Sunday, January 19, 2014

တပ်မတော် အတွင်းမှ အရွယ် မရောက်သေးသူများအား ပြန်လည် နုတ်ထွက်ခွင့်ပြု၍ မိဘများထံ လွှဲပြောင်းပေးခြင်း အခမ်းအနား ကျင်းပ နေပြည်တော် ဇန်နဝါရီ ၁၉ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) နှင့် မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့တို့၏ အစီအမံဖြင့် တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အလိုက် အသေးစိတ် စိစစ်ပြီး နုတ် ထွက်ခွင့် ပြုလျက်ရှိရာ ၉၆ ဦး စိစစ်တွေ့ရှိခဲ့ပြီး စိစစ်ဖော်ထုတ် ရရှိသော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏ မိဘများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ကျင်းပသည်။ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သန်းစိုးနှင့် တပ်မတော် အရာရှိကြီး များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့မှ ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများ ဖြစ်ကြသော UNICEF ၊UNHCR? ILO ၊ Save the children ၊World Vision ၊ World Food Programme ၊ UNDP တို့မှ တာဝန်ရှိသူများ၊ ပြန် လည်နုတ်ထွက်ခွင့်ရ ကလေးသူငယ် ၉၆ ဦးနှင့်၎င်းတို့၏မိဘများ တက်ရောက်ကြသည်။ ရှေးဦးစွာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သန်းစိုးနှင့် (CTFMR) မှ Mrs. Renata Lok- Dessallien တို့က အမှာစကား များ ပြောကြားကြသည်။ ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် ၁ဝ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို တာဝန်ရှိသူတို့က ပေးအပ်ခဲ့ပြီး ကလေးများအား အုပ်ထိန်းသူ မိဘများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အခမ်းအနား အပြီးတွင် ကလေးများနှင့် မိဘများကို မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလ ပြုစုစောင့်ရှောက်ရေး စခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ် မရရှိသေးပါက ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဆေးဝါးကုသရန် လိုအပ်မှုရှိ/ မရှိ စစ်ဆေး၍ လိုအပ်က ကုသမှု ခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်နိုင်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားနိုင်ရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ် အကိုင် ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများ သင်ယူရန် ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံ ပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန် ခရီးစရိတ်နှင့် စားစရိတ်တို့ကို စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်သည်။ အလားတူ မိဘများထံ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားများကို အဆိုပါ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၊ ရန်ကုန်တွင် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၃ ရက် တွင် ၄၂ ဦးအား ပထမအကြိမ် အဖြစ် လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၂၄ ဦး အား ဒုတိယအကြိမ် အဖြစ် လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် ၄၂ ဦးအား တတိယ အကြိမ်အဖြစ်လည်းကောင်း၊ စတုတ္ထ အကြိမ်အဖြစ် ၂ဝ၁၃ ခုနှစ်၊ သြဂုတ် ၈ ရက်တွင် ၆၈ ဦးအား လည်းကောင်း လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအကြိမ်သည် ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စီမံချက်ကို အကောင်အထည်ဖော်ရန် အသေးစိတ် လုပ်ငန်း အစီအစဉ်များကိုလည်း ရေးဆွဲ သဘောတူပြီးဖြစ်ရာ ၁၈ လအတွင်း တပ်မတော် အတွင်း၌ အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည် လုံးဝမကျန်ရှိစေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူ ငယ်များအား လုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်း စုဆောင်း ခဲ့သူများရှိပါကလည်း အမြန်ဆုံး နုတ်ထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက် ရှိသည့် အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိရာ တာဝန်ရှိသူ အရာရှိ ၄ဝ ဦးနှင့် စစ်သည် ၂၂၉ ဦးအား စစ်စည်းကမ်း နှင့်အညီ အရေးယူ ခဲ့ကြောင်း သတင်း ရရှိသည်။ http://www.myawady.net.mm/allnews/headline/item/34864-2014-01-19-10-52-49

No comments: