မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, September 21, 2013
အပြုံး တစ်ပွင့်
အပြုံးတစ်ပွင့်
Written by - စုလဲ့အောင်
လူတိုင်းမှာ လုံးဝသတိမထား မိနိုင်တဲ့ အကျင့်ဆိုးလေးတွေ ရှိတတ်ကြပါတယ်။ ကျွန်မမှာလည်း အဲဒီလို အကျင့်ဆိုး တစ်ခုလို့ ဆိုရလောက်တဲ့ ဥာဉ်ဆိုးလေးတစ်ခု ရင်ထဲမှာ ကိန်းအောင်းနေခဲ့တာ လူမှန်းသိတတ်စ အရွယ်ကတည်းကပါ။
ဘာရယ်တော့ မဟုတ်ပါဘူး။ ကျွန်မရဲ့ နဂိုမူလ အကျင့်ကိုက အေးအေးလူလူ နေတတ်တာပါ။ ပြောရမယ်ဆိုရင် ကျွန်မရဲ့ အကျင့်က တော်ရုံတန်ရုံ မသိတဲ့သူကို အပြင်မှာ တွေ့လိုက်တာပဲဖြစ်ဖြစ်၊ အမှတ်မထင်ပဲ မြင်လိုက်ရတာပဲ ဖြစ်ဖြစ် အပြုံးအရယ်မရှိ တတ်တာပါဘဲ။ အဲ့ဒါကလည်း တစ်ဖက်က ဘယ်လိုတုံ့ပြန်မှုမျိုး ပြန်လာမလဲ ဆိုတာကို စိုးရိမ်ပူပန် ခဲ့မိတာပါ။
ကျွန်မဘက်က လိုလိုလားလား နှုတ်ဆက်လိုက်လို့ သူ့ဘက်ကလည်း ထပ်တူနှုတ်ဆက် ဖြစ်မယ်ဆိုရင် ပူပန်စရာ မရှိပါဘူး။ ဒါပေမဲ့ ဆန့်ကျင်ဘက်က တွေးကြည့်လိုက်ပြန်ရင် ငါကပဲသူ့ကိုသိပြီး သူကငါ့ကို မသိရင် ဘယ်လိုလုပ်မလဲ။ သူပြန်နှုတ်မဆက်ရင်လည်း ရှက်ဖို့ကောင်းမှာပဲဆိုတဲ့ အဆိုးမြင်ဝါဒီနဲ့ တွေးမိပြန်ပါတယ်။ အဲဒီလို ကျွန်မရွေးချယ်ရခက်တဲ့ အခြေအနေမျိုး ဖြစ်လာပြီဆိုရင် အမြဲလုပ်လိုက်မိတဲ့ အရာက မမြင်ချင်ယောင် ဆောင်လိုက်တာပါပဲ။ တချို့တလေလည်း ဒီလိုလုပ်ရပ်မျိုး လုပ်မိကြမှာပါ။ အစကတော့ ဒီလိုမျိုးလုပ်တာက နှစ်ဦးနှစ်ဖက် စလုံးအတွက် ကောင်းမယ်ထင်ပြီး အကယ်၍ တစ်ဖက်ကလည်း ကိုယ့်လိုခံစားချက်မျိုး ရှိနေရင် အဆင်ပြေနိုင်ပါတယ်ဆိုတဲ့ အတွေးနဲ့ ခဏတာ ရှောင်လွှဲလိုက်မိတာပါ။ ဒါပေမဲ့ အဲဒီလို ခဏတာက တစ်ဘ၀စာရဲ့ တစ်နေရာစာ အခန်းကဏ္ဍ တိုင်းအတွက် တစ်သက်လုံး အရေးပါနေတယ်ဆိုတာ အချိန်မလွန်မီ သိလိုက်ရပါတယ်။
အဲဒီနေ့က ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ကောင်မလေးတစ်ယောက် ရုံးကနေ အပြင်ကို အလုပ်ကိစ္စ တစ်ခုနဲ့ နှစ်ယောက်သား ခပ်သုတ်သုတ် ထွက်ခဲ့ကြပါတယ်။ အချိန်ကလည်း အရမ်းနီးနေတော့ အချိန်မီအောင် ခြေကုန်သုတ် တင်ခဲ့ကြတာ ကိုယ်ယူနေကျ ပစ္စည်းလေးတွေ ပါမပါတောင် သတိမထား မိကြပါဘူး။ ကားဂိတ်လည်း ရောက်ရော ရုံးက မျက်မှန်းတန်းမိနေတဲ့ ၀န်ထမ်းတစ်ယောက်နဲ့ တွေ့ပါတယ်။ ခါတိုင်း ကျွန်မအကျင့်အရဆိုရင် သူ့ကိုပြုံးပြဖို့ တော်တော်လည်း အားယူရမှာပါ။ ဒီတစ်ခေါက်တော့ ဘေးနားမှာ သူငယ်ချင်းလည်း ရှိနေတော့ ထူးထူးဆန်းဆန်း ပြုံးပြလိုက်မိပါတယ်။ သူ့ဘက်ကလည်း ကျွန်မထင်ထားသလို လိုလိုလားလားပဲ တုံ့ပြန်အပြုံးလေး ပေးရှာပါတယ်။ သူနဲ့ကျွန်မက စကားရယ်ဆိုလို့ တရင်းတနှီးလည်း တစ်ခါမှ မပြောဖူးပါဘူး။ ဒါပေမဲ့ သူ့ကို ကြည့်လိုက်ရင် အမြဲတပြုံးပြုံး ဆိုတော့ သတိထားမိ သွားတာပါ။ ဒီလိုနဲ့ သွားလိုတဲ့နေရာကို ရောက်နိုင်မယ့် ကားပေါ်ကို တက်ခဲ့ကြပါတယ်။
ကားပေါ်ရောက်တော့ နေ့လယ်ခင်းလည်း ဖြစ်တာကြောင့် လူချောင်ချောင်ချိ သာရှိပြီး နေရာလည်း ရပါတယ်။ အဲ့ဒီမှာတင်စပြီး ပြဿနာအကြီးကြီး တက်တော့တာပါပဲ။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း နှစ်ယောက်စလုံး မျက်လုံးပြူးပြီး ကျွတ်ထွက် မိတော့မယ့် အခြေအနေထဲ ရောက်သွားရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မနဲ့သူနဲ့မှာ လက်ကိုင်အိတ်ရယ်ဆိုလို့ ဘာပစ္စည်းမှ ပါမလာပါဘူး။ သူနဲ့ ကျွန်မနဲ့ပေါင်းမှ စာအုပ်နှစ်အုပ်နဲ့ ဘောပင်တစ်ချောင်း။ အခြေအနေက လုံးဝကို ကျဉ်းထဲကျပ်ထဲပါပဲ။ နှစ်ယောက်စလုံးက မိန်းကလေးတွေဆိုတော့ စပယ်ယာ အဟောက်ခံမှာလည်း တွေးကြောက်ရ၊ ကားပေါ်ကပဲ ပြန်ဆင်းရင် ကောင်းမလားစတဲ့ လား.. လား..လား..ဆိုတဲ့ မေးခွန်းတွေနဲ့ နှစ်ယောက်သား ခေါင်းတိုက် နေကြရပါတယ်။ အယ်..ကျွန်မရဲ့ အကျင့်ကောင်းတစ်ခုက စာအုပ်ကြားထဲမှာ ပိုက်ဆံလေးတွေ ညှပ်တတ်တော့ တွေ့လိုတွေ့ငြားဆိုပြီး ဟိုလှန် ဒီလှန်ရှာကြည့်တော့ ၅၀၀ တန်တစ်ရွက် ထွက်လာပါတယ်။ နှစ်ယောက်သား ဣနြေ္ဒလေး ပြန်ထုတ်ပြီး ၅၀၀ တန်ကို ကောက်ပေး လိုက်ပါတယ်။ ဒါပေမဲ့ စပယ်ယာဆီက ကြားလိုက်ရတဲ့ စကားလုံး ပြတ်ပြတ်ကြီးတွေကြောင့် ခုနကမှ ထုတ်ထားတဲ့ ဣနြေ္ဒလေးတွေတောင် ဘယ်နားသွားပြီး ပြန်တည်ဆောက်ရမလဲ မသိတော့ပါဘူး။
ကြားလိုက်ရတဲ့ စကားက ''၅၀၀တန် အပြဲလေး လဲပေးပါတဲ့'' လုံးဝကို ဆောက်တည်ရာမရ အခြေအနေပါပဲ။ သေချာကြည့်လိုက် တော့လည်း ၅၀၀ တန်က တော်တော် ဆိုးဆိုးပါပဲ။ ထိပ်ပိုင်းတစ်ခုလုံးကို ပြတ်ထွက်နေတာ။ ဘယ်နားက အစအနကို ပြန်ဆွဲရမှန်း မသိတော့တဲ့ အခြေအနေ ပြန်ရောက် သွားပြန်ပါပြီ။ ဒါပေမဲ့ ကျွန်မသူငယ်ချင်းက သူ့ဘေးဘီဝဲယာ လှည့်ကြည့်လိုက်တော့ ကားဂိတ်မှာ တွေ့ခဲ့တဲ့ ရုံးက၀န်ထမ်း တစ်ယောက်လည်း ကျွန်မတို့နဲ့ ကားတစ်စီးတည်းဆိုတာ သိလိုက်ရတယ်။ သူကတော့ ပြုံးပြုံးနဲ့ ကျွန်မတို့ အခက်အခဲကို သိနေတဲ့ ပုံပါပဲ။ ကျွန်မသူငယ်ချင်း အကူအညီလည်း လှမ်းတောင်းလိုက်ရော ကြည်ကြည်ဖြူဖြူနဲ့ ကူညီပေးရှာပါတယ်။ အခက်အခဲ ဖြစ်ရတော့မယ့် အခြေအနေမို့လို့ သူကယ်လိုက်တဲ့ အခါမှပဲ ဒီအဖြစ်ဆိုးကြီးက လွတ်မြောက် သွားပါတယ်။
သေချာပြန်စဉ်းစားကြည့်တော့ ကျွန်မရဲ့ အရင်မယုံမရဲ စိတ်နဲ့ဆိုရင် အကယ်၍ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်တည်း ဖြေရှင်းဖို့ကို ကြောက်နေမိမှာပါ။ ဒီလိုပဲမသိ မသာနဲ့ အပြုံးအရယ်မရှိ နေလိုက်မိမယ်ဆိုလျှင် ခုလို အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ်နဲ့သိနေရင်တောင်မှ အကူအညီတောင်းဖို့ ၀န်လေးနေမှာပါ။ ဘာပဲဖြစ်ဖြစ် မိမိနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ လူမှုဆက်ဆံရေး ပြေလည်ဖို့ အခြေခံက ''အပြုံး'' ပါပဲ။ မိမိတို့နှစ်ယောက် ရင်းနှီကြောင်းကို ပြရာမှာလည်း အပြုံးနဲ့ အဓိပ္ပာယ် ဖော်ပြတတ်ကြပြီး အပြုံးနဲ့ပဲ အသိအမှတ် ပြုတတ်ကြပါတယ်။
ပြုံးရယ်ခြင်းက သက်ရှိလူသားတွေကြားက ရင်းနှီးမှုဖလှယ်ရာ ပေါင်းကူးတံတား လေးလည်း ဖြစ်ပါတယ်။ သေချာတာကတော့ အခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမိလိုက်တာက နောက်ဆိုကိုယ်နဲ့ မျက်မှန်းတန်းမိနေတဲ့ မည်သူ့ကိုမဆို အရင်တုန်းကလို မဟုတ်တော့ဘဲ ပြုံးပြဖို့ပါပဲ။ ဒီလိုမျိုးပြုံးပြ နှုတ်ဆက်ဖို့က လူတစ်ယောက် အတွက် အပန်းမကြီး လှပါဘူး။ ဒါမှသာ အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့ရင် ခုလိုပြုံးပြ မိတ်ဆက်ခဲ့တာတွေက မိမိကိုပြန်လည် ကူညီပေးဖို့ အကြောင်းအရင်းလေးတွေ ဖြစ်တည်လာမှာပါ။
ပြုံးရယ်ခြင်းကလည်း အသက်ရှည်ရာ အဆင်းလှတဲ့ လာဘ်ကြီးတစ်ပါးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်း အပြစ်ကင်းစင်မယ့် အပြုံးတစ်ပွင့်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း ...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment