ဝါရှင်တန်၊ နိုဝင်ဘာ ၁၃
ဒေါ်နယ်ထရမ့်က သူသမ္မတ ဖြစ်လာချိန်တွင် ရာဇဝတ်မှု မှတ်တမ်းရှိသည့် အထောက်အထား မရှိသော ရွှေ့ပြောင်းအခြေချသူ နှစ်သန်းမှ သုံးသန်းခန့်အထိကို နှင်ထုတ်သွားမည် ဖြစ်ပြီး တရားမဝင် ရွှေ့ ပြောင်းအခြေချသူများ စီးဝင်မှု ဟန့်တားနိုင်ရန်အတွက် သူ့မဲဆွယ်ကတိကဝတ်အတိုင်း အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းကာသွားမည်ဟု ပြောကြားခဲ့ ကြောင်း VOA သတင်းက ဖော်ပြသည်။
“ကျွန်တော်တို့ လုပ်မှာက ရာဇဝတ်ကောင်တွေ၊ ရာဇဝတ်မှု မှတ်တမ်း ရှိတဲ့သူတွေ၊ လူဆိုးဂိုဏ်းဝင်တွေ၊ မူးယစ်မှောင်ခိုတွေ၊ ဒီလူတွေက အများကြီး ရှိနိုင်ပါတယ်၊ နှစ်သန်းလောက် ရှိနိုင်တယ်၊ သုံးသန်းလည်း ဖြစ်နိုင်တယ်၊ အဲဒီလူတွေကို ကျုပ်တို့ တိုင်းပြည်ကနေ နှင်ထုတ်မယ်၊ ဒါမှမဟုတ် ထောင်ချပစ်မယ်” ဟု ထရမ့်က CBS ရုပ်သံ၏ 60 Minutes အစီအစဉ်တွင် ပြောကြားခဲ့သည်။
“ဒီလူတွေကို ကျုပ်တို့ တိုင်းပြည်ထဲက နှင်ထုတ်မှာပါ။ သူတို့တွေက တရားမဝင် ရောက်နေကြသူတွေပါ” ဟု ထရမ့်က ပြောကြားသည်။
နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းတွင် အင်တာဗျူး အပြည့်အစုံကို မထုတ်လွှင့်မီ ကောက်နုတ်ချက်ကို ဦးစွာထုတ်လွှင့်ခဲ့ရာတွင် ထရမ့်ထောက်ခံသူများ နှစ်သက်သည့် မဲဆွယ်ကတိကဝတ် ဖြစ်သော တံတိုင်းကာမည့် အစီအစဉ်ကိုလည်း ဆက်လုပ်သွားရန် ရည်ရွယ်ထားသည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
တံတိုင်းဟု ဆိုသော်လည်း အချို့နေရာများမှာ ခြံစည်းရိုး ကာထားသည့် သဘောမျိုး ဖြစ်နိုင်သည်ဟု ထရမ့်က ပြောကြားသည်။
အိမ်ခြံမြေ လုပ်ငန်းရှင်ဘဝမှ သမ္မတ ဖြစ်လာမည့် ထရမ့်က “ကျွန်တော်က ဆောက်လုပ်ရေးမှာ အရမ်းတော်ပါတယ်” ဟု ပြောသွားခဲ့သည်။
တံတိုင်းအတွက် ကုန်ကျစရိတ်ကို အမေရိကန်၏ တောင်ပိုင်း အိမ်နီးချင်း မက္ကဆီကိုက ပေးရမည်ဟု ဆိုထားသော်လည်း မက္ကဆီကို အစိုးရကမူ ပေးမည် မဟုတ်ဟု ထုတ်ပြန်ထားသည်။
အမေရိကန်တွင် အထောက်အထား မရှိသည့် ရွှေ့ပြောင်းအခြေချသူ ၁၁ သန်းခန့် နေထိုင်လျက်ရှိသည်။
နယ်စပ်ကို လုံခြုံအောင် လုပ်အပြီးတွင် ဥပဒေ ချိုးဖောက်သော ရွှေ့ပြောင်းအခြေချသူများကို ဦးစွာနှင်ထုတ်မည် ဖြစ်ပြီး ကျန်ရှိသူများကို မည်သို့ ဆက်လုပ်မည် ဆိုခြင်းကိုမူ အစိုးရက ဆုံးဖြတ်သွားမည် ဖြစ်သည်ဟု ထရမ့်က ဆိုသည်။
“နယ်စပ်လုံသွားပြီး၊ အကုန်လုံး ပုံမှန်ဖြစ်သွားပြီဆိုရင် ဒီအရမ်းများတဲ့ လူအုပ်ကြီးကို ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ရပါမယ်။ အရမ်းများတဲ့လူတွေ ဆိုပေမယ့် ကျွန်တော်တို့ ဆုံးဖြတ်ချက်တော့ ချရပါမယ်။ ဆုံးဖြတ်ချက် မချမီမှာ နယ်စပ်ကို လုံအောင်လုပ်ဖို့က ပိုအရေးကြီးပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
မဲဆွယ်ကာလ အတွင်းက ဖျက်သိမ်းပစ်မည် ဆိုခဲ့သော သမ္မတ အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကိုမူ အရေးပါသောအချက်များ ဆက်လက်ကျင့်သုံးသွားမည် ဖြစ်ကြောင်း ထရမ့်က CBS နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထရမ့်သည် မဲဆွယ်ကာလအတွင်း လူကြိုက်များခဲ့သည့် ကတိကဝတ် အများစုကို ပြင်ဆင် သို့မဟုတ် စွန့်လွှတ်သွားဖွယ် ရှိသည်ဟု ထရမ့်၏ အသိုင်းအဝိုင်းမှ သတင်းထွက်လာခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်မှုမျိုး မရှိသေးပေ။
အမေရိကန်မြို့ကြီးများတွင် ထရမ့်၏ ရွေးကောက်ပွဲအောင်ပွဲအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားနေသော်လည်း ထရမ့်က အစိုးရသစ် ဖွဲ့စည်းရန် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
ရီပတ်ဘလစ်ကန် နိုင်ငံလုံးဆိုင်ရာ ကော်မတီ သဘာပတိ ရိန့်စ်ပရီးဘက်စ်ကို သမ္မတရုံး အကြီးအကဲအဖြစ် ခန့်အပ်သွားမည် ဖြစ်သည်ဟု ထရမ့်က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ယင်းရုံးအဖွဲ့ရာထူးမှာ သမ္မတကို အနီးကပ်ဆုံး အထောက်အကူ ပေးရသည့် ရာထူးဖြစ်ပြီး ထရမ့် လက်ထက်တွင် ထိုနေရာမှာ ယခင်သမ္မတများထက် ပိုအရေးပါလာဖွယ် ရှိသည်။
လက်ယာယိမ်း မီဒီယာ အမှုဆောင်ဟောင်း စတိဗ်ဘန်နွန်ကိုလည်း မဟာဗျူဟာမှူးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။
ရိန့်စ်ပရီးဘတ်စ်အား ခန့်ထားမှုကို နိုင်ငံရေး အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြသော်လည်း လူဖြူအစွန်းရောက်ဟု ဝေဖန်ခံရသော ဘန်နွန်ကို ခန့်အပ်ခဲ့မှု အပေါ်တွင်ကား ဝေဖန်မှုများစွာ ရှိခဲ့သည်။
The voice
No comments:
Post a Comment