Saturday, January 25, 2014

တပ်အင်အားပြုန်းတီးမှုနှင့် ယနေ့ မြန်မာ့တပ်မတော်၏ အနာဂတ် အပိုင်း(၂) မိုးဇေညိမ်း လုပ်ပိုင်ခွင့်ရ၊ နေရာရကြတဲ့ အရာရှိတွေတောင် တပ်မှာ မနေချင်တော့တဲ့အခါ ထွက်ပြေးကြတာမို့ အခြားအဆင့်တွေ ဆိုရင်တော့ ပြောဖွယ်ရာမရှိတော့ပါဘူး။ ပြုစုထားတဲ့ တချို့ စာရင်းတွေအရဆိုရင် ၂၀၀၅ ခုနှစ် အတွင်းက တပ်ပြေး (၁၃၀၅၀) ဦး၊ ၂၀၀၆ ခုနှစ်၊ မေလနဲ့သြဂုတ်လ နှစ်လအတွင်းမှာ တပ်ပြေး (၉၄၉၇) ဦး၊ ၂၀၀၈ ခုနှစ် ဒုတိယလေးလပတ် အတွင်းမှာ တပ်ပြေး (၅၀၀၀) ကျော်ရှိခဲ့ပါတယ်။ အထောက်ထားမှတ်တမ်းလုပ်လို့ ရသလောက် ကိန်းဂဏန်းအပြင် စုဆောင်းမရနိုင်တဲ့ အချက်လက်တွေရှိနိုင်တာမို့ စစ်တပ်ရဲ့ ပြုန်းတီးအင်အားဟာ အခုဖေါ်ပြထားတဲ့ ကိန်းဂဏန်းထက် များနေဖို့သာ ရှိပါတယ်။ သည်ကိန်းဂဏန်းတွေကို ကြည့်တာနဲ့ တပ်တွင်းမှာ အောက်ခြေမကျေနပ်ချက် ပြဿနာတွေ များလှမယ်ဆိုတာကတော့ အင်မတန်စိတ်ဝင်တစား လေ့လာဖို့ ကောင်းတဲ့ကိစ္စတခုပါ။ တစ်နှစ်တစ်နှစ်မှာ ထောင်နဲ့ချီပြီး တပ်ပြေးတွေများနေပေမဲ့ တပ်သားသစ်တွေက ထင်သလောက်စုဆောင်းလို့မရတာမို့ ဖွဲ့စည်းပုံအင်အားပြည့်တဲ့ တပ်ရင်း/တပ်ဖွဲ့ဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့်မို့ တပ်နေပျော်ရေးဆိုတာ တပ်မှူးတိုင်းအတွက် အထူးအစီစဉ်နဲ့ မဖြစ်မနေဦးထိပ်တင်ထားရတဲ့ ခေါင်းပူယုံတင်မက နေရာထိုင်ခင်းပါပူလောက်၊ ထိုင်ခုံပျောက်လောက်တဲ့ကိစ္စတခု ဖြစ်နေတာပါ။ တပ်ရင်းတိုင်း တပ်ဖွဲ့တိုင်းက အထက်ကိုတင်ပြရတဲ့ မြောက်များလှစွာသောအစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ မိမိတို့တပ်မှာ တပ်နေပျော်ရေးကို ဘယ်လိုစီစဉ်ထားကြောင်းကို တခမ်းတနားတင်ပြနိုင်ဖို့က တပ်မှူးတိုင်းရဲ့ တို့အရေးတစ်ပါးပါပဲ။ မိမိတပ်မှာ တပ်ပြုန်းတီးအင်အား (တပ်ပြေး) အရေအတွက်များလာပြီဆိုရင် တပ်မှူးတွေအဖို့ နေမထိထိုင်မသာဖြစ်လာရတဲ့ သေရေးရှင်ရေး ကိစ္စတခုဖြစ်လာရပါတယ်။ မဆလခေတ်မှာ မြန်မာ့အသံအပါအ၀င် ၀ါဒဖြန့်ချီရေးတွေနဲ့ ၀ါဒဖြန့်ခဲ့တာတွေကြောင့် လူငယ်လူရွယ်တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့၊ ယောက်ျားဆန်ကြောင်းပြဖို့ စသဖြင့်အကြောင်းကြောင်းတွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ တပ်မတော်အတွင်းသို့ ၀င်ရောက်အမှုထမ်းသူတွေရှိခဲ့ပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း မှာတော့ ယုံကြည်ချက်အရ ၀င်ရောက်စစ်မှုထမ်းသူတွေ တော်တော်ရှားလာပါတယ်။ တနည်းဆိုရရင် လူထုကို ဖိနှိပ်မှုမှာအသုံးချခံခဲ့ရတဲ့အတွက် တပ်မတော်အပေါ် လူထုရဲ့ကြည်ညိုမှု၊ ယုံကြည်မှုလျော့သွားတာလို့လဲ ပြောလို့ရပါလိမ့်မယ်။ ခုနောက်ပိုင်းစစ်တပ်ထဲဝင်တယ်ဆိုတာမှာလည်း ယုံကြည်ချက်တွေ၊ ခံယူချက်တွေကြောင့် ၀င်လာတဲ့သူက အရေအတွက်နည်းပြီး အဆွယ်ကောင်းလို့၊ အတင်းစည်းရုံးခံရလို့၊ ဘာလုပ်ရမှန်းမသိလို့၊ အနေအစားချောင်မယ် ထင်လို့၊ အရပ်ထဲမှာနေမဖြစ်မယ့်ပြဿနာ ပြစ်မှုတစ်ခုခုရှိလို့စသဖြင့် အကြောင်းရင်းတွေနဲ့ ၀င်လာကြတာများပါတယ်။ စစ်တပ်ထဲ ရောက်လို့ ထင်သလိုမဖြစ်၊ အနေအစားမချောင်တဲ့အပြင် တပ်စိပ်မှူး၊ တပ်စုမှူးအစရှိတဲ့ အထက်က လူတွေရဲ့ အဆူအဆဲနဲ့ ကိုယ်ထိလက်ရောက် ထိုးတြိတ်တာတွေ၊ တရားလက်လွတ် အနိုင်ကျင့်ခံရတာတွေနဲ့ ကြုံရ၊ စစ်ဆင်ရေးတွေမှာ ငတ်ငတ်ပြတ်ပြတ် ပင်ပန်းတာတွေကြုံရ၊ စစ်ဆင်ရေးမရှိလည်း လယ်စိုက်ရ၊ မွေးမြူရေးလုပ်ရ၊ ဖက်ထိပ်လုပ်ရ၊ ရတဲ့လစာနဲ့သုံးတာနဲ့ မလောက်ငှတော့ ကြွေးတွေတင်၊ ကြာတော့ စိတ်ညစ်ပြီး တပ်ပြေးတွေ ဖြစ်ကုန်ကြပါတယ်။ အဓိကပြဿနာကတော့ အဆမတန်တိုးချဲ့လိုက်တဲ့ တပ်အင်အားကို အဆင့်တန်းမှီအောင် ကျွေးမွေးဖို့၊ လူလိုသူလိုနေရဖို့ ထောက်ပံ့နိုင်တဲ့ဖူလုံရေးအစီအစဉ် ညံ့ဖျင်းလွန်းမှုပါ။ တပ်ရိက္ခာတွေကလဲ မဆလခေတ်နဲ့ နှိုင်းယှဉ်လို့မရအောင် နည်းပါးလာတဲ့အပြင်၊ တပ်မတော်ကအစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ရဲဘော်ရဲဘက်စိတ်က တပ်မှူး၊ တပ်ရင်းမှူးတွေမှာ မရှိတော့တာက အောက်ခြေအခြားအဆင့်တွေ တပ်တွင်းမှာ နေလို့မဖြစ်အောင် အနေအစားကြပ်လာရတဲ့ ပြဿနာပါ။ အတုမြင်အတတ်သင်ဆိုသလို အဆင့်ဆင့် ကိုယ့်အိတ်ထဲပဲ ထည့်၊ ကိုယ်ကျိုးပဲရှာတတ်လာတဲ့ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုကလည်း ရှိလာပါတယ်။ တပ်မှူးး၊တပ်ရင်းမှူးတွေဖက်က ကြည့်ရင်လည်း ချောင်လှတာတော့မဟုတ်ပါ။ အစဉ်အဆက်က တပ်မှူးတွေကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် စီမံခွင့်ရခဲ့တဲ့ တပ်ရင်းရန်ပုံငွေလိုကိစ္စမျိုး၊ လုပ်ပိုင်ခွင့်မျိုးတွေကို အထက်က ထိပ်တန်းအရာရှိတွေက စုပုံယူထားပြီး တပ်တွင်းပြဿနာတွေကိုတော့ ကိုယ်ဘာသာရှင်းနေရတာမို့ တပ်ကိုစေတနာထား၊ ကိုယ်ကျင့်တရားအတော်သင့် ကောင်းမွန်တဲ့ တပ်မှူးတွေဆိုရင်လည်း အတော်လေးခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်ရပါတယ်။ တပ်ဆောင်ပုဒ်အတိုင်း ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အထက်အမိန့်အရ မဖြစ်စလောက်တပ်ရန်ပုံငွေကိုသုံးပြီး တပ်နေပျော်ရေးကို ကိုယ်ထူကိုယ်ထ မဖြစ်နိုင်တာတွေလုပ်နေရတာပါ။ နောက်ဆုံးတော့ အရင်လူတွေလုပ်ခဲ့သလိုပဲ မိုးခါးရေကို ခါတော်မှီသောက်၊ ရနိုင်တဲ့နည်းနဲ့ငွေရှာတဲ့လမ်းကို လိုက်ရတော့တာနဲ့ပဲ အဆုံးသတ်ရပါတော့တယ်။ တပ်မှူးတော်တော်များများကလဲ တပ်ထဲဝင်တာ တပ်အတွက်ငွေရှာနေရတာမို့ ကုမ္ပဏီမန်နေဂျာနဲ့ပိုတူနေတာကို စိတ်ပျက်ကြပါတယ်။ တရားမ၀င်တဲ့ နည်းလမ်းနဲ့တပ်အတွက်ငွေရှာရင်း ကိုယ့်အတွက်ပါအပိုရှာ တတ်လာတာကတော့ မဆန်းလှပါဖူး။ နောက်ဆက်တွဲအနေနဲ့ကတော့ ငွေရနိုင်တဲ့လုပ်ငန်းတွေကို တပ်တွင်းမှာတင်မက တပ်ရင်းအခြေစိုက်တဲ့ ပတ်ဝန်းကျင်လူထုဆီကပါ မဖြစ်မနေရှာလာရတဲ့အတွက် လူထုကို နှိပ်စက်တဲ့တပ်ဖြစ်လာရ၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျ အကြည်ညိုပျက်ရတဲ့ အခြေအနေ ရောက်လာပါတော့တယ်။ သည်လိုနဲ့အကျိုးဆက်က တပ်သားသစ်စုဆောင်းရေးမှာ ခက်ခဲလာပြီး မုန့်လုံးစက္ကူကပ်တဲ့ တပ်အင်အားပြုန်းနီးမှုဇာတ် တပတ်ပြန်လည်လာတာပါ။ တပ်အင်အား ပြုန်းတီးမူကိုလေ့လာရင် မြင်သာထင်သာရှိတဲ့ကိစ္စက တပ်ပြေးများတဲ့တပ်အမျိုးအစားတွေပါ။ တိုက်ရ ခိုက်ရနဲ့ ပင်ပန်းကြမ်းတမ်းတဲ့ ခြေလျင်/ခြေမြန်တပ်က ပြေးတဲ့သူတွေများပြီး အနေအစားချောင်ပြီး အောက်ဆိုက် ၀င်ငွေကောင်းတဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်လိုမျိုးကတော့ တပ်ပြေးနည်းပါတယ်။ အနေ အစား ချောင်တဲ့တပ်ဆိုပေမဲ့လည်း ပြေးတဲ့သူတွေ အနည်းနဲ့အများတော့ရှိပါတယ်။ တမြန်နှစ်က တပ်မတော်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးရဲ့ လေးလပတ်အစည်းအဝေးမှာ ဆိုရင် ထပရ(၁၂၁) က တပ်ပြေး (၆၂) ယောက်၊ ထပရ (၄၂၄) က တပ်ပြေး (၃၃) ယောက်၊ ထပရ (၆၂၆) က တပ်ပြေး (၃၄) ယောက်၊ ထပရ (၇၂၇) က တပ်ပြေး (၄၁) ယောက်၊ ထပရ (၉၃၅) က တပ်ပြေး (၄၀)၊ ထပရ (၉၂၉) က တပ်ပြေး (၂၂) ယောက်၊ ထပရ (၉၃၂) က တပ်ပြေး (၁၂) ယောက် စတဲ့ စံချိန်တင်လောက်တဲ့ တပ်ပြေးစာရင်းတွေတက်လာလို့ တပ်မှူးတွေအကုန်လုံး စံချိန်တင်လောက်အောင် အဆဲခံလိုက်ရတယ်လို့ဆိုပါတယ်။ တပ်ရင်းတွေမှာ စစ်သားတွေ ထွက်ပြေးကြမှာစိုးလို့ အကြောင်းမရှိပဲ အပြင်ထွက်ခွင့်မပြုဖို့ တပ်ရင်းဂိတ်တွေမှာ စည်းကမ်းထုတ်ထားရပါတယ်။ ဒါတင်မက နေပြည်တော်စစ်ရုံး၊ တပ်ရင်းတစ်ခုမှာဆိုရင် တပ်ရင်း မိသားစုတွေအတွက် တစ်ပတ်နှစ်ကြိမ် ဈေးလိုက်ပို့ပေးတဲ့ ဈေးကားကို တပ်ရင်းမှူးကိုယ်တိုင်ပဲဖြစ်ဖြစ်၊ တပ်ရင်းမှူး မအားရင် အနည်းဆုံးတပ်ခွဲမှူးတွေ လိုက်လိုက်လာပြီး ရဲဘော်တွေနဲ့အတူ ဈေးကားလိုက်လေ့ရှိပါတယ်။ “သြော်၊ ဒီအရာရှိတွေက ရဲဘော်တွေကိုအတော်ဂရုစိုက်သားပဲ” လို့ အပြင်ဗန်းယူဆရပေမယ့် တကယ့်အကြောင်းရင်းက ဈေးကားနဲ့ဈေးလိုက်ဝယ်တဲ့ ရဲဘော်သုံးယောက်ပြေးတာက စပါတယ်။ နောက်ထပ်ပြေးရင် ယာယီတပ်ရင်းမှူး/ ဗိုလ်မှူးကနေ ဒုဗိုလ်မှူးကြီးဖြစ်ဖို့ ဆားဗစ်ထိမယ်လို့ အထက်ကကြိမ်းတာမို့ ဈေးကားလိုက်စောင့်ရတဲ့ တပ်မှူးတဦးဖြစ်လာတာပါ။ တပ်ပြင်ပမှာ လုံခြုံရေးဆောင်ရွက်ဖို့ စေလွှတ်ရင်း ထွက်ပြေးသွားတတ်တာမို့ အဲဒီ့တပ်မှူးဟာ သူ့တပ်က အပြင်လုံခြုံရေးယူရရင်တောင် ထွက်မပြေးဘူးယုံရလောက်တဲ့သူတွေ၊ သူ့ရဲ့အတွင်းလူတွေကိုသာ ရွေးချလွန်းလို့ သူ့နားကလူတွေလဲ အတော်ညည်းကြရပါတယ်။ အခြားအဆင့်တွေပဲ ပြေးတာမဟုတ်ပါဘူး။ ခမရ (၃၅၃) က ကြည်း-၅၆၀၈၆ ဗိုလ်မျိုးမင်းသိန်း၊ ကြည်း-၄၂၀၅၃ ဗိုလ်ကြီးချမ်းမြေ့အောင် တို့လို လုံခြုံရေးသွားယူရင်း၊ တပ်ပြင်ခဏထွက်သွားရင်း ထွက်ပြေးသွားတဲ့ အရာရှိတွေလည်း ရှိပါတယ်။ အဲဒါက တပ်ပြေးကိစ္စမှာ တပ်မှူးတွေရဲ့မသေးလှတဲ့ ပြသနာကို ပြောချင်တာပါ။ တပ်ပြေးကိစ္စနဲ့ပက်သက်လို့နေပြည်တော်မှာရှိတဲ့ ထူးခြားတဲ့ပြသနာတခုကတော့ တပ်ရင်းတစ်ခုကနေ စစ်သား (၂) ယောက် ထွတ်ပြေးပြီး တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီးဆီက ငွေပြန်ညှစ်တဲ့ဇာတ်လမ်းပါ။ ဖြစ်ခဲ့တာကတော့ ထောက်/ပို့လက်အောက်ခံတပ်တစ်ခုပါပဲ။ တပ်သားနှစ်ယောက်က ထွက်ပြေးပြီးမှ ပိုက်ဆံမရှိတော့လို့ တပ်ရင်းမှူးဆီ ဖုန်းဆက်ပြီး “ပိုက်ဆံ(၃) သိန်းလွှဲပေး၊ မပေးရင် ဗိုလ်မှူးတို့ ပိုက်ဆံတွေ ဘယ်လိုဘုံး နေလဲဆိုတာ နိုင်ငံခြား ရေဒီယိုတွေဆီ ဖုန်းဆက် ပြောပစ်လိုက်မယ်” လို့ခြိမ်းခြောက်လို့ ရဲတွေကို ပိုက်ဆံပေးပြီး တပ်ရင်းမှူးကိုယ်တိုင် ထောင်ချောက်ဆင် လိုက်ဖမ်းခိုင်းရတဲ့ အဖြစ်မျိုးရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ပြေးတဲ့သူတွေက တပ်တွင်းမှာရှိစဉ်က တပ်ရင်းမှူးရဲ့တိုးတိုးတိတ်တိတ်ငွေရှာကွက်တွေမှာ ခိုင်းဖူးတဲ့အနီးကပ်တပည့်တွေဖြစ်နေခဲ့တာကြောင့် အခုလို ဖြစ်ရတာလို့ အတွင်းစကားတွေကဆိုပါတယ်။ တပ်ရင်းအားလုံးရဲ့ထုံးစံအရတော့ တပ်က ထွက်ပြေးတဲ့ တပ်ပြေးတွေကို ဖမ်းမိလို့ စစ်ခုံရုံးတင်တဲ့အခါမှာ တပ်ကအရာရှိတွေရဲ့ ပေါ့လျော့မှု၊ တပ်တွင်းဆင်းရဲကျပ်တည်းမှုကြောင့် ပြေးရတာမဟုတ်ကြောင်း စစ်ခုံရုံးအစီရင်ခံစာမှာ ထည့်ရေးရပါတယ်။ ဒါမှ အရာရှိတွေကအင်မတန်တော်လျှက်နဲ့၊ တပ်ရင်းမှာလည်း အင်မတန် ပြည့်စုံအောင် တပ်နေပျော်ရေးအစီစဉ်တွေ စီစဉ်ပေးပါလျှက်နဲ့ တပ်ပြေးတွေက စိတ်ဓာတ်ပျော့ညံ့လို့ ပြေးရတာပါလို့ လူကြီးတွေ ဖတ်လို့ကောင်းအောင်၊ ကျန်တဲ့အရာရှိတွေဆီကို အပြစ်ပုံမကျအောင် ရေးရပါတယ်။ တပ်ပြေးနဲ့ပတ်သက်တဲ့ တပ်တွင်းစစ်တရားရုံးအစီရင်ခံစာကို ဖေါ်မြူလာအရ ပြန်ရေးရရင်- (အမှတ်(-)ခြေမြန်တပ်ရင်းမှ ပြန်တမ်းဝင်အမှတ်၊ ကြည်း—ဗိုလ်ကြီး (တပ်ရေးဗိုလ်ကြီး/ တပ်ခွဲမှူးပေါ့) အား မှန်ကန်စွာထွက်ဆိုရန် သတိပေးပြီးနောက် ထွက်ဆိုသည်မှာ- ၎င်းစစ်သည်သည် (-)ရက်နေ့(-)နာရီ အချိန်ခန့်မှစ၍ အထက်အရာရှိတစ်ဦးဦး၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ မိမိသဘော ဆန္ဒအလျောက် ခွင့်မဲ့ပျက်ကွက်ခဲ့ရာ (၂၁)ရက်ကျော်လွန်သည် အထိ ပြန်လည် အဖမ်းခံခြင်း၊ ဖမ်းဆီးရမိခြင်း မရှိသဖြင့် (-) ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးခုံရုံး ထိုင်၍ တပ်ပြေးကြေညာခဲ့ပါသည်။ ကျွန်တော်တို့တပ်တွင် တပ်နေပျော်စေရေးစီမံချက်ပါအတိုင်း ဘောလုံးကွင်း၊ ကြက်တောင်ရိုက်ကွင်းများ၊ ဘိလိယက်ခုံများ၊ ဘော်လီဘောကစားကွင်းများ၊ ပိုက်ကျော်ခြင်းကွင်း၊ တပ်ရင်း သက်သာဆိုင်များ စီစဉ်ဆောင်ရွက်ပေးထားပြီး၊ လူပျိုစစ်သည်စားရိပ်သာတွင် စားသောက်ရေး အဆင်ပြေစေရန်အတွက် စားရိပ်သာကြီးကြပ်မှု ကော်မတီဖွဲ့စည်း၍ တစ်လလျှင်တစ်ကြိမ် အထူးနေ့လည်စာစားပွဲများ စီစဉ်ဆောင်ရွက် ပေးထားပါသည်။ ထိုသို့ စီစဉ်ဆောင်ရွက် ပေးထားသော်လည်း တပ်သား ———– သည် စည်းကမ်းနှင့် စနစ်တကျထားရှိမှုအပေါ် လိုက်နာနိုင်ခြင်းမရှိဘဲ စိတ်ဓါတ်ပျော့ညံ့ပြီး စစ်သားစိတ်လျော့ပါးကာ တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်းတို့ကြောင့် ခွင့်မဲ့ပျက်ကွက်ရခြင်းဖြစ်ပါသည်။”) လို့ အရာရှိတွေမှာ အပြစ်မရှိကြောင်း ပေါ်လွင်အောင် ရေးရပါတယ်။ တပ်ပြေးအများစုကတော့ လက်နက်မဲ့နဲ့ပြေးကြပေမဲ့ ရှေ့တန်းကနေ ပြေးကြရင်တော့ လက်နက်ပါယူပြီး ပြေးကြတာ များပါတယ်။ လက်နက်ပါယူပြေးရတဲ့အကြောင်းရင်းကတော့ လိုက်ဖမ်းတဲ့သူတွေ နောက်ကလိုက်လာရင် ပြန်အဖမ်း မခံရအောင် ကာကွယ်နိုင်ဖို့နဲ့ တပ်ကနေထွက်ပြေးပြီး နီးစပ်ရာရန်သူတွေဆီ ၀င်ရောက်ခိုလှုံတဲ့အခါ လက်နက်ပါ ပါ လာတော့ မျက်နှာပန်းလှတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ စစ်သားတစ်ယောက် လက်နက်ပါယူပြီး ရန်သူဆီ ခိုလှုံ သွားတယ်ဆိုရင် အဲ့ဒီတပ်က အရာရှိတွေလည်း မချောင်ပါဘူး။ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်နဲ့ ဆားဗစ်ထိနိုင်၊ စစ်တရား ရုံးရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ရှေ့တန်းမှာ ထွက်ပြေးတဲ့ တပ်ပြေးတွေကို လိုက်ဖမ်းရင် အသေရရ၊ အရှင်ရရ လက်နက်ပြန်ရရင်ပြီးရောဆိုပြီး ဒလန်မန်းကြမ်းလိုက်ဖမ်းကြတာမို့ ကိုယ့်တပ်ကလူတွေရဲ့ လက်ချက်နဲ့ပဲ အသက်ပျောက်ခဲ့ရတဲ့ စစ်သည်တွေ မနည်းလှပါဘူး။ တလောကတုန်း ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်း(မြောက်) တိုက်ပွဲတွေမှာလည်း တပ်ကထွက်ပြေးတဲ့ စစ်သည်တွေ အသတ်ခံရတဲ့ သတင်းတချို့ထွက်လာခဲ့ပါတယ်။ အဲသည်လို ကိုယ့်တပ်က လက်ချက်နဲ့ပဲ အသက်ပေးလိုက်ရတဲ့တပ်ပြေးဖြစ်စဉ်တွေအကြောင်းပြောရရင် ၂၀၀၄ ခုနှစ် တုန်းက ကရင်ပြည်နယ်စစ်ဆင်ရေးတစ်ခုမှာ တပ်ကနေထွက်ပြေးရင် နောက်ကလိုက်ဖမ်းသူတွေရဲ့ လက်ချက်နဲ့ သေကြေခဲ့ရတဲ့ တပ်ပြေးဖြစ်စဉ်တချို့ရှိခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှာ မာနယ်ပလော၊ မဲသဝေါ၊ မဲလနယ်မြေ၊ ပွိုင့်-၁၂၄၈ စစ်ဆင်ရေးခြေကုပ်စခန်းမှာ အခြေပြုထားတဲ့ ခမရ (၃၃၈)မှ ဗိုလ်ထင်ဇော်ဦးစီးတဲ့ ခွဲရုံး (၂) စု ကနေ စစ်သည် (၃) ယောက်ဟာ လက်နက်တွေယူပြီး ထွက်ပြေးသွားကြပါတယ်။ အဲဒီစစ်သည်တွေကတော့ (၁) ကိုယ်ပိုင်အမှတ်၊ ၄၉၃၉၄၈ တပ်ကြပ်ကြီး ခင်စိုး၊ အမ်-၇၉ (၁) လက်၊ သေနတ်နံပတ် (၁၁၅၈၃၆)၊ ၄ဝမမဗုံးသီး (၁၅)လုံး ဘီအေ(၉၁)လက်ပစ်ဗုံး (၁)လုံး။ (၂) ကိုယ်ပိုင်အမှတ်၊ ၉၇ဝ၈၅၇၊ တပ်ကြပ် ဦးတင်ချေ၊ အမ်ဂျီ-၃ စက်လက်(၁)လက်၊ သေနတ်နံပတ် (၄၁၂၄၈)၊ ကျည်ခါးပတ် (၅)ခု၊ ၇.၆၂ကျည် (၂၅ဝ)တောင့်၊ ဘီအေ (၉၁)လက်ပစ်ဗုံး (၁)လုံး။ (၃) ကိုယ်ပိုင်အမှတ်၊ တ-၂၅၈၆၈ဝ၊ တပ်သား ခင်မောင်လှိုင် အမ်အေ- ၁၁(၁)လက်၊ သေနတ်နံပတ်(အေ-၁ဝဝ ၃၃၅၁ ) ကျည်အိမ်(၂)ခု၊ ၅.၅၆ကျည် (၁ဝ၅)တောင့်၊ ဘီအေ(၉၁) လက်ပစ်ဗုံး(၁)လုံး တို့ပဲဖြစ်ပါတယ်။ အဲဒီ့စစ်သည်တွေကို လိုက်လံဖမ်းဆီးပေမဲ့ မမိခဲ့ပါဘူး။ ဒီတော့ ကိုယ့်လူကိုယ်နိုင်အောင်ထိန်းကြ၊ မထိန်းနိုင်လို့ လက်နက်နဲ့ တပ်ပြေးမှု (လက်နက်ဖြင့်ခွင့်မဲ့ပျက်ကွက်ပေါ့) ဖြစ်ရင် ဖြစ်တဲ့တပ်ကအရာရှိတွေနာမယ်လို့ တပ်မမှူး၊ ဗျူဟာမှူးတွေက ကြိမ်းမောင်း ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်တစ်နေ့မှာပဲ ရတခဒေသအတွင်းမှာပဲ လက်နက်နဲ့တပ်ပြေးမှု ထပ်ဖြစ်ခဲ့ပါတယ်။ ရတခ ကွပ်ကဲမှုအောက်မှ စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်းတပ်မ (၇၇) လက်အောက်ခံ၊ ခမရ(၁၀၆) မှ စစ်ကြောင်း (၂) ဟာ ကော့ကော်၊ မဲပလဲ၊ ထီးချရားဒေသ (မပည အင်န်-၇၇၃၄၄၁ အနီး) မှာ အခြေပြုထားတုန်း ၂၀၀၄ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှာ တပ်ခွဲ (၂)က စစ်သည်နှစ်ဦး လက်နက်တွေယူဆောင်ပြီး တပ်က ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေး သွားတဲ့ စစ်သည်တွေက ကိုယ်ပိုင်အမှတ်၊ တ/၂၃၇ဝ၆၇ တပ်သား အောင်ဆန်းဦး၊ အမ်အေ-၁ (၁)လက်(အက်ဖ်-ဝ၂၅၄၈၂)၊ ကျည်အိမ် (၃)ခု၊ ၅.၅၆ကျည်(၁၅ဝ) တောင့်နှင့် ကိုယ်ပိုင်အမှတ်၊ တ-၂၈၁၆၈၂ တပ်သား ဖြိုးမောင်မောင်၊ အမ်အေ-၁(၁)လက် (အက်ဖ်-ဝ၂၅ ၈၁၃) ကျည်အိမ်(၃)ခု၊ ၅.၅၆ကျည်(၂ဝဝ)တောင့်တို့ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ခမရ (၁၀၆) စစ်ကြောင်း(၂) ရဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူးခင်မောင်သန်းဖြစ်ပြီး တပ်ခွဲမှူးကတော့ ဗိုလ်ကြီးလှမိုး (ဗသကအပတ်စဉ်-၈၇) ပါ။ အထက်က ကြိမ်းမောင်းထားပြီး နောက်နေ့ပြေးတာဆိုတော့ ဗျူဟာရုံးနဲ့ တပ်မကလည်း ဖိအားပေးလာတာကြောင့် နယ်မြေအတွင်း ကွက်ပြည့်နင်းပြီး တပ်ပြေးတွေကို တရကြမ်းလိုက်ရှာ ပါတော့တယ်။ ဧပြီလ (၉) ရက်နေ့မှာတော့ တောင်စွန်းရွာနားမှာ တပ်ပြေးစစ်သည် (၂) ယောက်ကို တွေ့ခဲ့ကြောင်း ရွာသားအချို့ဆီက သတင်းရတာမို့ ၀ိုင်းဝန်းပိတ်ဆို့ရှင်းလင်းပါတယ်။ တောင်စွန်းရွာအနောက်ဘက်က တောင် ကြောနားမှာ တပ်ပြေးစစ်သည်(၂)ဦးနဲ့ရင်ဆိုင်တွေ့ပြီး ပြန်လည်အဖမ်းခံဖို့ ငြင်းဆန်တာကြောင့် အသေပစ်ခတ်ဖမ်းဆီး ခဲ့ပါတယ်။ နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ ၂၀၀၄ ခုနှစ်၊နိုဝင်ဘာအတွင်းက ရတခနယ်မြေအတွင်းမှာ စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်းခမရ (၃၁၃) မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းက ခမရ (၃၁၃) ရဲ့ စစ်ကြောင်း (၁) မှူးက ဗိုလ်မှူးဇော်ထွန်းမြင့် (အလုပ်သင်-၁၈) ပါ။ အဲဒီနေ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ဖို့အတွက် ဗိုလ်ကြီးဝင်းကြိုင် (ဗသက-၉၃) ဦးစီးတဲ့ တပ်ခွဲက စစ်ကြောင်းအခြေပြုရာ နေရာကနေ ထွက်လာပါတယ်။ မပည ခန့်မှန်း အို- ၂၇၄ဝ၆၂ ကို နိုဝင်ဘာ (၂၅) ရက်နေ့ မနက် (၁၀) နာရီခွဲမှာ ရောက်ရှိပြီး အခြေပြုပါတယ်။ အဲဒီနေရာမှာ အခြေပြုထားတုန်း ကင်းတာဝန်ချထားတဲ့ ကိုယ်ပိုင်အမှတ်၊ တ-၂၉၁၅၇၄ တပ်သားနေလင်းဟာ အမ်အေ ၁ အမျိုးအစား (၁) လက်၊ ကျည်အိမ်(၄)ခု၊ ကျည် (၁၂ဝ) တောင့်နှင့်အတူ ထွက်ပြေးသွားခဲ့ပါတယ်။ ကင်းချထားတုန်း လစ်ပြေးသွားတာပါ။ လက်နက်ပါယူပြီးပြေးတာမို့ တပ်ရင်းတစ်ခုလုံးသုံးပြီး ကွက်ပြည့်နင်း ပြန်ရှာကြပါတယ်။ ဗိုလ်မှူးဇော်ထွန်းမြင့် ဦးစီးတဲ့ စစ်ကြောင်း (၁) ကတော့ တဲတစ်လုံးထဲက ထင်းပုံအောက်မှာ သေနတ် (၁) လက်ပြန်ရပါတယ်။ နိုဝင်ဘာလ (၂၈) ရက်နေ့မှာ ဗိုလ်မှူးကိုကိုနိုင် (ဗသက-၈၅) ဦးစီးတဲ့ စစ်ကြောင်း (၂) က ကျောက်ဆောင်တစ်ခုထဲမှာ ပုန်းနေတဲ့ တပ်ပြေးကို ရှာတွေ့သွားပြီး တပ်ပြေးတပ်သားနေလင်းကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဒါတွေက ကံမကောင်းရှာတဲ့ လက်နက်နဲ့ပြေးသူတွေထဲက တချို့အကြောင်းပါ။ ဆက်ရေးရရင် စာရင်းကသိပ်ရှည်လျားပါလိမ့်မယ်။ ကံမကောင်း သူတွေကများပေမယ့် ရှားပါးတဲ့ကံကောင်းခဲ့သူတချို့လည်း ရှိခဲ့ပါတယ်။ လက်နက်ဖြင့်ခွင့်မဲ့ပျက်ကွက်ဖြစ်စဉ်တွေက အများသောအားဖြင့် ရှေ့တန်းထွက်၊ စစ်ဆင်ရေးဝင်တဲ့အချိန်မှာ အများဆုံး ဖြစ်ကြပါတယ်။ နောက်တန်းကနေပြေးရင်တော့ လက်နက်ယူသွားခဲပါတယ်။ သေနတ်ကြီးတကားကားနဲ့ဆို လူကြားသူကြားထဲ ပြေးလို့မရဘူးမဟုတ်လား။ ဒီထဲကထူးခြားတဲ့ဖြစ်စဉ်တစ်ခုကတော့ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ခဲ့ဖူး ပါတယ်။ ၂၀၀၇ ခုနှစ်ရဲ့ သြဂုတ်လ၊ ပဲခူးမြို့အနီးတပ်တစ်ခုမှာ လက်နက်ပါယူပြီး အစုလိုက်အပြုံလိုက် တပ်ကထွက်ပြေးကြတဲ့ ဖြစ်စဉ်ပါ။ အဲဒီ့တုန်းက ရွှေဝါရောင်အရေးအခင်းအဦးအစမို့ သံဃာတွေ၊ ပြည်သူတွေဆန္ဒပြတဲ့ သတင်းတွေက လွှမ်းမိုးသွားလို့ထင်ပါရဲ့။ သတင်းဌာနတွေမှာ သတင်းတက်တာ မတွေ့ခဲ့ရပါဘူး။ ဒီကိစ္စဟာ တပ်တွင်းသမိုင်းမှာတော့ တော်တော်ကြီးမားခဲ့တဲ့ကိစ္စပါ။ ဒီသတင်း အပြင်ကို မပေါက်ကြားရအောင် ထိပ်တန်းလျှို့ဝှက် အဆင့်ထားပြီး မနည်းကို ဖုံးဖိယူခဲ့ရပါတယ်။ ပြေးတဲ့သူကပြေး၊ နောက်ကလိုက်တဲ့သူကလိုက်၊ အပြန်အလှန် ပစ်ကြခတ်ကြမို့ တပ်တွင်းပုန်ကန်မှုလို့တောင်ပြောလို့ရပါတယ်။ ဒီလောက်ကြီးမားတဲ့ကိစ္စဖြစ်လို့သည်ကိစ္စကိုတော့ အသေးစိတ်ပြန်ဖော်ပြပါမယ်။ တပ်ပြေးတွေရဲ့ မိခင်တပ်ရင်းက ဘောနက်ကြီးမှာ အခြေစိုက်တဲ့ အမှတ် (၂၀၂၀) လေကြောင်းရန် ကာကွယ်ရေးတပ် ဖြစ်ပါတယ်။ အဲ့ဒီတပ်ရဲ့ အရာရှိတွေနဲ့ အောက်ခြေအဆင့်စစ်သည်တွေအကြား မကျေလည်မှုတွေကတော်တော်ကြာကြာထဲက ဖြစ်နေခဲ့တာပါ။ အဲဒီပြဿနာတွေနဲ့ပတ်သတ်ပြီး အထက်ကိုလည်း တိုင်စာတွေတက်ပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို အထက်အုပ်ချုပ်သူတွေက ပေါ့ပေါ့ဆဆသဘောထားခဲ့ဟန်တူပါတယ်။ ထိထိရောက်ရောက် အရေးမယူတဲ့အပြင် အထက်ကိုတိုင်စာတက်တာကြောင့် အနီးကပ်နေရတဲ့အရာရှိတွေရဲ့ အညှိုးထားဖိနှိပ်မူကိုပိုခံလာရတော့ အခြားအဆင့် စစ်သည်တွေအနေနဲ့လည်း သည်းမခံနိုင်တော့တဲ့အဆင့်ကိုရောက်လာပြီး အုပ်စုလိုက် အထက်အမိန့်ကို ဖီဆန်၊ လက်နက်တိုက်ကို ဖွင့်၊ လက်နက်တွေယူပြီး ပုန်ကန်တဲ့အဆင့် ရောက်လာတော့တာပါ။ လက်နက်တွေ ယူဆောင်ပြီး တပ်ကနေ ထွက်ခွာသွားခဲ့တဲ့ဖြစ်စဉ် စဖြစ်ပွားခဲ့တာကတော့ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့၊ မနက် (၈း၃၀) မှာ ဖြစ်ပါတယ်။ တပ်က ထွက်ပြေးတဲ့ စစ်သည် စုစုပေါင်း (၁၂) ယောက်ဖြစ်ပြီး လက်နက် (၂၃) လက် ယူဆောင်သွားခဲ့ကြပါတယ်။ အဲဒီ့ ပုန်ကန်သူ စစ်သည် (၁၂) ယောက်ကတော့- (၁) တပ်ကြပ်ကြီးကျော်စွာဝင်း (၂) တပ်ကြပ်သန်းထိုက် (၃) တပ်ကြပ်အောင်ဆန်းထွန်း (၄) ဒုတပ်ကြပ်မျိုးထွန်းအောင် (၅) ဒုတပ်ကြပ်သန်းနိုင် (၆) တ/၂၇၄၅၂၆၊ ဒုတပ်ကြပ်သိန်းထိုက်ဦး (၇) တပ်သားဘိုဘို (၈) တပ်သားမျိုးလွင်ထွန်း (၉) တပ်သားဇော်မင်းထွန်း (၁၀) တပ်သားရှိန်ဝင်း (၁၁) တပ်သားနိုင်လင်း (၁၂) တသအောင်ကြိုင် တို့ဖြစ်ပါတယ်။ အထက်ဌာနတွေရဲ့ ညွှန်ကြားချက်အရ အဲဒီနေ့ မနက် (၁၀) နာရီလောက်မှာ လကတ (၂၀၂၀) ကို တပ်မ (၇၇) မှ တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းမြင့် (ယခု ဒုဗိုလ်ချုပ်ကြီး၊ စစ်ရာထူးခန့်ချုပ်၊ စတသ-၂၀) ဦးစီးတဲ့အဖွဲ့ ရောက်ရှိလာပြီး တပ်ပြေးတွေကို ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီးနိုင်ဖို့ စီစဉ်ကြပါတယ်။ တပ်မမှူးဦးစီးတဲ့အဖွဲ့ဟာ ဒေသခံအချို့ရဲ့ သတင်းပေး ချက်အရ တပ်ပြေးတွေဖြတ်သန်းသွားတဲ့ မိုင်တိုင် (၃၄) အနီးသွားရောက်ကြည့်ရှုပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမြင့်စိုး (စတသ-၃၁) ဦးစီးတဲ့ ခမရ (၇)၊ စစ်ကြောင်း (၁)၊ တပ်ခွဲ (၂) ခွဲ နဲ့ လေကြောင်းရန် ကာကွယ်ရေးဌာနချုပ်မှ စစ်ဦးစီး (ပ) ဒုဗိုလ်မှူးကြီးအောင်မျိုးထွန်း ဦးစီးတဲ့ တပ်ခွဲ (၁) ကို မိုင်တိုင် (၃၄) ပတ်ဝန်းကျင်နယ်မြေအတွင်း ရှင်းလင်းဖို့ တာဝန်ပေးခဲ့ပါတယ်။ ဗိုလ်မှူးကြည်ဝင်း ဦးစီးတဲ့ ခမရ (၇)၊ စစ်ကြောင်း (၂) နဲ့ တပ်ခွဲ (၂) ကတော့ ဘောနက်ကြီးကနေ ၀ဲ ကဒက်အထိ (၈) လမ်းသွားလမ်းမတလျှောက် ပိတ်ဆို့ရေးနဲ့ ဗိုလ်မှူးမျိုးဆက်အောင် ဦးစီးတဲ့ ခမရ (၁၀၇)၊ စစ်ကြောင်း (၂) နဲ့ တပ်ခွဲ (၂) က ဘောနက်ကြီးမှ ထန်းတောကြီးအထိ ပဲခူးမြစ်ကြောင်းတလျှောက် ပိတ်ဆို့ရေး အတွက် တာဝန်ယူကြပါတယ်။ ထွက်ပြေးသူတွေကို တပ်ခွဲ (၄) ခွဲက ဘောနက်ကြီးနဲ့ မိုင်တိုင် (၃၄) ကို အရှေ့ အနောက် ပိတ်ဆို့ထားပြီး တပ်ရင်းနှစ်ရင်းစာအင်အားနဲ့ နယ်မြေအတွင်းမှာ ပိုက်စိတ်တိုက်ရှင်းလင်းဖို့ စီစဉ်ခဲ့ပါတယ်။ ညနေ (၃) နာရီခွဲလောက်မှာတော့ ခမရ (၇)၊ စစ်ကြောင်း (၁) မှ ဒုဗိုလ်နေ၀င်းလှိုင် ဦးစီးတဲ့ ထုတ်နုတ် (၁) ခွဲနဲ့ တပ်ပြေးတွေ ရင်ဆိုင်တွေ့ကြပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲက (၁၀) မိနစ်၊ (၁၅) မိနစ်လောက်ပဲ ကြာပါလိမ့်မယ်။ တပ်ပြေးတွေဘက်က တစ်ယောက်ဒဏ်ရာရပါတယ်။ တိုက်ပွဲအပြီးမှာ တပ်ကြပ်အောင်ဆန်းထွန်း၊ တပ်သား ဇော်မင်းထွန်း၊ တပ်သားရှိန်ဝင်း၊ တပ်သားအောင်ကြိုင်၊ တပ်သားနိုင်လင်းတို့ကို ဘီအေ-၆၃-မောင်းပြန်ရိုင်ဖယ်-(၃) လက်၊ ဘီအေ-၉၄ စတင်း-(၁) လက်၊ အမ်အေ-၁၃-(၅) လက်၊ ၉-မမပစ္စတို-(၂) လက်၊ ၇.၆၂ ကျည်-(၁၀၃၇) တောင့်၊ ၉-မမကျည်-(၁၅၃၇) တောင့်၊ ဘီအေ-၆၃ ကျည်ကပ်-(၈) ခု၊ ၉-မမကျည်ကပ်- (၁) ခု၊ ဘီအေ-၉၄ ကျည်အိမ်-(၁) ခု၊ ဘီအေ-၆၃ ပြောင်းကာ-(၁) ခု၊ ဘီအေ-၆၃ လှံစွပ်-(၁) ခုတို့နဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေကို ဘောနက်ကြီးမှာရှိတဲ့ ခလရ (၅၉) တပ်ရင်းဌာနချုပ်သို့ ခေါ်ဆောင်ချုပ်နှောင်ပြီး စစ်ကြောခဲ့ပါတယ်။ ည (၉) နာရီလောက်မှာတော့ တပ်ပြေးတွေထဲက ဒုတပ်ကြပ်မျိုးထွန်းအောင်နဲ့ တပ်သားမျိုးလွင်ထွန်း တို့ဟာ ၉-မမပစ္စတို-(၂) လက်၊ ကျည် (၈၉) တောင့်တို့အတူ ပဲခူးမြို့၊ တပ်မ (၇၇) ဌာနချုပ်ကို လာရောက် အဖမ်းခံကြပါတယ်။ ည (၁၁) နာရီ လောက်မှာ ဘောနက်ကြီး၊ ၀ဲကဒက်နယ်မြေအတွင်း ပိတ်ဆို့ရှင်းလင်းရေးလုပ်နေတဲ့ ဒုဗိုလ်မှူးကြီးလှမြင့်စိုးရဲ့ခမရ (၇) က ဒုတပ်ကြပ်သန်းနိုင်နဲ့ တပ်သားဘိုဘိုတို့ကို လက်နက်မဲ့ ဖမ်းဆီးမိပါတယ်။ နောက်ဆက်တွဲကတော့ ၂၀၀၇ ခုနှစ်၊ သြဂုတ် (၂၁) ရက်နေ့ မနက် (၄) နာရီလောက်မှာ ကြို့ကုန်းတံငါစုရွာအနီးက အိမ်တစ်အိမ်မှာ ထမင်းလာတောင်းစားတဲ့ တပ်ကြပ်ကြီးကျော်စွာဝင်းကို ဘီအေ-၆၃- (၁) လက်၊ ကျည် (၁၆) တောင့် တို့နဲ့အတူ ဖမ်းဆီးမိပါတယ်။ အဲဒီ့နေရာတ၀ိုက်ကို ခမရ (၇) မှ တပ်ရင်းမှူးဦးစီး စစ်ကြောင်း (၁/၂) နဲ့ တပ်ခွဲ (၄) ခွဲ၊ ခမရ (၁၀၇) မှ တပ်ရင်းမှူးဦးစီး စစ်ကြောင်း (၁) နဲ့ တပ်ခွဲ(၂) ခွဲ၊ လေကြောင်းရန်မှ စစ်ဦးစီး (ပ) ဦးစီးတပ်ခွဲ (၁) ခွဲတို့နဲ့ ပိုက်စိတ်တိုက်ပြီး ရှင်းနေချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်ဆေးပြီး ရရှိတဲ့ သတင်းတွေအရ ခမရ (၁၀၇) တပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၁)၊ တပ်ခွဲ (၂) ခွဲကို ပဲခူးမြစ်အရှေ့ခြမ်း ဘောနက်ကြီးနဲ့ ထန်းတောကြီးဘက်မှာ ပိတ်ဆို့ဖို့တာဝန်ပေးခဲ့ပါတယ်။ညောင်လေးပင်မှ ခမရ (၂၀) မှ တပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၁) နဲ့ တပ်ခွဲ (၂) ခွဲကို ပဲခူးမြစ် အနောက်ခြမ်းကရွာတွေမှာ ရှင်းလင်းဖို့၊ ခမရ (၂၀) မှ ဒုတပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၂) နဲ့ တပ်ခွဲနှစ်ခွဲကို အမြန်လမ်းမကြီးရဲ့တောင်ဘက်ခြမ်းမှာ ပိတ်ဆို့ရှင်းလင်းခိုင်းခဲ့ပါတယ်။ ခမရ (၇)၊ စစ်ကြောင်း (၁) ဟာ သြဂုတ်လ (၂၂) ရက်နေ့ နေ့လည်ပိုင်းမှာ ကြို့ကုန်းတံငါစုရွာသား ဦးလက်မ ဆိုသူဆီက တပ်ပြေးတွေနဲ့ပတ်သက်တဲ့ သတင်းထပ်ရခဲ့ပါတယ်။ တပ်မ (၇၇)၊ တပ်မမှူးကိုယ်တိုင် သတင်းပေးဦးလက်မကို ကို့ထုံးရွာမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဦးလက်မက မနက်(၁၀)နာရီလောက်မှာ ငါးရောင်းဖို့ရွာက ထွက်လာတော့ ကျွန်းငယ်တစ်ခုပေါ်မှာ လူနှစ်ယောက်နဲ့တွေ့ကြောင်း၊ လက်နက်တစ်စုံတစ်ရာမပါကြောင်း၊ ကုန်းဘက်သို့ ပို့ဆောင်ပေးဖို့ အကူအညီတောင်းတာနဲ့ အဲသည်လူနှစ်ယောက်ကို သူ့လှေနဲ့ ပို့ပေးခဲ့ရကြောင်း၊ လှေပေါ်က ဆင်းခါနီးမှာ ထမင်းမစားရတာ (၃) ရက်လောက်ရှိပြီမို့ ငါးရှဉ့်ကြီးကြီး (၂) ကောင်လောက်ပေးပါဆိုပြီး တောင်းသွားခဲ့တယ်ဆိုပြီး သတင်းပေးခဲ့ပါတယ်။ ဦးလက်မနဲ့ တပ်ပြေးတွေတွေ့ခဲ့တဲ့ ကျွန်းလေးကို တပ်မမှူးကိုယ်တိုင် သွားကြည်ခဲ့ပါတယ်။ သြဂုတ်လ (၂၃) ရက်နေ့မှာတော့ ကို့ထုံးရွာ၊ ကြို့ကုန်းရွာ၊ အင်ပြင်နဲ့ (၈) လမ်းသွားလမ်းမကြီး အနီးပတ်ဝန်းကျင် ဒေသတွေကို တပ်မ(၇၇)၊ တပ်မမှူးဦးစီးတဲ့ လေကြောင်းရန် ကာကွယ်ရေးက စစ်ဦးစီး (ပ) ဒုဗိုလ်မှူးကြီး အောင်မျိုးထွန်းဦးစီး တပ်ခွဲ (၁) ခွဲ၊ ခမရ (၇)၊ ခမရ (၂၀)၊ ခမရ (၁၀၇)၊ ဒေသခံအရပ်သား (၆၅) ယောက်၊ ခွေး (၅) ကောင်တို့နဲ့ အဖွဲ့(၃)ဖွဲ့ခွဲပြီး ပိုက်စိတ်တိုက် ဖြန့်ခွဲရှာဖွေခဲ့ပါတယ်။ သည်လိုနဲ့နေ့လည် (၁)နာရီခွဲအချိန်လောက်မှာ ခမရ (၁၀၇)၊ ဒုတပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၂) က စောလှ ချောင်းနားက ကွေ့ကြီးအင်းရဲ့ လူမနေတဲ့တဲတစ်လုံးအတွင်းမှ ငါးရှဉ့်တွေကို မီးဖုတ်စားသွားတဲ့ စားကြွင်းစားကျန်အချို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ အဲသည်နေရာရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ၀က်လက်ကြီးရွာ၊ အောက် ကမ္ဘာရွာ၊ ဂဠုန်တိုက်အင်း၊ ပေပင်ကုန်းရွာများသို့ တပ်ခွဲ (၄) ခွဲကို ရွှေ့ပြောင်းပြီး ပိတ်ဆို့ပြီး တပ်ခွဲ (၁၁) ခွဲနဲ့ နယ်မြေ အတွင်း ရှင်းလင်းဖို့ တပ်မမှူးက ညွှန်ကြားခဲ့ပါတယ်။ သြဂုတ်လ (၂၃) ရက်နေ့ ည (၇) နာရီခန့်မှာ ခမရ (၁၀၇) မှ ဗိုလ်ကြီးအောင်သူ ဦးစီးတဲ့တပ်ခွဲဟာ ဂဠုန်တိုက်အင်း အနီးက ဦးနိုင်စိုးဆိုသူရဲ့ တဲအနီးသို့အရောက် တဲပေါ်က လူတစ်ယောက်ခုန်ချထွက်ပြေးသွားတာမြင်လိုက်ရလို့ လိုက်လံဖမ်းဆီးပေမဲ့ မမိခဲ့ပါဘူး။ တဲအတွင်းမှာတော့ သတ်ထားတဲ့ကြက်တစ်ကောင်၊ သင်္ဘောသီး (၃) လုံးနဲ့ T.H.O လို့ရေးထားတဲ့ ဒုတပ်ကြပ်သိန်းထိုက်ဦးရဲ့စစ်သုံးခါးပတ်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဗိုလ်ကြီးအောင်သူတို့တပ်ခွဲက အဲဒီ့တဲ အနီးပတ်ဝန်းကျင်နေရာတွေကို ပိုက်စိတ်တိုက်ရှင်းလင်းခဲ့ပေမဲ့ ထူးခြားမှုမရှိခဲ့ပါဘူး။ ည (၁၁) နာရီခွဲ လောက်မှာ စောစောကရှင်းလင်းပြီးသားနေရာဖြစ်တဲ့ ဦးနိုင်စိုးရဲ့တဲကိုပဲ နောက်ထပ်တစ်ကြိမ် ပြန်ရှင်းတဲ့အခါမှာတော့ တဲရဲ့ ကြပ်ခိုးစင်ပေါ်မှာ အိပ်နေတဲ့ တပ်ကြပ်သန်းထိုက်နဲ့ ဒုတပ်ကြပ်သိန်းထိုက်ဦးတို့ကို တွေ့ရှိဖမ်းဆီးမိခဲ့ပါတယ်။ တပ်ပြေးနှစ်ဦးကို ၀က်လက်ကြီးရွာမှာ ချုပ်နှောင်ပြီး စစ်ဆေးတဲ့အခါ ပြီးခဲ့တဲ့နေ့ ညပိုင်းက သူတို့နှစ်ယောက်ဟာ လှေ တစ်စင်းကို ခိုးယူပြီး အင်းရန်အင်းကို ဖြတ်ခဲ့ကြောင်း၊ အင်းအလယ်အရောက်မှာ လှေမှောက်သွားတာကြောင့် သူတို့ ကိုင်ဆောင်တဲ့လက်နက်တွေ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ပြောပြပါတယ်။ နောက်တစ်နေ့မှာတော့ ရွာသားတွေရဲ့ အကူအညီနဲ့ လှေမှောက်တဲ့နေရာမှာ ရေငုပ်ရှာဖွေခဲ့တဲ့အခါ ဘီအေ-၆၃- (၁) လက်၊ အမ်အေ-၁၃- (၁) လက်၊ ပစ္စတို-(၁) လက်၊ ၇.၆၂-ကျည် (၂၈၂) တောင့်နဲ့ ၉-မမကျည် (၅၀၇) တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လကတ (၂၀၂၀) တပ်ရင်းအထွက် ခြုံဘေးက ဘီအေ-၉၄ တစ်လက်နဲ့ ဘောနက်ကြီးအနီး တောင်ကြောပေါ်မှာ မြုပ်ထားတဲ့ ၉-မမ ပစ္စတို-(၁) လက်ကိုလည်း ပြန်ရှာတွေ့ခဲ့ပါတယ်။ သြဂုတ်လ (၂၀) ရက်နေ့က စခဲ့တဲ့ တပ်ပြေး (၁၂) ယောက်နဲ့ လက်နက် (၂၃) လက်ဇာတ်လမ်းက နောက်လေးရက် အကြာမှာ အားလုံးဖမ်းမိခဲ့ပါတယ်။ တပ်ပြေးတွေရဲ့ မူလစဉ်းစားချက်က ပဲခူးတိုင်းအရှေ့ခြမ်းကိုဖြတ်၊ ကရင်ပြည်နယ် ထဲကို ၀င်ပြီး KNU ရဲ့ အကူအညီနဲ့ နယ်စပ်ကို ထွက်ပြေးဖို့ပါပဲ။ အဲတာဆိုရင်တော့ သူတို့ကို ဖမ်းမိနိုင်ဖို့ မလွယ် တော့ပါဘူး။ ကံဆိုးတာက သူတို့ဖြတ်သွားမဲ့လမ်းတွေကို တပ်မ (၇၇) က တပ်တွေနဲ့ ပိတ်ဆို့ထားလိုက်တဲ့အတွက် ထွက်ပေါက်မရှိတော့တဲ့အပြင် ထွက်ပြေးသူအချင်းချင်းကြားမှာ ညီညွတ်မှုမရှိခဲ့တာကြောင့် ပြန်ပြီးအဖမ်းခံရတာ ဖြစ်ပါတယ်။ ပြေးသူနဲ့လိုက်သူ အင်အားချင်းလည်း မမျှပါဘူး။ အဲဒီဖြစ်စဉ်အတွင်းမှာ တမခ(၇၇)၊ တပ်မမှူးဦးစီးတဲ့ ရှေ့တန်းတပ်မဌာနချုပ်နဲ့ တပ်ရင်း (၃) ရင်း၊ လကခမှ စစ်ဦးစီးမှူး (ပ) ဦးစီးတဲ့ တပ်ခွဲ (၁) ခွဲတို့ကို သုံးပြီး ပိတ်ဆို့ ရှင်းလင်းရေးလုပ်ခဲ့တဲ့အပြင် ဆက်စပ်နယ်မြေများမှ တပ်တွေကလည်း ကင်းတို၊ ကင်းရှည်တွေနဲ့ တပ်လှန့် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့အတွက်ကြောင့် သည်ကိစ္စဆိုးဆိုးဝါးဝါးဖြစ်မသွားပဲ သည်လောက်နဲ့ရပ်သွားအောင် အချိန်မှီလိုက်တယ်လို့ ဆိုရပါလိမ့်မယ်။ နောက်ဆက်တွဲကိစ္စတွေ မသိရတော့လို့ အဖမ်းခံလိုက်ရတဲ့ ပုန်ကန်သူတွေ ဘယ်လိုဖြစ်သွားတယ် ဆိုတာမသိပေမယ့် မသေရင်တောင်မှ တော်တော်ကိုကြီးလေးတဲ့ အပြစ်ဒဏ်ပေးခံရမှာသေချာပါတယ်။ ဒီအဖြစ်အပျက်ကို ပြန်ပြီး မပေါက်ကြားနိုင်အောင် တော်တော်ကိုဆိုးဆိုးဝါးဝါး ခံစားကြရလိမ့်မယ်ဆိုတာ သေချာသလောက်ပါ။ တပ်မှာ တပ်တွင်းပုန်ကန်မှု၊ သစ္စာဖေါက်မှုလို့ယူဆရင် အသာတကြည်နဲ့ပြီးသွားတယ်ဆိုတာထုံးစံမရှိပါ။ ဓါတ်ပုံ (၁) ထပရ(၉၂၉)၏ တပ်နေပျော်ရေး စီစဉ်ဆောင်ရွက်ထားမှု တင်ပြချက် (၂) တပ်သားသစ်လေ့ကျင့်ရေး သင်တန်း အပိုင်း(၁)ဖတ်ရှုရန် https://m.facebook.com/story.php?story_fbid=258911894268292&id=181180035374812&__user=100005234709244

No comments: