Sunday, January 19, 2014

မြန်မာပြည်

မြန်မာပြည်တွင် ဗုဒ္ဓသာသနာ ကွယ်လုလေပြီ…သတိဖြင့်ပြုပြင်ကာကွယ်ကြလော့ ~~~~~~~~~~~~~~~~~~~~~~~~~~ ဒီဘလော့ဂ်ကို မရေးချင်ပါဘူး…။ ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ ဘာသာရေးအခြေအနေကို ကြည့်လိုက်တဲ့အခါ အားရစရာမရှိတာကို တွေ့မြင်နေရလို့ ရေးဖြစ်တာပါ။ အယူအဆပိုင်းဆိုင်ရာ အလွဲအမှားတွေတွေ့ခဲ့ရင် မည်သူမဆို ယဉ်ကျေးပျူငှါစွာ ဆွေးနွေးနိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ဖို့ အရင်ဦးဆုံးပြည့်စုံရမယ့် အင်္ဂါရပ်ကတော့ သရဏဂုဏ်(၃)ပါးကို မမှိတ်မသုံ အကြွင်းမဲ့ယုံကြည်မှုပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း အတိုက်အခိုက်တွေကြားမှာ ဘာသာတရားရဲ့တန်ဘိုးကို လျော့စေတဲ့အပြုအမူတွေ တွေ့မြင်လာခဲ့ရပါတယ်။ ပြီးတော့ ဦးဇင်းတို့ဘာသာဝင်တွေ ဘာသာတရား,ယဉ်ကျေးမှုထက် ပိုမိုအလေးထား လေးစားရမယ့်အရာတွေများ ရှိလာပြီလား…လို့လည်း စဉ်းစားမိတယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- မြတ်စွာဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ ဒီအင်္ဂါရပ်ကတော့ ယနေ့ခေတ် ဒီမိုကရေစီအမည်ခံ မျက်ကန်းမျိုးချစ်တွေဆီမှာ မရှိတော့တာကို တွေ့မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားရွှေကပ်တာ,ကျောင်းဆောက်တာတွေဟာ အကျိုးမဲ့လုပ်ရပ်တွေ၊ နိုင်ငံမွဲခြင်းရဲ့အကြောင်းတွေလို့ ပြည်တွင်းမှာတစ်မျိုး ပြည်ပကနေတစ်ဖုံ မျိုးစုံပြောနေကြတာ အားလုံးအတွေ့ပါပဲ။ ပြီးတော့ ခေတ်ကိုအကြောင်းပြပြီး ကာမသောင်းကြမ်းသူလူငယ်တွေကလည်း ရန်ကုန်မြို့ ဘုရားအစုံစုံနဲ့ တစ်နိုင်ငံလုံးက နာမည်ကြိးဘုရားစေတီတွေမှာ အကုန်ဖော်လှစ်ပြီး အ၀တ်အစားနဲ့တစ်မျိုး အနေအထိုင်နဲ့တစ်ဆန်း ပြီးတော့ ယိုသူမရှက် မြင်သူရှက် ခန္ဓာကိုယ် ကမြင်းကြောထနေကြတာလည်း မမြင်ချင်မှ အဆုံးပါပဲ။ ကိုယ်စီအတွဲတွေနဲ့ ဘုရားထောင့်တွေ စေတီကြားတွေမှာ ဘာတွေလုပ်နေကြမှန်းကိုမသိတာ။ အဲဒီလိုလုပ်နေသူတွေဟာ ခရစ်ယာန်တွေ,ဟိန္ဒူတွေ,မွတ်စလင်တွေ-မဟုတ်ဘဲ ဦးဇင်းတို့ဘာသာဝင်တွေ ဖြစ်နေတာကလည်း အံ့သြစရာကောင်းလှပါတယ်။ နိုင်ငံခြားသားတွေ နေ့စဉ်သွားလာနေတဲ့ဘုရားတွေပေါ်မှာ ကိုယ့်ဘာသာဝင်တွေ ဒီလိုဖြစ်နေတာက စဉ်းစားစရာပါပဲ။ ကိုယ့်ဘာသာရဲ့ အထွဋ်အမြတ်နေရာကို ကိုယ်တိုင်မှ တန်ဘိုးမထား အလေးမထား မလေးစားရင် အခြားဘာသာဝင်တွေဆို ပိုဆိုးပြီပေါ့။ ဒီလိုအပြုအမှုတွေကိုကြည့်သောအားဖြင့် သူတို့စိတ်ထဲမှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဆိုတဲ့ နံပါတ်တစ်သရဏဂုဏ် မပြည့်စုံဘူးဆိုတာ တွေ့မြင်လိုက်ရပါတယ်။ ပြီးတော့ ဘုရားပုံရောင်းတဲ့သူတွေပေါ့။ စီးပွားရေးတစ်ခုတည်းနဲ့ ပုံတော်တွေလမ်းဘေးချရောင်းတော့ မြင်ရတွေ့ရတာ စိတ်မချမ်းသာစရာပါပဲ။ ဒါမျိုးတွေ အများကြီးပါပဲ။ ဘုရားဗန်းပြပြီး ငွေရှာနေသူတွေကိုလည်း ဒီစာရင်းထဲသွင်းရင် ရနိုင်ပါတယ်။ ဒ့ါအပြင် အခုနောက်ပိုင်း ပုဂံစေတီတွေကြားမှာတောင် ခြင်ထောင်ထဲကကိစ္စတွေ လုပ်နေကြတယ်လို့ သိရပါတယ်။ ခြင်ထောင်ထဲကကိစ္စ ခြင်ထောင်ထဲမှာမလုပ်ကြဘဲ ကိုယ့်ဘာသာဝင်တွေ အထွဋ်အမြတ်နေရာ စေတီပုထိုးတွေမှာ လုပ်နေကြတာဟာ ဘာသာစိတ်မရှိလို့ပဲဆိုတာ သိသာလာပါတယ်။ ဒါဟာ အနည်းစုလို့ ပြောလို့မရဘူး။ ဦးဇင်းတို့ ရန်ကုန်က နာမည်ကြီးစေတီတွေတိုင်းမှာ စေတီတစ်ဆူ အနည်းဆုံး ဆယ်တွဲလောက်ကို တွေ့ရနိုင်ပါတယ်။ အဲဒါတွေဟာ ဗုဒဘာသာတွေပါ။ ကဲ… ဗုဒံ္ဓ သရဏံ ဂစ္ဆာမိ- ပျောက်ခါနီးပြီ။ ဓမ္မံ သရဏံ ဂစ္ဆာမိ- မြတ်ဗုဒ္ဓရဲ့ တရားတော်တွေအပေါ်မှာ ယုံကြည်စွာ ကိုးကွယ်ဆည်းကပ် လိုက်နာခြင်း-ဂုဏ်အင်္ဂါကော… ပြီးခဲ့တဲ့နွေရာသီ ဗုဒဘာသာယဉ်ကျေးမှုသင်တန်းတွေဖွင့်တော့ အများစု ကျူရှင်မအားလို့ဆိုပြီး သားသမီးတွေကိုယ်တိုင်က တက်ချင်ပေမယ့် မိဘတွေက ယဉ်ကျေးမှုသင်တန်းတက်ခွင့်ပိတ်ပင်ခဲ့တာ တွေ့မြင်ရပါတယ်။ ပညာရေးကို အလေးမထားလို့ ဒီစကားကိုပြောတာမဟုတ်ပါဘူး။ တစ်နှစ်မှာ ရက်ပေါင်း(၃၆၅)ရက်ရှိတယ်။ ယဉ်ကျေးမှုသင်တန်းက ရက်ပေါင်း(၄၀)နီးပါးလောက်ပဲကြာတာပါ။ ဒီလို အစွန်းအထွက်လောက် ရက်ကလေးကိုတောင် ဘာသာတရားကိုလေ့လာဖို့ အချိန်မပေးနိုင်ဘူး ခွင့်မပြုနိုင်ဘူးဆိုရင် အဲဒီလိုလူတွေရဲ့စိတ်မှာ ဓမ္မရတနာ ကိန်းဝပ်မှုနည်းပါးတယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ နိုင်ငံရေးယောင် အမျိုးသားရေးယောင်ယောင် ဟောင်ဖွာဟောင်ဖွာတစ်ချို့က မြန်မာနိုင်ငံ အခုလိုမွဲနေတာဟာ မြတ်ဗုဒ္ဓရဲ့ ခန္တီ-သည်းခံခြင်းတရား၊ တပေါ စ-ခြုံးခြံခြင်းတရား၊ သန္တုဋ္ဌီ-ရောင့်ရဲခြင်းတရား-တွေကြောင့်ဖြစ်တယ်လို့ ခဏခဏပြောဆိုနေကြပါတယ်။ ဒီတရားတွေရဲ့ ပင်မှုဆိုလိုချက်ကို တိတိကျကျမသိဘဲ တရားတော်တွေကို သူတို့ထင်တဲ့အတိုင်း စော်ကားမှုတွေ မကြာခဏပြုလုပ်နေကြတယ်။ (နောင်အချိန်ရရင်တော့ အဲဒီတရားတော်ရဲ့ ပင်မဆိုလိုချက်ကို ယနေ့ခေတ်အမြင်နဲ့ ရေးသားတင်ပြပါမယ်။ ဒီနေရာမှာတော့ အချိန်မရတာကြောင့် …. ) သေချာတာကတော့ ဦးဇင်းတို့ဘာသာဝင်တွေ မြတ်ဗုဒ္ဓတရားတော်တွေရဲ့ ပင်မဆိုလိုချက်ကို တိတိကျကျသိအောင် လေ့လာဖို့လိုတယ်ဆိုတာပဲ။ ပြဿနာ-က အဲဒီလိုသာ ထင်ရာပြောနေကြတယ် ရဟန်းသံဃာတွေဆီသွားပြီး အဲဒီတရားတော်တွေကို မေးမြန်းလျှောက်ထားတာမျိုးတော့ မရှိကြဘူး။ ဦးဇင်းဖြစ်စေချင်တာက မရှင်းတာရှိရင် လာမေး၊ ကိုယ်ထင်တဲ့အလွဲတွေကို ဘုရားဟောဆိုပြီး တခြားသူတွေစိတ်ထဲ အလွဲမှိုင်းတွေ တိုက်မပေးတဲ့အနေအထားမျိုး ဖြစ်စေချင်တာ။ ဒီလို အမြင်တွေများလာခြင်းဟာလည်း မြန်မာလူမျိုးဗုဒဘာသာဝင်အချို့ရဲ့ သန္တာန်မှာ တရားဓမ္မအသိ မပြည့်ဝသေးဘူးဆိုတာ သိမြင်ရပါလိမ့်မယ်။ အားလုံးကိုဆိုလိုခြင်းမဟုတ်ပါ။ ကျူးလွန်သူများကိုသာ ပြောဆိုခြင်းဖြစ်ပါတယ်။ သံဃံ သရဏံ ဂစ္ဆာမိ- မြတ်ဗုဒ၏ တပည့်သားသံဃာတော်များအား ယုံကြည်ကိုးကွယ် ဆည်းကပါ၏။ ဂုဏ်အင်္ဂါလည်း မြန်မာနိုင်ငံမှာ သိပ်မကျန်တော့ပါဘူး။ သံဃာတော်တွေအပေါ်မှာ ရိုသေမှုဂရုဂါရ၀တွေ နည်းပါးလာတာကို နေရာတိုင်းမှာ တွေ့နေမြင်နေရပါတယ်။ တစ်ချို့က သံဃာတော်တွေကို ပရိတ်ရွတ်ဖို့နဲ့ အသုဘသရဏဂုဏ်တင်ဖို့လောက်ပဲ အလေးထားကြတာတွေ့ရပါတယ်။ အခုနောက်ပိုင်းဆို ပိုတောင်ဆိုးလာပါတယ်။ အထူးသဖြင့် အင်တာနက်မှာဆို ရဟန်းသံဃာတော်တွေရေးတဲ့ စာတွေထဲမှာ မကြိုက်တာ,သဘောမကျတာပါရင် ဆဲဖို့ဆိုဖို့ ၀န်မလေးတော့ဘူး။ အဲဒီလို ဆဲဆိုတဲ့အထဲမှာ ဘာသာခြားတွေထက် ကိုယ့်ဘာသာဝင်တွေက ပိုများတာကိုလည်း တွေ့ရပါတယ်။ အသုံးချစရာရှိရင် အသုံးချကြမယ်၊ အသုံးချစရာမလိုတော့ရင် ဆဲမယ်၊ ပစ်ပယ်မယ်၊ ကိုယ့်အလိုမလိုက်ရင် ၀ိနည်းနဲ့မညီဘူးဆိုပြီး ကမ္ဘာလုံးကြားအောင် ဟောဟစ်ပြီး သံဃာတော်တွေကို လူဆိုးစာရင်းထဲ တွန်းပို့မယ်-ဆိုတဲ့ အပြုအမူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဥပမာ- လည်လှီးတဲ့သူတွေက သူရဲကောင်းဖြစ်ပြီး ဘယ်သူ့အသတ်မှမသတ်တဲ့ ဦးဝိရသူ-ကို အကြမ်းဖတ်သမားအဖြစ် အကြေညာခံရတာဟာ မျက်ကန်းမျိုးချစ်တွေရဲ့ ခြေထိုးမှုတွေ အများကြီးပါပါတယ်။ သူတို့တတွေ အလိမ်အညာတွေနဲ့ သတင်းဖြန့်လို့သာ ပြည်ပကဒီလိုကြေညာတာပါ။ ပြီးခဲ့တဲ့ လေးလလောက်က အင်တာနက်စာမျက်နှာတွေမှာ သီတဂူဆရာတော်ဘုရားကြီး သမီးဆိုပြီး ဒကာမတစ်ယောက်ပုံ အင်တာနက်တင်ကာ လုပ်ကြံကြပါတယ်။ ဖြန့်ဝေကြပါတယ်။ ဒါဟာ ဘာသာခြားတွေနဲ့ဗုဒဘာသာကိုးကွယ်ပြီး ဘာသာရေးအသိမရှိသူတွေရဲ့ သံဃာတွေကိုစော်ကားမှုတွေထဲက တစ်ခုပါပဲ။ ရုပ်ရှင်သရုပ်ဆောင်ဇာဂနာနဲ့အပေါင်းအပါ ထောင်ထွက်တစ်ချို့ သူများပေးစာကမ်းစာနဲ့ ပြည်ပကိုသွားတုန်းက အမေရိကန်နိုင်ငံက ရထားထဲမှာ သင်္ကန်းတွေဝတ် ဘီလူးခေါင်းတွေဆောင်းပြီး ပြည်တွင်းသံဃာတော်ရဲ့ဂုဏ်ကို ပြည်ပမှာသွားချပစ်တာကို တွေ့မြင်ရပါတယ်။ ပြီးတော့ လူမျိုးခြားကိုလင်တော် ဘာသာခြားအဖေခေါ်ချင်သူတွေကလည်း ရဟန်းတော်တွေ အမျိုးဘာသာကာကွယ်ရေးတွေလုပ်တာဟာ ၀ိနည်းနဲ့မညီဘူး၊ အကြမ်းဖတ်မှုကို လှုံ့ဆော်နေတာဆိုပြီး သတင်းတွေလွှင့်နေကြပါတယ်။ အမျိုးဘာသာကာကွယ်ရေးအတွက် ရည်မှန်းဖွဲ့ဆည်းထားတဲ့ ၉၆၉-အဖွဲ့ကြီးကိုတောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့ပုံစံမျိုး ပြည်ပမှာပြောခဲ့တာကို တွေ့ရပါတယ်။ အဲဒီအဖွဲ့မှာ တိပိဋကဆရာတော်တွေ အများကြီးပါပါတယ်။ အခုနောက်ပိုင်း ထိုင်ခုံတစ်ခုရဖို့အတွက် ပြည်တွင်းဗုဒ္ဓဘာသာသံဃာထုတစ်ခုလုံးကို စော်ကားပုတ်ခက်သူတွေ ပေါလာတာကို တွေ့ရပါတယ်။ သူတို့က သူတို့တွင် ခံယူချက်မှားတာမဟုတ်ဘဲ အဲဒီအမှားတွေကို ပြည်သူတွေဆီပို့နေတာကို ပြီးခဲ့တဲ့ရက်ပိုင်းက မိတ္ထီလာမှာ NLD-ပါတီဝင်တစ်ဦးက ၉၆၉-အဖွဲ့ကြီးကို အကြမ်းဖတ်ဂိုဏ်းစတားပုံစံမျိုးပြောခဲ့လို့ မြို့နေလူထုနဲ့ပြဿနာတက်ခဲ့တာက သက်သေပါပဲ။ ဒီအတိုင်းဆို သံဃာရတနာလည်း ခက်ယဲ့ယဲ့သာ ကျန်တော့တာကိုတွေ့မြင်ရပါလိမ့်မယ်။ ၈၈-အရေးအခင်း ၊ ဒီပဲယင်းအရေးအခင်း ၊ ၂၀၀၇-အရေးအခင်းတွေမှာ သံဃာတော်တွေ သူတို့အတွက်အသတ်ခံကာ ပေးဆပ်ပြီးတော့ စစ်အစိုးရကို ဆန့်ကျင်ခဲ့စဉ်တုန်းက ငြိမ်နေကြတဲ့သူတွေကလည်း အခုနောက်ပိုင်း သူတို့တတွေ လူမျိုးခြား,ဘာသာခြားကိုနေရာပေးလို့ သူတို့ရဲ့လမ်းမမှန်မှုကို ထောက်ပြပြီး အမျိုးဘာသာသာသနာအတွက် သူတို့ကိုမထောက်ခံတဲ့အခါ ဆဲရေးတိုင်းထွာနေကြတာ မမြင်ချင်မှအဆုံးပါပဲ။ အာဏာနဲ့အမျိုးဘာသာယဉ်ကျေးမှုတို့လွန်ဆွဲပွဲမှာ ရဟန်းသံဃာတော်တွေ မြေစာပင်ဖြစ်နေဆဲပါပဲ။ ခက်တာက အဲဒီလူတွေကို ခဏခဏခေါ်ဖူးတယ်။ ထိပ်တိုက်ဆွေးနွေးဖို့လေ…။ ဒါပေမယ့် တစ်ယောက်မှ ထိပ်တိုက်ဆွေးနွေးဖို့မလာကြဘူ။ ပြီးခဲ့တဲ့ မျိုးစောင့်ဥပဒေအစည်းအဝေးတုန်းက အဲဒီဥပဒေဟာ လူ့အခွင့်အရေးချိုးဖောက်တယ်-လို့ ပြောခဲ့သူတွေအားလုံးကို ထိပ်တိုက်လာရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပေမယ့် မလာရဲကြတာကို သိခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သံဃာတော်တွေအပေါ် စော်ကားတဲ့စကားလုံးတွေကိုတော့ အခုထိသုံးနေဆဲပဲဖြစ်ပါတယ်။ ဒီတော့ သံဃာရတနာလည်း ယိုင်လုလုဖြစ်ခဲ့ရပါပြီ…။ အခုနောက်ပိုင်း တစ်ချို့လူတွေက သူတို့ရဲ့အလိုဆန္ဒနဲ့မညီဘူးဆိုရင် ဘုရားကိုလည်း စော်ကားဖို့ဝန်မလေးဘူး၊ တရားကိုလည်း ပစ်ပယ်ဖို့ဝန်မလေးဘူး၊ သံဃာတွေကိုလည်း တိုက်ခိုက်ဖို့ဝန်မလေးဘူး၊ ကဲ…ဒီတော့ ပြည်တွင်းသာသနာအသက် ဘယ်လိုဆက်ကြမလဲ….။ ယဉ်ကျေးပြူငှါစွာ ၀င်ရောက်ဆွေးနွေးနိုင်ကြပါတယ်။ အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) 28-1-2014 byPandite Ven စိုးပြည့်မှူး

No comments: