Thursday, November 17, 2016

သုံးနှစ်အရွယ် ကလေးငယ်အား အမှိုက်အိတ်အတွင်း ထည့်ခေါ်ယူခဲ့သည့် ၁၂ နှစ်အရွယ် ကလေးကို လူမှုဝန်ထမ်း ဦးစီးဌာနတွင် စောင့်ရှောက်ထားပြီး စိတ်ကျန်းမာရေး စစ်ဆေးမည်


ကလေးငယ်တစ်ဦးအား အမှိုက်အိတ်တွင်း ထည့်ခေါ်ယူခဲ့သည့် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကို လူမှုဝန်ထမ်း ဦးစီးဌာနတွင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး စိတ်ကျန်းမာရေး အခြေအနေကို စစ်ဆေးမည်ဖြစ်ကြောင်း ကလေးသူငယ် ကာကွယ်ရေးရဲတပ်ဖွဲ့ (မန္တလေး)မှ သတင်းရရှိသည်။

“ကလေးကို စစ်ဆေးကြည့်တဲ့အခါ ဒီဖြစ်စဉ်ကိုပဲ ထပ်တလဲလဲပြောနေသလို စိတ်ပေါ့သွပ်တယ်လို့ ယူဆရပါတယ်။ နောက်ပြီး သေသွားတဲ့သူ့အမေဟာလည်း စိတ်မနှံ့သူတစ်ဦးလို့ သိရပြီး အဖေကို ဘယ်သူမှန်းမသိရပါဘူး။ အစကတော့ အမှုဖွင့်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် ကလေးဆီလာတဲ့လူတွေ နောက်ခြေရာခံလိုက်ကြည့်ပြီး စုံစမ်းခဲ့ပါတယ်။ အမှန်တကယ် အဲဒီလိုကလေးခိုးတာမျိုး၊ မသင်္ကာစရာဖြစ်စဉ်မျိုး လုံးဝမတွေ့ရသလို သူတို့နေတဲ့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးကလည်း အာမခံပြောကြားပါတယ်။ ဒါကြောင့် ကလေးကို လတ်တလော လူမှုဝန်ထမ်း ဦးစီးဌာနအောက်က အမျိုးသမီးစောင့်ရှောက်ရေးမှာ ထားရှိပြီး စိတ်ကျန်းမာရေး အခြေအနေကို စစ်ဆေးမှာပါ။ စိတ်ကျန်းမာရေး ပုံမှန်ရှိတယ်ဆိုရင်တော့ အမှုဖွင့်သွားမှာ ဖြစ်ပါတယ်” ဟု ကလေးသူငယ် ကာကွယ်ရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲအုပ်သိန်းဇော်က ပြောကြားသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်တွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁၂ နှစ်အရွယ်ကလေးတစ်ဦးက အမှိုက်ထည့်သည့် အိတ်ထဲထည့်ခေါ်ယူခဲ့မှု နိုဝင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျူးလွန်ခဲ့သည့် ကလေးသည် မဟာအောင်မြေ ကျောက်ဝိုင်းအနီးတွင် အမှိုက်ကောက်နေကျဖြစ်ပြီး ယင်းကျောက်ဝိုင်းအနီး လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ကိုင်သည့် ဇနီးမောင်နှံနှစ်ဦး၏ ကလေးကို အရုပ်ပြပြီး ခေါ်လာခဲ့ရာ ၈၆ လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်း ရွှေတစ်ချောင်း မြောင်းအနားအရောက်တွင် အမှိုက်ထည့်သည့်အိတ်ထဲသို့ ၀င်ခိုင်းရာ ကလေးကမ၀င်ဘဲ ငိုနေသည်ကို ပတ်ဝန်းကျင်မှတွေ့၍ မသင်္ကာသဖြင့် ရပ်ကွက်ရုံးသို့ လာရောက် အကြောင်းကြားခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ကလေးနှစ်ယောက်လုံးကို ကားပေါ်တင်ခေါ်ပြီး ကျောက်ဝိုင်းရှေ့သွားကာ မိဘများကိုရှာဖွေပြီး ကလေးပြန်အပ်ခဲ့ကြောင်း ရတနာဘုမ္မိ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Writer: 

ယဉ်မျိုးသွယ်

No comments: