Sunday, January 19, 2014

၂၀၁၅ မှာ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ပြည်ခိုင်ဖြိုးပါ။ ဆုံးဖြတ်ချက် မှားတာနဲ့ ထိခိုက်နစ်နာ မယ့်ကိစ္စတွေများပါတယ်။ ရွေးကောက်ပွဲ ၊ ပါတီရဲ့ သမိုင်း ၊ လူထုထောက်ခံမှု မျှော်လင့်ချက် စတာတွေပါ။ တိတိကျကျ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်နိုင်ဖို့ တွေးခေါ်ပုံတွေ ပြောင်းလဲပစ်သင့်ပါတယ်။ အခုလောလောဆယ် ကျင်းပ ပြီးစီးသွားတဲ့ ပါတီအစည်းအဝေးမှာ ဗဟိုဦးစီးပုံစံ ပျောက်ပြီး ငြင်းခုန်ဆွေးနွေးတဲ့ ပုံစံ ပေါ်လာတယ်ဆိုတာ ကောင်းတဲ့ တိုးတက်မှုတစ်ခုပါ။ ဒါပေမယ့် ဒီလောက်နဲ့မရပါဘူး။ ၂၀၁၅ ဟာ ပြည်ခိုင်ဖြိုးက မျှော်လင့်ထားတာထက် အများကြီး ခက်ခဲ ကျပ်တည်းမှုနဲ့ ကြုံရပါလိမ့်မယ်။ ခေတ်အဆက်ဆက်က အောက်ခြေက ပေးတဲ့သတင်းအချက်အလက် အောက်ခြေက ဖန်တီးပေးတဲ့အခြေအနေတွေနဲ့ အမှားတွေ အထပ်ထပ် လုပ်ခဲ့တဲ့ အချက်ကို အခုအချိန်မှာ သေသေချာချာ ထည့်စဉ်းစားသင့်ပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ တစညကို အတောင်အသင့်နိုင်မယ် တွက်ခဲ့ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အပြတ်အသတ်နိုင်မယ်လို့ တွက်မထားလို့ ရလာဒ်ကို အံ့အားတသင့် ဖြစ်ခဲ့ရခြင်း စတာတွေကို သင်ခန်းစာယူ ရမယ့်အချိန်ပါ။ ၂၀၁၅မှာ နိုင်နိုင် ရှုံးရှုံး ရေရှည်နိုင်ငံရေးအတွက် လူထုထောက်ခံမှုနဲ့ ဂုဏ်သိက္ခာ ကို မြှင့်တင်နိုင်ဖို့မလုပ်နိုင်ရင် အခြေအနေ တော်တော်ဆိုးပါလိမ့်မယ်။ ပြည်ခိုင်ဖြိုး အနေနဲ့ ဘယ်လိုဆုံးဖြတ်ဆောင်ရွက်သင့်တယ်ဆိုတာ ဒီတစ်ပတ် ကျနော် ကြိုးစားရေးထားပါတယ်။ အဓိက ကတော့ ဒီမိုကရေစီ ခရီး ဖြောင့်ဖြူးဖို့ Inclusiveness အရေးပါတဲ့အတွက်ရယ် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက်ရယ် ပြည်ခိုင်ဖြိုး အနာဂါတ်ကိုလည်း ဆိုးဆိုးရွားရွားမဖြစ်ဖို့ လိုမယ်ထင်လို့ပါ။ ပြည်ခိုင်ဖြိုးလော်ဘီမဟုတ်ပါ။ ဦးသိန်းစိန်ကို လေးစားထောက်ခံတာတော့မှန်ပါတယ်။ ဦးသိန်းစိန်လိုလူတွေ ဘယ်ဘက်ကနေပေါ်လာသည်ဖြစ်စေ ထောက်ခံသင့်တယ်လို့လည်း ယူဆပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကလူတွေလည်း တိုးတက်ပြောင်းလဲလာတယ်လို့တော့ ယေဘူယျအားဖြင့် ယူဆလို့ရပေမယ့် လူထုထောက်ခံတဲ့အဆင့် ရောက်အောင်တော့ တော်တော်ကြီးလိုနေသေးတာကြောင့် ကြိုးစားကြပါဦးလို့ တိုက်တွန်းချင်ပါတယ်ဗျာ။ ။ Pite Tin

No comments: