Thursday, November 17, 2016

စစ်အစိုးရလက်ထက်က မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအား ပြင်ဆင်ဖွဲ့စည်းကာ ဆက်လက်ထားရှိမည်

စစ်အစိုးရလက်ထက်က အသုံးပြုခဲ့သည့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဗဟိုကော်မတီဝင်အား ပြန်လည်ရွေးချယ်ကာ အသင်းအား ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၆ ရက်က နေပြည်တော် ဒုတိယအကြိမ် တတိယပုံမှန် အစည်းအဝေး၌ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ်က “မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း နှင့် အမျိုးသမီးရေးရာ အဖွဲ့အစည်းများသည် လွတ်လပ်၍ လူထုအခြေပြုသော CSO အဖွဲ့အစည်းများ ဖြစ်နိုင်ခြင်းရှိ/မရှိ အဆိုနှင့်စပ်လျဉ်းပြီး ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

 

မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းကို တပ်မတော်အစိုးရ လက်ထက် ၁၉၉၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခင်ဖွဲ့စည်းစဉ်ကာလက အစိုးရ၏ လုပ်ဆောင်ချက်များတွင် လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် နိုင်ငံရေးကင်းရှင်းသည့် လူမှုရေးအသင်းအဖွဲ့ တစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်း ရန် အစိုးရက ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

ဒေါက်တာမြင့်ထွေးက “အသင်းကြီးနှင့် စပ်ဆိုင်လျက်ရှိသော နေရာများဖြစ်သည့် ဥက္ကဋ္ဌနေရာများနှင့် ဗဟိုကောင်စီတွင် အစိုးရနှင့် မပတ်သက်သည့်သူ၊ ပရဟိတလုပ်ငန်းကို စိတ်ပါဝင်စားသူ၊ အငြိမ်းစားဝန်ထမ်း အထူးသဖြင့် ပညာရေးဝန်ထမ်း၊ ကျန်းမာရေး၊ ပညာရေးဌာနများတွင် လုပ်ကိုင်ဖူးသူတို့အား ဥပဒေအရ

ကျန်းမာရေး အားကစားဝန်ကြီးဌာန လုပ်ပိုင်ခွင့်အတွင်းမှ အထူးသဖြင့် ဗဟိုကောင်စီဝင်များကို ပြန်လည်ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိရာ မကြာခင် ရက်ပိုင်းအတွင်း ပြီးစီးပါတော့မယ်”ဟု ပြောသည်။

 

အဆိုပါ အသင်းတွင် ပြည်သူ့ကိုယ်စားပြု အဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်နိုင်ရေး အတွက် ပြဋ္ဌာန်ထားသည့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဥပဒေကို လွှတ်တော်တွင် ပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

 

စစ်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းများတွင် တာဝန်ယူခဲ့သူများမှာ စစ်အစိုးရ ထိပ်တန်း တာဝန်ရှိသူများ၏ ဇနီးများ အစိုးရနှင့် နီးစပ်သူများ သာဖြစ်ခဲ့သည်။ အဆိုပါ အသင်းအား ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်များတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများအပေါ် ဒီမိုကရေစီ အင်အားစုများနှင့် နိုင်ငံတကာမှ ဖိအားပေးလာချိန်တွင် တန်ပြန်ရန်အတွက် ဖွဲ့စည်းခဲ့သည့် အသင်းအဖွဲ့ဖြစ်သည်ဟုလည်း ၈၈ အရေးခင်း ကာလက ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်သည့် ယနေ့ ခေတ်နိုင်ငံရေး မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဦးသက်ဇင်က ပြောဆိုသည်။

 

“ဒီအသင်းအဖွဲ့ အကြောင်းက အားလုံးသိတဲ့ အတိုင်းပဲ။ ဆက်ထားမထား ဆိုတာထက် စွမ်းဆောင်ရည် ကိစ္စ ပြောဖို့လိုမယ် ထင်တယ်။ အရင်တုန်းကတော့ ပွဲတက်၊ ဖဲကြိုးဖြတ် အဖွဲ့ပဲ။ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုတွေမှာလည်း ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ အခု ဆက်ထားမယ်ဆိုတော့ အစိုးရ မူဝါဒကိုပဲ အကောင်ထည်ဖော်မဲ့ အဖွဲ့လား ၊ သီးသန့် လွတ်လပ်တဲ့ အဖွဲ့အစည်းလားဆိုတာ အရေးကြီးတယ်” ဟု ဦးသက်ဇင်က မေးခွန်းထုတ်သည်။

 

အစိုးရ မဟုတ်သည့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းဖြစ်သော အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ WLB မှာ မြန်မာနိုင်ငံ၏ အမျိုးသမီး အခွင့်ရေး အခြေနေများနှင့် ပတ်သက်၍ စာတမ်းများ စုစည်းတင်ပြခြင်း၊ ကြေညာချက်ထုတ်ခြင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများဆိုင်ရာ ပညာပေးခြင်း လုပ်ငန်း များကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး အန်အယ်လ်ဒီ အာဏာမရခင် ကာလအထိ ဒေါ်အောင်ဆန်းစုကြည်အား မူဝါဒအရ ထောက်ခံအားပေးခဲ့သည့် အဖွဲ့ဖြစ်သည်။

 

“ဒီမိုကရေစီမှာက မည်သည့် အဖွဲ့အစည်း အသင်းအဖွဲ့မဆို လွတ်လပ်ရတယ်။ အရပ်ဘက် အဖွဲ့အစည်းဆိုတာ အစိုးရအောက်မှာ ရှိမနေရဘူး။ အခုလို စစ်တပ်က တောက်လျှောက်သုံးခဲ့တဲ့ အဖွဲ့အစည်းတွေကို ဆက်သုံးမယ် ဆိုတော့။ တစ်သက်လုံး ဒီမိုကရေစီရေးအရ ၊ လူ့အခွင့်ရေးအရ လှုပ်ရှားခဲ့တဲ့ အမျိုးသမီး အသင်းအဖွဲ့တွေ ကျတော့ ဘယ်လိုလုပ်မလဲ” ဟု ဦးသက်ဇင်ကပင် မေးခွန်းထုတ်သည်။

 

The Ladies News

No comments: