* ၁၁ ဘီလျံ၊ ပေါ်လာတဲ့ ၇ ဒသမ ၆ ဘီလျံနဲ့ မေးစရာ မေးခွန်းများ * ===================================== မြန်မာနိုင်ငံမှ ပြည်ပဘဏ်များတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ရှိနေသည်ဟု BIC မှ Mr.Jelson Garcia က ထုတ်ပြောခဲ့ပြီးနောက်ပိုင်း ထိုမျှများပြားလှသော ငွေကြေးများ အမှန်တကယ် ရှိနေသလား၊ အလွဲသုံးစား လုပ်ထားသည့်ငွေများ ဖြစ်နေသလားဟူ၍ The Daily Eleven က မေးခွန်းထုတ်ခဲ့သည်။ ယင်းနောက်တွင် မြန်မာနိုင်ငံမှ နိုင်ငံခြား အရန်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံကို ပြည်ပဘဏ်များတွင် ထားရှိသည်ဟု ဗဟိုဘဏ်က ၀န်ခံခဲ့ကာ ၁၁ ဘီလျံကိစ္စကို ငြင်းဆိုခဲ့သည်။ အဆိုပါ နိုင်ငံခြား အရန်ငွေ ၇ ဒသမ ၆ ဘီလျံသည် လည်ပတ်နေသော ငွေများဖြစ်သလား၊ Fixed deposit (ပုံသေအပ်နှံထားသော) ငွေများဖြစ်သလား ဆိုသည့်အချက်ကိုမူ ဗဟိုဘဏ်က ရှင်းလင်းခဲ့ခြင်း မရှိပေ။ ထိုကိစ္စရပ်သည် လျို့ဝှက်ထားသင့်သော ကိစ္စရပ် မဟုတ်ဘဲ ရှင်းလင်းရမည့်ကိစ္စ ဖြစ်ပါသည်။ The Daily Eleven အနေဖြင့် ၁၁ ဘီလျံကိစ္စကို ယခုအစိုးရက အချက်အလက် မခိုင်မာသဖြင့် ဖော်ထုတ်နိုင်ခြင်း မရှိဆိုပါက နောင်တက်လာမည့် အစိုးရက ဖော်ထုတ်ရမည့် ကိစ္စဟု ယူဆပါသည်။ သို့သော် တရားဝင် ပြောကြားလာသော နိုင်ငံခြား အရန်ငွေ ၇ ဒသမ ၆ ဘီလျံနှင့် ပတ်သက်၍မူ မေးစရာ မေးခွန်းများ ရှိလာပြီ ဖြစ်သည်။ ဤမျှ များပြားလှသော ငွေများရှိနေသောကြောင့် အစိုးရ အနေဖြင့် ပြည်ပနိုင်ငံများမှ ချေးငွေထပ်ယူရန် မလိုအပ် သကဲ့သို့ သမ္မတဦးသိန်းစိန် အနေဖြင့်လည်း နိုင်ငံတကာသို့ လှည့်လည်ပြီး ကြွေးမြီများ လျှော်ပေးပါဟု တောင်းခံရန် မလိုအပ်တော့ပေ။ ငွေကြေးထပ်မံ ချေးယူလိုသည် ဆိုပါကလည်း အတိုးနှုန်း သက်သာသော ကမ္ဘာ့ဘဏ်၊ IMF နှင့် ဂျပန်နိုင်ငံတို့ ထံမှသာ ချေးယူသင့်ပါသည်။ သို့သော် အစိုးရသည် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ၁၀ နှစ် ကြာမြင့်ချိန်အတွင်း အမေရိကန်ဒေါ်လာ ၄၅ သန်း အတိုးငွေပေးရမည့် တရုတ်နိုင်ငံထံမှ ချေးယူထားပါသည်။ ဥပမာအားဖြင့် မကြာသေးမီ အချိန်က တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေကို အစိုးရက ချေးယူခဲ့သည်။ ထိုချေးငွေများကို ပြည်သူလူထုနှင့် တောင်သူလယ်သမားများ အကျပ်တွေ့စေနိုင်သည့် အတိုးနှုန်း နှစ်ကျပ်ဖြင့် ပြန်ချေးခဲ့သည်။ နိုင်ငံခြား အရန်ငွေကြေး ၇ ဒသမ ၆ ဘီလျံ ရှိနေသော အစိုးရ အနေဖြင့် အတိုးနှုန်း ကြီးမားသော တရုတ်နိုင်ငံထံမှ အလောတကြီး ချေးငွေထပ်ယူ သင့်ပါသလား။ အခြားတစ်ဖက်တွင်လည်း ရှိထားသည့် နိုင်ငံခြား အရန်ငွေဖြင့် ငွေကြေးထိန်းချုပ်မှုကို ပြုလုပ်ထားသည်ဟု ဆိုသော်လည်း အစိုးရ အနေဖြင့် ငွေကြေးထိန်းချုပ်မှုကို ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ပေ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ စတင်တာဝန်ယူချိန်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်ငွေရှစ်ရာဖြင့် သတ်မှတ်ခဲ့သော်လည်း နှစ်နှစ်ကြာမြင့်ချိန်တွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုးမှာ ကျပ် ၁၀၀၀ သို့ ရောက်ရှိသွားပြီး ငွေကြေးတန်ဖိုး ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ထိုကဲ့သို့ ငွေကြေးကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိခြင်းကြောင့် ငွေကြေးဖောင်းပွမှုဒဏ်နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ပြည်သူလူထုက ခံစားခဲ့ရသည်။ နိုင်ငံခြား အရန်ငွေကြေးဖြင့် ငွေကြေးထိန်းချုပ်မှုကို တည်ငြိမ်အောင် မလုပ်ဆောင် နိုင်ခြင်းကလည်း မေးခွန်းတစ်ရပ် ဖြစ်ပါသည်။ ထိုကိစ္စရပ်အတွက် ဗဟိုဘဏ်တွင် တာဝန်ရှိသည်ဟု ယူဆပါသည်။ လက်ရှိအချိန်တွင် နိုင်ငံခြား အရန်ငွေကြေး ၇ ဒသမ ၆ ဘီလျံ ရှိနေပြီး နှစ်ကုန်ပိုင်း ကိုးဘီလျံအထိ ရှိလာမည်ဟု သိရှိထားပါသည်။ ထို့အပြင် ရွှေသဘာဝ ဓာတ်ငွေ့မှ ရရှိမည့် ၀င်ငွေအပါအ၀င် အစိုးရ၏ ၀င်ငွေမှာ တစ်နှစ်လျှင် လေးဘီလျံကျော်ခန့် တိုးပွားလာမည် ဖြစ်သည်။ ထိုငွေများကို မည်သို့အကျိုးရှိရှိ သုံးစွဲမည် ဆိုသည်ကို ပြည်သူလူထု၊ မီဒီယာနှင့် လွှတ်တော်က မေးခွန်းထုတ်ရန် စောင့်ကြည့်နေမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ယခင်အစိုးရ လက်ထက်က ငွေကြေးအရှုပ်အရှင်းများ၊ ငွေစာရင်းများ၊ နိုင်ငံခြား အရန်ငွေ ပမာဏ မည်မျှရှိသင့်ခြင်း၊ ပြည်ပဘဏ်များတွင် မည်မျှအပ်နှံထားသည်၊ အတိုးနှုန်း မည်မျှရရှိထားသည်ဆိုသော အချက်များကို ပိုမိုရှင်းလင်းစေရန် ယခုအစိုးရ အနေဖြင့် တာဝန်ခံ ဖြေရှင်းပေးသင့်သည့်ဟု ယူဆကြောင်း The Daily Eleven က မီးမောင်းထိုး ဖော်ပြလိုက်ပါသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ထုတ် #TheDailyEleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
No comments:
Post a Comment