Sunday, January 19, 2014

ငါဆိုရင်

သမ္မတနေရာမှာ အစားဝင်ပြီး ..... "ငါ ဆိုရင်ကော ဘာလုပ်နိုင်မလဲ .... အရင် တွေးကြည့်" ... ဆိုတဲ့ ကွန်မန့်ကို အခြား စတေးတပ်အောက်မှာ ဖတ်လိုက်ရတယ်။ အဲဒီလို ကွန်မန့်အတွက် .... အကယ်၍ ပေါ့ဗျာ ... သမ္မတ နေရာမှာဆိုရင် (သို့) သမ္မတ ဖြစ်ခဲ့မယ်ဆိုရင် ... ၁။ ၂၀၀၈ အခြေခံ ဥပဒေကို ဒီမိုကရေစီ ပုံစံဖြစ်အောင် ပြင်မယ်။ ၂။ စစ်တပ်ကို နေရာမှန်ဖြစ်တဲ့ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အရပ်သား ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်မှုကို နာခံတဲ့ ပုံစံ - အုပ်ချုပ်ရေးအာဏာရဲ့ လက်အောက်ကို ပို့မယ်။ ၃။ သမ္မတ စနစ်ကနေ ပါလီမန် ဒီမိုကရေစီ စနစ်ဖြစ်အောင်ပြင်မယ်၊ ၄။ ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေးဖြစ်အောင် အာဏာကို ခွဲဝေမယ် (ဒါဆို ငြိမ်းချမ်းရေးက အလိုလို ရပြီးသား ဖြစ်လာမယ်။) ၅။ လယ်ယာမြေ မတရားသိမ်းထားတာတွေကို ပြန်ပေးမယ် ၆။ အရင် အာဏာရှင်လုပ်ထားသမျှ အငြင်းပွားဖွယ် စာချုပ်တွေကို ပြည်သူကို အကုန်ချပြမယ် ၇။ တိုင်းပြည်မှာ တိုးတက်မှု အနည်းဆုံး ဖြစ်တဲ့ တောင်ပေါ်ဒေသတွေ (ဥပမာ - ချင်းပြည်နယ်) ကို လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခြားသောဒေသတွင်း တိုးတက်ရေး ဦးစားပေး ဆောင်ရွက်မယ်။ ၈။ တရားဥပဒေ စိုးမိုးရေးကို ပါးစပ်ပြော မဟုတ် လက်တွေ့ ဆောင်ရွက်မယ် ၉။ တိုင်းပြည်စီးပွားရေးအတွက် အာမခံချက် ရှိတဲ့ နိုင်ငံရေး စနစ်ဖြစ်အောင် ဆောင်ရွက်မယ် ၁၀။ အခြေခံ လစာ ပြဌာန်းနိုင်အောင် ကြိုးစားပြီး ဒေသတွင်း အခြားနိုင်ငံတွေနဲ့ တန်းတူ အနိမ့်ဆုံးလစာ ဖြစ်အောင် လုပ်မယ်။ ၁၁။ ပြည်ပရောက် အောက်ခြေ အလုပ်သမားတွေ ကိုယ့်အိမ် ကိုယ်ပြန်ပြီး အလုပ် လုပ်နိုင်တဲ့ စီးပွားရေး ဖြစ်အောင် လုပ်မယ်။ ၁၂။ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ လျှပ်စစ် ထုတ်လုပ်မှုတွေကို ဦးစားပေးပြီး တနိုင်ငံလုံး လျှပ်စစ်မီးရအောင် ဆောင်ရွက်မယ်။ ၁၃။ ဆက်သွယ်ရေး စနစ် ကောင်းအောင် ဆောင်ရွက်မယ်။ ၁၄။ တနိုင်ငံလုံး စရိတ်သက်သာ မြန်ဆန်တဲ့ လမ်းပန်းဆက်သွယ်ရေး ဖြစ်တဲ့ မီးရထားလမ်း ကွန်ယက်ဆောက်ပြီး မီးရထား စနစ်တိုးတက်အောင် ဆောင်ရွက်မယ်။ ၁၅။ ကုန်စည် စီးဆင်းမှု ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်တဲ့ ရေလမ်းကြောင်း (ဧရာဝတီမြစ် တလျှောက်) အထက်အောက် သဘောင်္တွေနဲ့ ကုန်စည် စီးဆင်းမှု အားကောင်းအောင် ဆောင်ရွက်မယ်။ ၁၇။ တိုင်းရင်းသား စာပေတွေ ထွန်းကားအောင် ဆောင်ရွက်မယ် ၁၈။ ရန်ကုန်မြို့လို လူနေများပြီး ကျပ်နေတဲ့ မြို့မှာ ကားပိတ်တာတွေ လျော့ချရေး ဦးစားပေး ဆောင်ရွက်မယ်။ ၁၉။ ရန်ကုန်မြို့မှာ ပြည်သူတွေ အပန်းဖြေဖို့ နေရာတွေ၊ ကလေးတွေ ကစားဖို့ မြေကွက်လပ်တွေ ဖေါ်ထုတ် လုပ်ကိုင်ရမယ် ၂၀။ ပညာရေး မြှင့်တင်တဲ့ လုပ်ငန်းတွေ ဖေါ်ဆောင်မယ် ၂၁။ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်အောင် လုပ်မယ် ၂၂။ အနုပညာ ဖန်တီးမှုတွေ တိုးတက်အောင် အားပေးမယ် ၂၃။ ........ ၂၄။ ....... ...... စတဲ့ ...များမြောင်တဲ့ ကိစ္စတွေကို လုပ်ဖို့ အများကြီးရယ်ပါ။ (ကိုထိုက်)

No comments: