မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, January 18, 2014
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တာဝန်ရှိသူများအား ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်းဆိုင်ရာများ ရှင်းလင်း ပြောကြား၊ ရောက်ရာ အရပ်တွင် သန်းခေါင်စာရင်းဆိုင်ရာ သိကောင်းစရာများအား လက်ဆင့်ကမ်း ရှင်းလင်း ချပြ
နေပြည်တော် ဇန်နဝါရီ ၁၈
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်
တိကျ မှန်ကန်သည့် လူဦးရေ ကိန်းဂဏန်း အချက်အလက်များ အပေါ် အခြေခံ ဆောင်ရွက်ရပါကြောင်း၊ တိကျ မှန်ကန်သော လူဦးရေ ကိန်းဂဏန်း အချက်အလက်များ ရရှိရေးမှာ သန်းခေါင်စာရင်း ကောက်ယူ ခြင်းမှသာ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းသည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဖြစ်မနေ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကို ၁ဝ နှစ်လျှင် တစ်ကြိမ် ကောက်ယူ ကြပါကြောင်း၊ မြန်မာ နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ကောက်ယူနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်လုံးကျွတ်အဆင့် ကောက်ယူ နိုင်ခြင်း မရှိပါကြောင်း၊ နှစ်ပေါင်း ၃ဝ ကြာ ယခုနှစ် မတ်လ ၃ဝ ရက်မှ ဧပြီလ ၁ဝ ရက်ထိ ၁၂ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ရေးဆောင်ရွက်လျက် ရှိပါကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂ဝ၁၄ ခုနှစ် မတ်လ ၂၉ ရက် ညသန်းခေါင်ယံ အချိန်ကို သတ်မှတ်ထားပြီး ယင်း ရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံအတွင်း တည်ရှိနေသူအားလုံး သန်းခေါင်စာရင်း မေးခွန်းများ မေးမြန်း ကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များက တစ်အိမ်တက်ဆင်း ဖြင့်အိမ်ထောင်စု တစ်စုလျှင် သန်းခေါင်စာရင်း မေးခွန်း (၄၁) ချက်ကို မေးမြန်း ကောက်ယူမည် ဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ကဲ့သို့ အဖွဲ့အစည်းဆိုင်ရာများအား မေးခွန်း (၁၁) ချက် မေးမြန်း ကောက်ယူမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အပေါ် ပြည်သူများက မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ဝိုင်းဝန်း ကူညီကြရန် တိုက်တွန်းပါကြောင်းဖြင့် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တာဝန်ရှိသူများအား ၂ဝ၁၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲတွင် ဗဟို သန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆက်လက်ပြောကြားရာတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) တိုင်း၊ တပ်မဌာနချုပ်၊ တပ်ရင်း တပ်ဖွဲ့၊ တပ်စခန်း၊ လေ့ကျင့်ရေးကျောင်း စသည့် အဖွဲ့အစည်း အဝန်း အဝိုင်းများအား သီးခြား ကောက်ကွက်ခွဲ၍ ကောက်ယူမည် ဖြစ်ပါကြောင်း၊ အဆိုပါ အဝန်းအဝိုင်းတွင် နေထိုင်သူ တပ်မတော်သားများ၊ မိသားစုဝင်များအား သက်ဆိုင်ရာ တပ်များမှ စာရင်းစစ်၊ စာရင်း ကောက်များ ရွေးချယ်ခန့်ထား တာဝန်ယူ ကောက်ယူပေးရမည် ဖြစ်ပါကြောင်း၊ ယင်းစာရင်းစစ်၊ စာရင်း ကောက်များအဖြစ် ရွေးချယ် ပေးပို့ထားသူများအား သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ပါကြောင်း၊ တပ်အဝန်းအဝိုင်းတွင် အိမ်ထောင်စု ပုံစံဖြင့် နေထိုင်သူများအား မေးခွန်း (၄) ချက် မေးမြန်း ကောက်ယူမည်ဖြစ်ပြီး အဖွဲ့အစည်း ပုံစံဖြင့် လူပျို၊ အပျိုလိုင်းများတွင် နေထိုင်သူများအား မေးခွန်း (၁၁) ချက် မေးမြန်းကောက်ယူမည် ဖြစ်ပါကြောင်း၊ မိသားစုဖြင့် တပ်ပြင် နေထိုင်သူများအား ပြင်ပ စာရင်းစစ်၊ စာရင်းကောက်များ၏ ကောက်ကွက်တွင် ပါဝင်ပြီးဖြစ်၍ ယင်း စာရင်းစစ်၊ စာရင်းကောက်များကသာ ကောက်ယူမည် ဖြစ်ပါကြောင်း၊ မိခင်တပ်ရင်း/ တပ်ဖွဲ့မှ ခွဲထွက်၍ အခြားနယ်မြေတွင် စစ်ဆင်ရေး၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများအား ပင်မဌာနချုပ်နှင့် ၎င်းတို့ ရောက်ရှိရာ အရပ်ဒေသ၌ ကောက်ယူမည် ဖြစ်ပါကြောင်း၊ သင်တန်းတက် စစ်သည်များ အနေဖြင့် သက်ဆိုင်ရာ သင်တန်းကျောင်းတွင်သာ ကောက်ယူမည်ဖြစ်ပြီး လက်လှမ်းမမီနိုင်သည့် ရှေ့တန်း စစ်မျက်နှာ များတွင် ရောက်ရှိနေသူများအား သက်ဆိုင်ရာ မိခင်တပ်ရင်း/ တပ်ဖွဲ့များတွင်သာ ကောက်ယူမည် ဖြစ်ကြောင်းကို ရှင်းလင်း ပြောကြားလိုပါကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာ တပ်ရင်း/ တပ်ဖွဲ့ အလိုက် ကောက်ယူရန် စာရင်းစစ်၊ စာရင်းကောက်များ အမည်စာရင်း အတည်ပြု ရွေးချယ် ပေးပို့ရန်နှင့် သင်တန်း ဖွင့်လှစ်သည့်အခါ အချိန်မီ တက်ရောက်နိုင်ရန် စိစစ်ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိများ အနေဖြင့် သန်းခေါင်စာရင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ရောက်ရာအရပ်ဒေသ၌ တပ်မတော်သားများအပြင် ပြည်သူများကိုပါ လက်ဆင့်ကမ်း ချပြ ရှင်းလင်း ပေးစေလိုပါကြောင်း၊ သို့မှသာ လုပ်ငန်းစဉ်များအပေါ် အားလုံးက သိရှိနားလည်ကြပြီး သန်းခေါင်စာရင်း မေးခွန်းများအား မှန်မှန်ကန်ကန် ပြောကြားခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် နိုင်ကြမည် ဖြစ်ပါကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်နှင့်အညီ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအား အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူကာ အားလုံး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော တပ်မတော် အရာရှိကြီးများက သန်းခေါင်စာရင်းဆိုင်ရာ သိရှိလို သည်များ၊ မရှင်းလင်းသည့် အချက်များကို မေးမြန်း ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြန်လည် ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စု ဝန်ကြီးသည် တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မ ဌာနချုပ် အသီးသီးမှ တပ်မတော် အရာရှိများ စုစုပေါင်းအင်အား ၃ဝဝ ကျော် တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm/allnews/localnews/item/34827-2014-01-18-10-58-17
Subscribe to:
Post Comments (Atom)
No comments:
Post a Comment