားကြောင်းနှင့် ယင်းအစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များနှင့်အညီ တစ်ဆူချင်း ထပ်မံအသေးစိတ် စစ်ဆေး၍ အဆင့်ဆင့် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုကာလအထိ ပြုပြင်မှုများကို စတင်ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ငလျင်ဖြစ်ပွားပြီးသည့်အချိန်မှစ၍ UNESCO ၏ အကြံပြုချက်နှင့်အညီ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း၊ အရေးပေါ် ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း၊ ထပ်မံပျက်စီးခြင်း မဖြစ်အောင်နှင့် တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ခြင်း၊ ကြံ့ခိုင်မှု ဆောင်ရွက်ခြင်းများသာ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ၍အဆင့် လိုက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် ၂၀၁၅ ခုနှစ် ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ပုဂံရှေးဟောင်းစေတီများ ပြုပြင်လိုပါက နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြိုတင်ခွင့်ခွင့်ပြုချက် တင်ပြပြီး ခွင့်ပြုမှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိဦးစီးဌာနပင်လျှင် တတိယဦးစားပေး ၃၀၀ ဆူအနက်မှ အသေးစား ထိခိုက်ပျက်စီးသော ဘုရား ၂၂၄ ဆူ ပြုပြင်ရန်အတွက် ၀န်ကြီးဌာနသို့ “ကြိုတင်ခွင့်ပြုချက်” တင်ပြလျှောက်ထားဆဲ ဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရကြောင်းနှင့် ထီးလိုမင်းလိုဘုရား၏ အထွတ်စေတီ အစိတ်အပိုင်းအချို့နှင့် စေတီအရံအချို့ ထိခိုက်ပျက်စီးခဲ့ခြင်းအား ဂေါပကအဖွဲ့က အဆိုပါ ပရဟိတအသင်းကို ပြုပြင်ရန်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

ယင်းသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တရားဝင်ထုတ်ပြန်သော ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။                 

Writer: 

ကျော်ဇင်ဝင်း

No comments: