Thursday, October 1, 2015

ရံဖန်ရံခါ အရှုံးပေးခြင်းဟာ ကြီးမားတဲ့အောင်နိုင်မှု့ပါ”

“ရံဖန်ရံခါ အရှုံးပေးခြင်းဟာ ကြီးမားတဲ့အောင်နိုင်မှု့ပါ”
-------------------------------------------------------
စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော်ပါတယ်… ဘယ်သူကမှ သူ့ကိုနိုင်အောင် မကစားနိုင်ပါဘူး…။
တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူစစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေးတစ်လုံးမှာ
“တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစားရာမှာနံပါတ်တစ်”
ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာ သွားတွေ့ကြတယ်…။ စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကိုသွားရှာပြီး စစ်တုရင်ပြိုင်ကစားကြတာ အိမ်ရှင်က ၃ကြိမ်လုံးရှုံးခဲ့တော့
စစ်သူကြီးက ရယ်မောပြီးပြောတယ်-
“ ဟားဟား....မောင်မင်း ဆိုင်းပုဒ်ကြီးဖြုတ်ပစ်လိုက်တော့ ”
ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက်ထွက်သွားတော့တယ်…။
..........................
မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ အဲ့ရွာကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်… ဒါနဲ့ အိမ်ရှင်ကိုထပ်သွားတွေ့တော့ နောက်ထပ်စိန်ခေါ်စကားပြောကြရင်း ထပ်ကစားဖြစ်ကြတယ်…။
..........................
ဒီတစ်ခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက်ရှုံးသွားတယ်… စစ်သူကြီး အရမ်းအံသြသွားတယ်…
အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်လည်း' ပေါ့…
အိမ်ပိုင်ရှင်ကပြောပြတာက
“ အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမဲ့တာဝန်ကြီးရှိနေတယ်။ ကျွန်တော်မျိုးအနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကိုချိုးပစ်လို့မသင့်ဘူး။ ဒီတစ်ခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိုထားစရာ မလိုတော့ဘူးပေါ့ ”တဲ့…။
..........................
တကယ်တော်တဲ့သူဆိုတာ အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွတ်နိင်စွမ်းရှိအောင် စိတ်သဘောထားကြီးတဲ့သူပါပဲ…
..........................
လက်တွေ့ဘဝမှာလည်း အတူတူပါပဲ…
သိနေလည်း မလိုအပ်ဘဲပြောစရာမလိုပါဘူး။ မပြောဘူးဆိုတာက မသိလို့လည်းမဟုတ်ပါဘူး။
Ref; သင်သိလျင်ချမ်းသာလိမ့်မည်

Lwin Pyin



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

မန်စီတွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲများဆက်ဖြစ်

မန်စီတွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲများဆက်ဖြစ်
Thursday, October 1, 2015

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် တပ်မတော်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း မန်စီမြို့ ဒေသခံများနှင့် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။
“မနေ့က မနက် ဆယ်နာရီလောက်ကစပြီး ညပိုင်းအထိ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိတယ်။ တပ်မတော်ဘက်ကလည်း မန်စီမြို့ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်တာလည်း ရှိတယ်။ KIA တပ်စခန်း တစ်ခုကိုလည်း မနေ့က သိမ်းလိုက်တယ်လို့ သတင်းကြားတယ်၊ ဒီနေ့မနက်တော့ သေနတ်သံ မကြားရသေးဘူး” ဟု မန်စီမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောကြားသည်။
အဆိုပါ ဒေသတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မန်စီမြို့လယ်ရှိ လောကမာန်အောင် ဘုရားဝင်းအတွင်း တပ်မတော်က လက်နက်ကြီးများ တပ်ဆင်ကာ KIA တပ်စခန်းများ ရှိရာသို့ ပစ်ခတ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု မန်စီမြို့ ဒေသခံများက ဆိုသည်။
KIA အဖွဲ့သည် မန်စီမြို့ အနီးပတ်ဝန်းကျင်တွင် လာရောက်နေထိုင်၍ မြို့နေပြည်သူလူထု၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ပြီး မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်သည်ဟုဆိုကာ ဒေသခံများက ရှင်းလင်းပေးရန် အကူအညီ တောင်းသောကြောင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ပြုလုပ်ရခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၂၉ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် မန်စီမြို့တောင်ဘက်တစ် မိုင်ခန့်အကွာ တောင်ကုန်းများပေါ်တွင် တပ်စွဲနေရာယူထားသော KIA အဖွဲ့နှင့် တပ်မတော်တို့ စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ ၂၈ ရက်နေ့အထိ တိုက်ပွဲပေါင်း လေးကြိမ် ဖြစ်ပွားခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
“ပြီးခဲ့တဲ့လတုန်းက မြို့ထဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်တာတော့ မှန်တယ်။ အဲ့ဒါကို ဘယ်သူလုပ်တယ် ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဒေသလုံခြုံမှုမရှိလို့ အကူအညီတောင်းတယ် ဆိုတာတော့ မဟုတ်ဘူး။ ဒေသခံတွေက တပ်မတော်ကို တောင်းဆိုတာလည်း မရှိဘူး” ဟု မန်စီမြို့ ဒေသခံတစ်ဦးက တပ်မတော်၏ သတင်းထုတ်ပြန်ချက်အပေါ် တုံ့ပြန်ပြောကြားသည်။
လက်ရှိအချိန်အထိ မန်စီမြို့တွင် ရောက်ရှိနေသည့် တပ်မတော်ဘက်မှ တာဝန်ရှိသူများ အနေနှင့် ဒေသခံများကို ခေါ်ယူတွေ့ဆုံ၍သော် လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှသော် လည်းကောင်း တစ်စုံတစ်ရာ သတိပေးအကြောင်းကြားခြင်းများ မရှိသေးဘဲ မြို့တွင်းရှိ အဓိကလမ်းတချို့ကို သွားလာခွင့်ပိတ် ပင်ထားသည်ဟု ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ သဘောကတော့ မြို့ထဲမှာ တပ်စွဲထားတာ မဖြစ်သင့်ဘူး။ သူတို့အချင်းချင်း ပစ်တာ ကိစ္စမရှိဘူး။ နေ့စဉ် သေနတ်သံတွေကြောင့် ဒေသခံတွေမှာ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်။ တချို့ဆို ကိုယ်အိမ့်ကိုယ်တောင် မနေရဲကြတော့ဘူး” ဟု မန်စီမြို့ ဒေသခံတစ်ဦး ဖြစ်သူ ဦးလဒွဲက ပြောကြားသည်။
မန်စီမြို့ပေါ်တွင် တပ်မတော်က တပ်စွဲထားခြင်းကို ပြောင်းရွှေ့ပေးရန် မြို့ပေါ်ရှိ ဒေသခံများက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှတစ်ဆင့် ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ စက်တင်ဘာ ၂၈ ရက်နေ့က တင်ပြထားကြောင်း ဒေသခံ ဦးလဒွဲက ဆက်လက်ပြောကြားသည်။
ထို့အပြင် မန်စီမြို့နယ်အတွင်းရှိ မိုင်းခေါင်ဒေသတွင်လည်း တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ အိမ်ထောင်စုပေါင်း ၆၀ ကျော်မှာ မိုင်းခေါင်စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေကြရပြီး ဒေသခံ ၂၃ ဦးမှာလည်း တိုက်ပွဲဖြစ်သည့် နေရာတွင် လက်ရှိအချိန်ထိ ပိတ်မိနေဆဲ ဖြစ်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
အဆိုပါတိုက်ပွဲတွင် တပ်မတော်ဘက်မှ KIA တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး မိုင်းခေါင်-မန်စီ ကားလမ်းမပေါ်တွင် တပ်မတော်စစ်ကြောင်းကို KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူများ ထိမှန်ခဲ့ကာ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သလို တပ်မတော်မှ စစ်သည်တစ်ဦးလည်း ကျဆုံးခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် KIA အဖွဲ့သည် လာမည့် အောက်တိုဘာလလယ်တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်များ ထိပ်သီးအစည်းအဝေးတွင် သဘောထား မှတ်ချက်ပေးထားသည်။

The Voice Weekly



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

မဲမပေးရန် လှုံ့ဆော်သော ဘာသာရေး အဖွဲ့အစည်းများအား ရွေးကောက်ပွဲ ဥပဒေအရ အရေးယူနိုင်ခြင်းမရှိဟု ကော်မရှင်ဆို

မဲမပေးရန် လှုံ့ဆော်သော ဘာသာရေး အဖွဲ့အစည်းများအား ရွေးကောက်ပွဲ ဥပဒေအရ အရေးယူနိုင်ခြင်းမရှိဟု ကော်မရှင်ဆို
------------------------------------

ရန်ကုန်၊ စက်တင်ဘာ ၃၀

အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို မဲမပေးရန် လှုံ့ဆော်သော ဘာသာရေး အဖွဲ့အစည်းများကို ရွေးကောက်ပွဲ ဥပဒေများနှင့် အရေးယူနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ပြောကြားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့တော် PARK ROYAL ဟိုတယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ ပဋိပက္ခများကို တားဆီးခြင်းဖိုရမ် အပြီးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဘာသာရေးကို နိုင်ငံရေးအလို့ငှာ အလွဲသုံးစားပြုလုပ်သော နိုင်ငံရေးသမားများ၊ ကိုယ်စားလှယ်လောင်းများကိုသာ ရွေးကောက်ပွဲ ဥပဒေများအရ ဟန့်တားအရေးယူနိုင်ခြင်း ပြုလုပ်နိုင်သော်လည်း ဘာသာရေး အဖွဲ့အစည်းများသည် ရွေးကောက်ပွဲ ဥပဒေများနှင့် အကျုံးမဝင်ကြောင်း ဦးဝင်းကိုက ဆိုသည်။

“ဘာသာရေး အဖွဲ့အစည်းများကို စီမံအုပ်ချုပ်တာက သံဃမဟာနာယကနဲ့ သာသနာရေး ဝန်ကြီးဌာနက ဆိုင်မယ်၊ ဘုန်းကြီးတွေ လုပ်တာကို အန်ကယ်တို့ ဘာမှဝင်လုပ်လို့ မရဘူး။ ဘာသာရေး အဖွဲ့အစည်းတွေက လုပ်ကိုင်နေတဲ့ ကိစ္စတွေက တို့နဲ့ တိုက်ရိုက်မပတ်သက်ပါဘူး” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ရွေးကောက်ပွဲ ဥပဒေများ၏ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ အခန်း (၁၃) ပါ ပုဒ်မ ၅၈ ပုဒ်မခွဲ (ဂ) တွင် မည်သူမဆို လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြပြီး ဆန္ဒမဲပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းကို ကျူးလွန်ခြင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ယင်းပုဒ်မနှင့် ပတ်သက်ပြီး ဦးဝင်းကိုက “ဥပဒေမှာ မည်သူမဆို ဆိုတာက ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကိုက ကော်မရှင် ဥပဒေအောက်မှာ မရှိဘူး။ ဒီဥပဒေကို လိုက်နာရမယ့် သူတွေထဲမှ သူတို့တွေ မပါဘူး။ သူတို့ဟာ သံဃမဟာနာယကနဲ့ သာသနာရေး ဝန်ကြီးဌာနနဲ့ပဲ ဆိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ဘာသာရေး အဖွဲ့အစည်းများသည် ရွေးကောက်ပွဲတွင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများကို မဲမပေးရန် (သို့မဟုတ်) မဲပေးရန် လှုံ့ဆော်ခြင်းသည် ရွေးကောက်ပွဲဖြစ်စဉ်နှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့် ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲ ဥပဒေများနှင့် သက်ဆိုင်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ထောက်ပြပြောဆိုသည်။

“ဒါက လှီးလွှဲပြောတာ။ ဘုန်းကြီးတွေ ဒီလို လုပ်နေတာက ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နှောင့်ယှက်တာပဲလေ။ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူးလား၊ ကော်မရှင်နဲ့ မဆိုင်ဘူးတဲ့လား။ ဥပဒေကို မသိဘူးလို့ ဆင်ခြေပေးလို့ မရဘူး။ မည်သူမဆို ဆိုတဲ့အောက်မှာ သံဃာအဖွဲ့အစည်းတွေ မပါဘူး ဆိုတာက ဒီလူမှားကို မှားတာ” ဟု ၎င်းက ဆိုသည်။

အလားတူ နိုင်ငံရေးအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ၊ ထို့အပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေးကြောင့်သော် လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ပြီး ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေ ပြဋ္ဌာန်းနိုင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ တွင် ပြဋ္ဌာန်းထားသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

KIA မှ မိုင်းခေါင်ကျေးရွာအနီး လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ရွာသားများ ထွက်ပြေး နေရပြီး ဒုက္ခသည်စခန်းများ လူပြည့်နေ =====================

KIA မှ မိုင်းခေါင်ကျေးရွာအနီး လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ရွာသားများ ထွက်ပြေး နေရပြီး ဒုက္ခသည်စခန်းများ လူပြည့်နေ
=========================================
30, September, 2015 By Kachin People

မန်စီမြီု့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး တပ်မတော်မှ လိုက်လံတိုက်ခိုက်လျှက်ရှိရာ KIA တပ်ဖွဲ့ဝင်များမှ ယာယီခြေကုတ်စခန်းများ ပြုလုပ်ကာ လက်နက်ကြီးများဖြင့် ပြန်လည်ခုခံ ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာအနီးရှိ KIA တပ်စခန်းများအား စစ်တပ်မှ မောင်းထုတ်လိုက် ပြီးနောက် KIA တို့သည် ၎င်းကျေးရွာပတ်ဝန်းကျင်အနီးမှနေ၍ စစ်တပ်ရှိရာ မိုင်းခေါင်ရွာအနီးသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် မိုင်းခေါင်ကျေးရွာအုပ်စု ခါနမ်ရပ်ကွက် အနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ ဒေသခံများ မိုင်းခေါင်ဒုက္ခသည်စခန်း ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းဒုက္ခသည်စခန်းတာဝန်ခံ ဦးနော်မိုင်မှ ပြောကြား ထားပါသည်။

မိုင်းခေါင်ဒုက္ခသည်စခန်းသို့ ဒေသခံစစ်ရှောင် ၁၄၀ ကျော် ထွက်ပြေးရောက်ရှိလာပြီး ဒုက္ခသည်စခန်းတွင် ထားစရာနေရာမရှိတော့ကြောင်း၊ အချို့ဒုက္ခသည်များမှာ ဆွေမျိုးရှိရာ အိမ်များသို့ သွားရောက်နေထိုင်ကြကြောင်း၊ အချို့မှာ လမ်းဘေးတွင် ယာယီတဲထိုး၍ နေနေရ ကြောင်း၊ KIA မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပြီး ဆက်လက်ပစ်ခတ်နေပါက မိမိတို့ ဒုက္ခသည် စခန်းကိုပါ လာရောက်ထိခိုက်နိုင်သဖြင့် ဒုက္ခသည်များ ကြောက်လန့်နေကြကြောင်း ဆက်လက် ပြောကြား ထားပါသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

အပစ်ရပ်လက်မှတ်ရေးထိုးမည့်အဖွဲ့နှင့် မထိုးမည့်အဖွဲ့များကြား ပူးပေါင်းကော်မတီဖွဲ့ရန် ဆွေးနွေး

အပစ်ရပ်လက်မှတ်ရေးထိုးမည့်အဖွဲ့နှင့် မထိုးမည့်အဖွဲ့များကြား ပူးပေါင်းကော်မတီဖွဲ့ရန် ဆွေးနွေး
Thursday, October 1, 2015

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်(NCA)လက်မှတ်ရေးထိုးမည့်အဖွဲ့များနှင့် လက်မှတ်မရေးထိုးသေးဘဲ စောင့်ကြည့်ဦးမည့်အဖွဲ့များကြား ပူးပေါင်းကော်မတီတစ်ခုဖွဲ့စည်းနိုင်ရန် ချင်းမိုင်အစည်းအဝေးတတိယနေ့တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ချင်းမိုင်မြို့တွင် စက်တင် ဘာ ၃၀ရက်က ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်း အဝေး၌ ယင်းကဲ့သို့ဆွေးနွေးခဲ့ ခြင်းဖြစ်သည်။ ထိပ်သီးအစည်းအ ဝေးဒုတိယနေ့တွင် NCAကိုလက် မှတ်ရေးထိုးရန် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ငြိမ်းချမ်းရေးကောင်စီ(PC)၊ ကျောင်း သားတပ်မတော်(ABSDF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)တို့က ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေးတက်ရောက်နေသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD)အဖွဲ့ဝင် ၁၇ဖွဲ့အနက် ခုနစ်ဖွဲ့က ယင်းသို့ သဘောထားပေးခဲ့သည်။

ကျန်သည့်အဖွဲ့များက အားလုံးပါဝင်မှ လက်မှတ်ရေးထိုး ရေးမူကို စွဲကိုင်ထားပြီးအခြေအ နေစောင့်ကြည့်မည့်သဘောဖြစ် ကြောင်း အစည်းအဝေးတက် ရောက်နေသူအချို့က ပြောသည်။

ပူးပေါင်းကော်မတီဖွဲ့စည်း မည့်အခြေအနေနှင့်ပတ်သက်၍ SD ပြောရေးဆိုခွင့်ရှိသူများသို့ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။

NCAကို လက်မှတ်မရေးထိုး ဘဲ စောင့်ကြည့်ဦးမည့်အဖွဲ့များ တွင် ကေအိုင်အို၊ ရှမ်းပြည်တပ်မ တော်မြောက်ပိုင်း(SSPP/SSA)၊ ပလောင်ပြည်လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA)စသည့်အ ဖွဲ့များပါဝင်သည်။

အစည်းအဝေးသို့ SD အဖွဲ့ဝင်မဟုတ်သည့် မိုင်းလား(NDAA)နှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(RCSS)လည်း တက်ရောက်သည်။

7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

မဲစာရင်းတွင် အမည်မပါ၍ လျှောက်ထားသူများအပြီးသတ်မဲစာရင်း၌ အမည်ထပ်မပါသေးလျှင် ထပ်မံလျှောက်ခွင့်ရမည်ဟုဆို

မဲစာရင်းတွင် အမည်မပါ၍ လျှောက်ထားသူများအပြီးသတ်မဲစာရင်း၌ အမည်ထပ်မပါသေးလျှင် ထပ်မံလျှောက်ခွင့်ရမည်ဟုဆို
Thursday, October 1, 2015

မဲစာရင်းတွင် အမည် မပါ၍ ပုံစံ(၃)ဖြင့်လျှောက်ထားသူ များသည် ရွေးကောက်ပွဲမတိုင်မီ ကြေညာမည့် အပြီးသတ်မဲစာရင်း တွင် အမည်ထပ်မပါသေးပါက ထပ်မံလျှောက်ထားခွင့်ရမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။

‘‘ရွေးကောက်ပွဲမတိုင်ခင် မဲရုံမှာ မဲစာရင်းတွေကပ်ပေးရ မယ်။ ဒါ့အပြင် မဲဆန္ဒရှင်သက် သေခံလက်မှတ်တွေဝေတဲ့အခါ မှာလည်း လူထုလက်ထဲကို မဲစာ ရင်းအလိုက်၊ မဲရုံအလိုက်ဝေမှာ ဖြစ်လို့ တကယ်လို့ စလစ် (မဲဆန္ဒ ရှင်သက်သေခံလက်မှတ်)မရတဲ့ လူက ကော်မရှင်မှာတောင်းဆို မယ်ဆိုရင် ကျန်ခဲ့မယ့်သူမရှိ သလောက်ဖြစ်သွားမှာပါ။ အဲဒီ အခွင့်အရေးရှိပါသေးတယ်’’ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြောသည်။

ရွေးကောက်ပွဲမကျင်းပမီ နောက်ဆုံးအကြိမ်အဖြစ် ပြင်ဆင် ရန် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ကြေညာသော မဲစာ ရင်းသည် အမှားအယွင်းများခဲ့၍ အပြီးသတ်မဲစာရင်း၌ပါမလာမည်ကို မဲဆန္ဒရှင်ပြည်သူများက စိတ်ပူလျက်ရှိသည်။

‘‘ပုံစံ(၃)နဲ့ လျှောက်ထားသူ တွေအတွက်ပဲ အကျုံးဝင်မှာပါ။ လျှောက်ထားခဲ့ရဲ့သားနဲ့ ကော် မရှင်အဖွဲ့ခွဲတွေရဲ့ပေါ့လျော့မှု နည်းပညာချို့ယွင်းမှုတွေကြောင့် အပြီးသတ်မဲစာရင်းမှာပါမလာ လည်း မဲပေးခွင့်ဆုံးရှုံးမှာကို စိုး ရိမ်စရာမလိုပါဘူး’’ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်ကပြော သည်။

ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်ခန့်အလိုတွင်ကြေညာ ရန် စီစဉ်ထားသည့် အပြီးသတ် မဲစာရင်း၌ အမည်ပါ၊ မပါ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများသို့သွားရောက်စစ်ဆေးနိုင်ပြီး အမည်ထပ်မပါသေးပါက ထပ်မံ လျှောက်ထားခွင့်ရမည်ဖြစ်သည်။

မဲစာရင်းများတောက် လျှောက်အမှားအယွင်းများခဲ့ သဖြင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် အပြင်းအထန် ဝေဖန်ခံခဲ့ရပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးရစေရန် ကော်မရှင်အဖွဲ့ဝင်များအား ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးသို့ ကွင်းဆင်းကြီးကြပ်ရန်ညွှန်ကြားခဲ့သည်။

7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် နိုင်ငံသားဖြစ်မှုနှင့် ငြိစွန်းလျှင် ရွေးကောက်ပွဲ အနိုင်ရလျှင်ပင် ပြုတ်မည်ဟု ကော်မရှင်အဖွဲ့ဝင်ပြော

သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် နိုင်ငံသားဖြစ်မှုနှင့် ငြိစွန်းလျှင် ရွေးကောက်ပွဲ အနိုင်ရလျှင်ပင် ပြုတ်မည်ဟု ကော်မရှင်အဖွဲ့ဝင်ပြော
Thursday, October 1, 2015

နိုင်ငံသားဖြစ်မှုနှင့်ငြိစွန်း ပါက ရွေးကောက်ပွဲအနိုင်ရလျှင် ပင်ပြုတ်မည်ဟု ကိုယ်စားလှယ် လောင်းအရည်အချင်းသတ်မှတ် ချက်ပါ နိုင်ငံသားဖြစ်မှုနှင့် တိုင် ကြားခံထားရသော သမ္မတရုံးဝန် ကြီးဦးသိန်းညွန့်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ဖြေကြားသည်။

မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ် ပြိုင်မည့် သမ္မတရုံးအမှတ်(၁)ဝန် ကြီး၊ နေပြည်တော်ကောင်စီဥက္က ဋ္ဌ ဦးသိန်းညွန့်အား ကိုယ်စားလှယ် လောင်း အရည်အချင်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ ပြန်လည်စိ စစ်ပေးရန် ဧရာဝတီတိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကော်မရှင်မှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ အ ကြောင်းကြားထားသည့် အခြေအ နေအပေါ် သတင်းထောက်များ၏ မေးမြန်းချက်အား ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

‘‘သိသလောက်တော့ လဝ ကက အကြောင်းပြန်မလာသေး ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေ မှာက အထောက်အထားတင်ပြရ တယ်။ သူတင်တဲ့ အထဲမှာက အ ထောက်အထားမပါဘူး။ နိုင်ငံ သားဖြစ်မှုဟာ လဝကကပဲ ဆုံး ဖြတ်နိုင်တဲ့အတွက် စာပို့ပြီး မေး ထားတယ်။ တကယ်လို့သာ ငြိ စွန်းတယ်ဆိုရင်တော့ အခုမှ မ ဟုတ်ဘူး။ အဲဒီပုဂ္ဂိုလ်ကြီး အနိုင် ရသွားလည်း နိုင်ငံသားဖြစ်မှုနဲ့ ငြိ စွန်းရင် ဒါက ပြုတ်မှာပဲ’’ ဟု ဦးဝင်းကိုက စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိင်ရယ် ဟိုတယ်တွင် မီဒီယာများအား ဖြေကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်သည် တရုတ်လူမျိုး မိဘများမှ ဆင်းသက်လာပြီး ၎င်း မွေးဖွားချိန်တွင် မိဘနှစ်ပါးစလုံး မှာ မြန်မာနိုင်ငံသားများအဖြစ်သို့ မရရှိသေးကြောင်း၊ ဦးသိန်းညွန့်၏ ဖခင်ဖြစ်သူမှာ ကွယ်လွန်သွားချိန်အထိ မြန်မာနိုင်ငံသားအဖြစ် မရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်း၏တိုင်ကြားမှုအပေါ် ရွေးကောက်ပွဲ ကော်မရှင်က အချက်အလက်ခိုင်လုံစွာဖြင့် စစ်ဆေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပြန်လည်အကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲဥပဒေအခန်း(၅) ရွေး ကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ များနှင့် ဆက်လက်ရပ်တည်ပိုင် ခွင့်မရှိသူများ ပုဒ်မ ၁၀/အပိုဒ်ခွဲ (င) တွင် မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးစလုံးမှဖြစ်စေ မွေး ဖွားသည့် နိုင်ငံသားတစ်ဦးသည် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ ၁၂ တွင် ရွေး ကောက်တင်မြှောက်ခံရသူ တစ်ဦးသည် ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်း ကြောင်း တိုင်ကြားချက်ကို ရရှိ လျှင် ကော်မရှင်သည် ယင်းတိုင် ကြားချက်ကို ရွေးကောက်ပွဲခုံအ ဖွဲ့ဖွဲ့၍ စစ်ဆေးပြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် ရှိ၊ မရှိ ဆုံးဖြတ် စေနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ကိုယ်စားလှယ်လောင်းစိစစ် မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နိုင်ငံသား အရည်အချင်းပျက်ယွင်းမှုနှင့် ငြိစွန်းကာ သုံးဦး ပယ်ချခံခဲ့ရပြီး စုစုပေါင်း ခြောက်ဦးအထိ အပယ်ခံထိခဲ့ သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ကိုယ်စားလှယ်လောင်းတစ်ဦးမှ အပယ်မခံရချေ။

ဦးသိန်းညွန့်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် မအူပင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ထို့နောက် သမ္မတရုံးများ တိုးချဲ့ဖွဲ့စည်းသည့်အခါ သမ္မတရုံးအမှတ်(၁) ဝန်ကြီး ဖြစ်လာသည်။

7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

ဖားကန့်လမ်းဆိုးဆိုးဝါးဝါးပျက်စီးပြီးကားတွေပိတ်ဆို့နေတာကို တပ်မတော်သားတွေ လမ်းကြောင်းရှင်းပေးနေရင်းကဒေသခံပြည်သူတွေနဲ့တပ်မတော်သားတွေအကြားအထင်အမြင်လွဲမှားမှု

'' မိုးကောင်း-ဖားကန့်လမ်းဆိုးဆိုးဝါးဝါးပျက်စီးပြီးကားတွေပိတ်ဆို့နေတာကို တပ်မတော်သားတွေ လမ်းကြောင်းရှင်းပေးနေရင်းကဒေသခံပြည်သူတွေနဲ့တပ်မတော်သားတွေအကြားအထင်အမြင်လွဲမှားမှု တွေမကြာခဏတွေ့ကြုံနေရတာစိတ်မကောင်းစရာပါ''ဟုဒေသခံရပ်မိရပ်ဖတစ်ဦးကစိတ်မကောင်းစွာဖြင့်ပြောဆိုခဲ့သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိခေါင်းဆောင်များ လက်ရှိအခြေအနေအရ ပြည်သူလူထုနှင့်တပ်မတော်အကြားချစ်ကြည်ရင်းနှီးမှုရရှိစေရန်ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်အားကြိုးမာန်တက်ဆောင်ရွက်နေချိန်တွင် တစ်ချို့နေရာများတွင် တပ်မတော်နှင့်ပြည်သူလူထုအကြားပြဿနာများမကြာ ခဏဖြစ်ပွားနေခဲ့ရာ (၂၁-၈-၂၀၁၅)ရက်နေ့၊မိုးကောင်း-ဖားကန့်လမ်းပိုင်း၊နန့်တိန်းနှင့်(၇)မိုင်အကြားတွင်ပိတ်ဆို့နေသောယာဉ်ကြောကို ရှင်းပေးနေသည့် တပ်မတော်သားတစ်ဦးနှင့်တုန်ဖုန်းယာဉ်နောက်လိုက်တို့အချင်းများကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက်ပွဲချင်းပြီးသေဆုံးခဲ့သောဖြစ်စဉ်က ထင်ရှားသောပြဿနာအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ပြည်သူ လူထုအကြားတွင်းလည်းပြောစမှတ်ဖြစ်ခဲ့သည်။အခုအချိန်အထိအဆိုပါဖြစ်ရပ်ကြောင့် တပ်မတော်နှင့်လမ်းပိုင်းသွားကားသမားများအကြားအကြိတ်အခဲတွေရှိနေဆဲဖြစ်သည်ဟု ယာဉ်မောင်းတစ်ဦးကအတွေ့အကြုံနှင့်တကွရင်ဖွင့်သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့်မိုးကောင်း-ဖားကန့်လမ်းပိုင်း၊(၇)မိုင်းကျေးရွာအနီးတွင် ဆိုးဆိုးဝါးဝါးပျက်စီးနေသောလမ်းပိုင်းကြောင့် ယာဉ်အစီးရာချီပိတ်ဆို့သည့်ဖြစ်စဉ်က ( ၂၆-၉-၂၀၁၅)ရက်နေ့ တွင်ပြန်လည်ဖြစ်ပွားခဲ့သည်။ အဆိုပါနေရာတွင်လမ်းပိုင်းရှိရွံ့နွံများအကြားတစ်စီးပြီးတစ်စီးအချိန်ယူရုန်းကန်မောင်းထွက်နေရသဖြင့် စောင့်ဆိုင်းနေသည့်ကားများများပြားလာနေသည့်အချိန်တွင် ''လုံးခင်းကကျောက်စိမ်းယာဉ်တန်းကားတွေကဆင်းလာတာ... ကုန်တင်ကားကြီးတွေ၊တုန်ဖုန်းကားတွေ၊ခြောက်ဘီးကားတွေကကရပ်နားရပြီးတော့ကျောက်စိမ်း ယာဉ်တန်း ကားတွေကိုဦးစားပေးရတာ..ကားအများစုက အသားငါးဟင်းရွက်စိမ်း ပုတ်ကုန်တွေတင်လာတာဆိုတော့..စိုးရိမ်စိတ်နဲ့လုမောင်းတာမျိုးတွေဖြစ်လာတယ်။နေ့အချိန်မှာကျောက်စိမ်း ကားတွေကိုဦးစားပေးရပြီး ညကျတော့လည်းဖြတ်သန်းခွင့်မရလို့ရပ်ထားရတာ.လေးငါးရက်ရပ်ထားရပြီး ဒုက္ခတွေရောက်ကြတော့ ကားတွေကသူ့ထက်ငါလမ်းလုမောင်းတာတွေဖြစ်ရော..ရဲဘော်တွေက အဲလိုလမ်းလုမောင်းတဲ့ကားသမားတွေကိုရိုက်တာနှက်တာဖြစ်လာတယ်..၀ါးရင်းတုတ် တွေကိုင်ထားပြီးရိုက်မယ်နှက်မယ်ဖြစ်လာတယ်..'' ဟု လမ်းမှာလေးညအိပ်ခဲ့ရပြီး( ၃၀-၉-၂၀၁၅ ) ရက်နေ့မှလုံးခင်းကိုဝင်ရောက်ခဲ့သောကားဆရာတစ်ဦးမှရှင်းပြသည်။
'' ကျောက်စိမ်းဆိုတာပုတ်ကုန်မဟုတ်ဘူးလေ.. တစ်နိုင်တစ်ပိုင်ဒေသခံတွေရဲ့ကုန်ပစ္စည်းတွေ ရက်ကြာရင်ပျက်စီးကုန်မယ်ဆိုတာကိုစဉ်းစားပေးသင့်တယ်.. လေးငါးရက်ပိတ်မိနေတဲ့ခရီးသည်တွေကို သက်ညှာပေးသင့်တယ်..အခုတော့ ငွေကြေးချမ်းသာတဲ့ကုမ္ပဏီကျောက်ကားတွေရဲ့မျက်နှာ.. ငွေလမ်းခင်းနိုင်တဲ့ ကျောက်စိမ်းကားတွေရဲ့မျက်နှာကိုဘဲကြည့်ပြီး သူတို့ကိုသာဦးစားပေးပြီး သာမန်ပြည်သူလူ ထုတွေရဲ့ကားတွေကိုတော့မျက်နှာလွဲခဲပစ်လုပ်တာကတော့မဖြစ်သင့်ဘူးလို့ထင်တယ်..လမ်းပိတ်လို့တစ်နိုင် တစ်ပိုင်ကုန်သည်လေးတွေရဲ့ကုန်ပစ္စည်းတွေပျက်စီးတာအများကြီးဘဲ ' ဟုခရီးသည်တစ်ဦးကဆိုသည်။
'' ကျောက်ကုမ္ပဏီတွေဆိုတာ..ငွေကြေး..ယန္တရားတောင့်တင်းတာဘဲ..ယာဉ်တန်းမဆင်းခင် အနည်းနဲ့အများ လမ်းကိုပြင်ပြီးမှဆင်းသင့်တာပေါ့..အခုတော့တပ်မတော်သားတွေရဲ့အမိန့်အင်အားကိုသုံးပြီး ဆင်းကြတော့ ပြည်သူလူထုနဲ့တပ်မတော်အကြားအထင်အမြင်လွဲမှားမှုတွေ..အငြင်းပွားမှုတွေဖြစ်တာပေါ့..ဒီလမ်းပိုင်းမှာက တပ်မတော်မရှိရင်လည်းKIA ကအခွန်ဝင်ကောက်တာကြောင့်.ကားသမားတွေ အများကြီး.ဒုက္ခရောက်ကြတာ.. တပ်မတော်ကလမ်းမှာရှိပြန်တော့လည်း အခြေအနေအမျိုးမျိုးကြောင့်ကားသမားတွေ..ခရီးသည်တွေနဲ့ ဂိတ်စောင့်တဲ့တပ်မတော်သားတွေ..လမ်းကြောရှင်းပေးတဲ့ တပ်မတော်သားတွေက အဆင်မပြေဖြစ်ကြပြန်ရော..ကျောက်စိမ်းဆိုတာကို မန္တလေးမှာလွတ်လပ်စွာရောင်းဝယ်သယ်ဆောင်နိုင်ပြီးတော့ ကချင်ပြည်နယ်အတွင်းမှာတော့လွတ်လပ်စွာသယ် ဆောင်ရောင်းဝယ်ခွင့်မရှိဘူးလေ.. ဂိတ်အမျိုးမျိုးဖွင့်ပြီး ရှာဖွေဖမ်းဆီးစစ်ဆေးနေတာ..မသမာမှုတွေရှိနေတာကလဲ ပြည်သူလူထုရင်ထဲမှာ မကျေလည်မှုတွေကများနေတာပေါ့...အရင်းခံကိုမှမကျေနပ်တော့ထစ်ကနဲဆိုပေါက်ကွဲကုန်ကြတာ..စိတ်ညစ် ပါတယ်ဗျာ"' ဟုကျောက်ဝယ်ရောင်းတစ်ဦးကရင်ဖွင့်သည်.။ '' '' ပြည်နယ်အစိုးရအဖွဲ့တွေ..မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ တပ်မတော်နဲ့ပူးပေါင်းပြီးသေသေချာချာကွင်းဆင်းဆောင်ရွက်သင့်တယ်လို့ထင်တယ်'' ဟုလည်းဝေဖန်ချက်ပေးသည်။
( ဓါတ်ပုံ- 7 day News )



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

မဲစာရင်း မှားယွင်းမှုကနေ ဘယ်လို မဲခိုး၊ မဲညစ်မှုတွေ ဖြစ်လာနိုင်သလဲ (၁)

မဲစာရင်း မှားယွင်းမှုကနေ ဘယ်လို မဲခိုး၊ မဲညစ်မှုတွေ ဖြစ်လာနိုင်သလဲ (၁)

Written By: နေထွန်းနိုင်နှင့် သတင်းအဖွဲ့

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ လုပ်ဖို့ ၃၈ ရက် လိုချိန်မှာ အခြေခံ မဲစာရင်း တည်ငြိမ်မှု မရှိသေးပါဘူး။ မဲစာရင်း နောက်ဆုံးအကြိမ် ထုတ်ပြန်ပြီးချိန်အထိ မှန်ကန်တဲ့ စာရင်း ဖြစ်မလာတာဟာ ရွေးကောက်ပွဲအတွက် သံသယဖြစ်စရာပါ။

အာဏာရှင်တွေ ကြီးစိုးတဲ့ ဒါမှမဟုတ် အာဏာကို လက်မလွှတ် ချင်သူတွေ အားကောင်းတဲ့ နိုင်ငံတွေမှာ ‘ဟန်ပြဒီမိုကရေစီ’ ဖော်ဆောင်တဲ့အခါ ရွေးကောက်ပွဲကို ကြားခံ အသုံးချလေ့ ရှိပါတယ်။ ဒီအခါ ရွေးကောက်ပွဲ မသမာမှုတွေ ဖြစ်လာပါတယ်။

ရွေးကောက်ပွဲ မသမာမှု လုပ်ကြတဲ့အချိန်မှာ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ပေးထားတဲ့ ဥပဒေဘောင်ကို ကျော်လွန်ပြီး ပြောင်ပြောင်တင်းတင်း လုပ်ဆောင်တာပါ။ နောက်တစ်ခုက ပေးထားတဲ့ ဥပဒေအတိုင်း ဘောင်ထဲက လုပ်တယ်လို့ အထင်ရောက်စေတဲ့ နည်းလမ်းကို အသုံးပြုပြီး ကျင့်ဝတ်ပိုင်း ဆိုင်ရာအရ လက်မခံနိုင်တဲ့ ပုံစံမျိုးကို အသုံးပြုတာဖြစ်ပါတယ်။

ဘယ်လို နည်းလမ်းကိုပဲ အသုံးပြုသည်ဖြစ်စေ သူတို့ရဲ့ ဦးတည်ချက်က နှစ်ခုပဲရှိပါတယ်။ တစ်ခုက ကိုယ်အလိုရှိတဲ့ ကိုယ်စားလှယ်တွေကို ဆန္ဒမဲ ပိုရအောင် လုပ်တာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုက ပြိုင်ဘက် ကိုယ်စားလှယ်တွေကို ဆန္ဒမဲ ရရှိမှု နည်းအောင်လုပ်တာပါ။ ဒီလို လုပ်တဲ့အခါ ဦးတည်ချက် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လုပ်လေ့ရှိသလို တစ်ခုချင်းစီကို အားပြု လုပ်ဆောင်တာလည်း ရှိပါ တယ်။

‘ဟန်ပြဒီမိုကရေစီ’အတွက် ရွေးကောက်ပွဲကို ကြားခံပြီး ရွေးကောက်မသမာမှု လုပ်လိုသူတွေရဲ့ ဦးတည်ချက် ပြည့်မြောက်ဖို့အတွက် အလွယ်ကူဆုံးနဲ့ လှည့်ဖြားမှု အလုပ်နိုင်ဆုံးက မဲဆန္ဒရှင် စာရင်း ဖြစ်ပါတယ်။

မဲဆန္ဒရှင် စာရင်း တည်ငြိမ်မှု ရှိနေချိန်မှာတောင် ရွေးကောက်ပွဲ မသမာမှုတွေကို လုပ်နိုင်ပါတယ်။ အဲဒီအချိန်မှာ လုပ်နိုင်တဲ့ မသမာမှုကိုလည်း အဆင့်နှစ်ဆင့် အသုံးပြုပြီး လုပ်ပါတယ်။ ပထမဆင့်က မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ လွတ်လပ်စွာ မဲပေးမှုကို တားဆီး တာနဲ့ လုံးဝ မဲပေးခွင့် မပြုနိုင်အောင်လုပ်တာ ဖြစ်ပါတယ်။ ဒုတိယဆင့်က ရွေးကောက်ပွဲ ရလဒ် ပြောင်းလဲသွားစေမယ့် နည်းလမ်းကို အသုံးပြုတာပါ။ ၂၀၁၀ ပြည့်နှစ်က မြန်မာ နိုင်ငံမှာ လုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အဲဒီ နည်းလမ်း နှစ်ရပ်ထဲက ဒုတိယနည်းလမ်းကို အသုံးပြုခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။

ဒါကြောင့် အခုလို မဲဆန္ဒရှင် စာရင်း တည်ငြိမ်မှု မရှိဘူး၊ မဲပေးပိုင်ခွင့် ရှိသူတွေ စာရင်းမှာ ပါဝင်ခြင်း မရှိဘူးဆိုတာနဲ့ ‘ဟန်ပြ ဒီမိုကရေစီ’ ခေါင်းစွပ် ၀တ်ချင်သူတွေ အားသာမှု ရမှာ သေချာပါတယ်။

၂၀၀၀ ပြည့်လွန် နောက်ပိုင်း အိန္ဒိယ အပါအ၀င် မြန်မာရဲ့အိမ်နီးနိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်း အငြင်းပွား ဖွယ်ရာတွေ ရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ဟာလည်း နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြား ခဲ့ပါတယ်။ ဒီအတိုင်းပဲ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း သံသယ စာရင်းကနေ သူတို့ ပယ်ဖျက်ခြင်း မပြုခဲ့ပါဘူး။

ကမ္ဘာမှာ ရွေးကောက်ပွဲ မသမာမှု လုပ်ခြင်းနဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ အကျော်ကြားဆုံးနိုင်ငံက ဇင်ဘာဘွေ ဖြစ်ပါတယ်။ ဒေသတွင်းမှာ ကမ္ဘောဒီးယား နိုင်ငံပါ။



■ မူဂါဘီနှင့် အဆင့်ငါးဆင့်

ပြီးခဲ့တဲ့နှစ်တွေမှာ အာဏာကို ဆက်လက် ချုပ်ကိုင်ဖို့အတွက် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ လုပ်ခဲ့တဲ့ အဆင့်ငါးဆင့် ရှိပါတယ်။

ပထမဆင့်က အကြံအဖန် လုပ်နိုင်တဲ့ အစီအစဉ်တွေကို ကြိုတင် ပြင်ဆင် ခဲ့တာဖြစ်ပါတယ်။ ဒါကို ၂၀၁၃ ခုနှစ်မှာ လုပ်ခဲ့တဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ တွေ့ရပါတယ်။ သူ့ကို ထောက်ခံသူတွေရှိတဲ့ နယ်မြေတွေမှာ မဲဆန္ဒရှင် မှတ်ပုံတင်မှုကို ကြိုလုပ်ထားပြီး နှစ်လအကြာမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာလိုက်တာပါ။ ဒီလို လုပ်ခြင်းအားဖြင့် တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒရှင်တွေ အားလုံး မှတ်ပုံတင်ဖို့ အခက် တွေ့သွားပါတယ်။

မဲဆန္ဒရှင် မှတ်ပုံတင်မှုဆိုတာ မြန်မာမှာ လုပ်နေတဲ့ အခြေခံ မဲစာရင်း ပြုစုခြင်း ပုံစံမျိုးပါပဲ။ မြန်မာမှာတော့ အခြေခံ မဲစာရင်း ပြုစုခြင်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ စတင်ပါတယ်။ လေးကြိမ်ခွဲပြီး ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် နောက်ဆုံးအကြိမ် ထုတ်ပြန်ပြီးချိန်အထိ မှန်ကန်တိကျတဲ့ မဲစာရင်း ထွက်မလာပါဘူး။ အချိန်တော့ ကြိုယူခဲ့တယ်။ ဒါပေမဲ့ မှန်ကန် တိကျတဲ့ စာရင်း ထွက်မလာတာက သာမန် လွဲချော်မှုလို့ ယူဆလို့ မရတော့ပါဘူး။

မူဂါဘီ လုပ်ခဲ့တဲ့ ဒုတိယဆင့်က နိုင်ငံပိုင် မီဒီယာတွေကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဇင်ဘာဘွေက နိုင်ငံပိုင် မီဒီယာတွေက ရွေးကောက်ပွဲဝင်မယ့် ပါတီအားလုံးနဲ့ ပတ်သက်တာကို ဖော်ပြတယ်ဆိုတဲ့ အမြင် ရောက်အောင် ဖော်ဆောင်ခဲ့ပါတယ်။ လက်တွေ့မှာတော့ ဖော်ပြခဲ့တဲ့ သတင်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက အတိုက်အခံပါတီ မကောင်းကြောင်းတွေပဲ ဖြစ်ခဲ့ပါတယ်။

တတိယဆင့်က တရားရုံးတွေမှာ ကိုယ့်လူတွေကို ခန့်ထားတာ ဖြစ်ပါတယ်။ ဒီလို ခန့်ထားခြင်းအားဖြင့် ရွေးကောက်ပွဲ မသမာမှု ပေါ်လာပြီဆိုရင် သူ့ဘက်လိုက်နိုင်အောင် ကြိုတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ခုံအဖွဲ့တွေနဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို သမ္မတက ခန့်အပ်ထားပါတယ်။

ဇင်ဘာဘွေမှာ မူဂါဘီ အသုံးပြုခဲ့တဲ့ စတုတ္ထဆင့်က ရွေးကောက်ပွဲမှာ မဲလိမ်တာတော့ လုပ်မယ်။ ဒါပေမဲ့ အမှန်တကယ် နိုင်တယ်လို့ ယုံကြည်အောင် လှည့်ဖြားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၂၀၁၃ ခုနှစ် ရွေးကောက် ပွဲမှာ ၆၁ ရာခိုင်နှုန်းနဲ့ နိုင်တယ်ဆိုတဲ့ ရလဒ် ထွက်လာပါတယ်။ ဒီနေရာမှာ ၂၀၀၈ ခုနှစ်ကထက် မဲပိုရခဲ့တာကို ငြင်းလို့ မရပါဘူး။ ဘာကြောင့် မဲပိုရခဲ့သလဲဆိုရင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ လူမည်းတွေကို လုပ်ပိုင်ခွင့် ပေးပြီး ဆွဲဆောင်ခဲ့သလို မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး လုပ်ငန်းစဉ် (အခြေခံ မဲဆန္ဒရှင် စာရင်းပုံစံ)ကို ထိန်းချုပ်ပြီး အမြတ်ထုတ် နိုင်ခဲ့လို့ ဖြစ်ပါတယ်။

ပဉ္စမဆင့်က အကြမ်းဖက် နည်းလမ်းသုံးတာကို ရှောင်ရှားခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ အကြမ်းဖက်မှု ကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။ ဒီလို မဖြစ်အောင် လုပ်ခဲ့တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက သူမွေးထားတဲ့ လူငယ် ပြည်သူ့စစ်တွေနဲ့ သူ့ပါတီ ထောက်ခံသူတွေကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းက အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကို ရွေး ကောက်ပွဲ မတိုင်ခင်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဇင်ဘာဘွေရဲ့ ပုံစံ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာမှာတော့ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၈ဦး ရှိပြီး နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် တရား ရင်ဆိုင်နေရသူ ၄၅၉ ဦး ရှိနေပါပြီ။ စက်တင်ဘာလထဲမှာပဲ နိုင်ငံရေး လှုပ်ရှားသူ ၁၆ ဦး အဖမ်းခံခဲ့ရပြီး ဒီထဲက နှစ်ဦး အကျဉ်း ချခံရပါတယ်။

ဇင်ဘာဘွေက မူဂါဘီလို နောက်တစ်ဦးက ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် ဖြစ်ပါတယ်။ သူကလည်း ရွေးကောက်ပွဲ မသမာမှု နည်းလမ်းကိုသုံးပြီး ကမ္ဘောဒီးယားကို နှစ်ပေါင်း ၃၀ ကြာ ချုပ်ကိုင်ခဲ့ပါတယ်။



■ ဟွန်ဆန်ရဲ့ နည်းလမ်း

ကမ္ဘောဒီးယား ရွေးကောက်ပွဲကလည်း ၂၀၁၃ ခုနှစ်မှာပဲ လုပ်ခဲ့တာပါ။

အမျိုးသားလွှတ်တော် ၁၂၃ နေရာကို မဲပေးခွင့်ရှိသူ ၉ ဒသမ ၆ သန်း မဲပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက တိကျတဲ့ လူစာရင်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ကမ္ဘောဒီးယားမှာ တိကျတဲ့ လူဦးရေစာရင်း တရားဝင် ကောက်ယူခဲ့ခြင်း မရှိပါဘူး။ ဒီအတွက် ခန့်မှန်းခြေ စာရင်းပဲ ရပါတယ်။

ဒါကြောင့်ပဲ ခန့်မှန်းခြေ စာရင်းကို ၀န် ကြီးချုပ် ဟွန်ဆန်က အခွင့်ကောင်း ယူခဲ့ပါတယ်။ ပထမအချက်က မဲဆန္ဒရှင်တွေဟာ ကွဲပြားတဲ့ နာမည်ကိုသုံးပြီး ကိုယ်နဲ့သက်ဆိုင်မှု ရှိတဲ့ နာမည်တွေနဲ့ မဲပေးနိုင်တဲ့ပုံစံ ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘယ်သူဘယ်ဝါ သတ်မှတ်ဖို့ ခက်ခဲတဲ့အချက်က တစ်ဆင့် ဗီယက်နမ်က ရွှေ့ပြောင်းလာသူတွေ မဲပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ကမ္ဘောဒီးယား အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ကယ်တင်ရေးပါတီ (CNRP) က မဲဆန္ဒရှင် စာရင်းမှာ ၁ ဒသမ ၂ သန်းကနေ ၁ ဒသမ ၃ သန်းရှိတဲ့ အမည်တွေကို ဖြုတ်ခဲ့ရတယ်လို့ ထုတ်ပြောပါတယ်။

ကမ္ဘာဒီးယားမှာ ဖြစ်ခဲ့တဲ့ နောက်ထပ် အငြင်းပွားဖွယ် တစ်ခုက မဲပေးပြီး ဖြစ်ကြောင်း မှတ်သားတဲ့ နေရာမှာ အသုံးပြုတဲ့ မင်အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ မင်တွေက သာမန်အားဖြင့် ဖျက်မရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေက အသေးစိတ် စစ်ဆေးတဲ့အချိန်မှာ အဲဒီမင်ဟာ အစွန်းချွတ်ဆေး (ဒါမှမဟုတ်) သံပရာရည် သုတ်ပြီး အခြောက်ခံလိုက်တဲ့အခါ အရောင်ပြယ်သွားတာကို တွေ့ခဲ့ကြပါ တယ်။ ဒီနည်းလမ်းကို သုံးတယ်ဆိုတာနဲ့ မဲ ဆန္ဒရှင်တစ်ဦးဟာ တစ်ကြိမ်ထက်မက မဲပေးနိုင်ဖို့ ဖြစ်သွားပါတယ်။

မြန်မာရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း လေဆာ တံဆိပ်တုံး နှိပ်ပြီး မဲပေးရမှာ ဖြစ်ပါတယ်။ မဲပေးပြီးတဲ့အခါ လက်သန်းကို မင်တို့ပြီး မှတ်သားမှာ ဖြစ်ပါတယ်။ အဲဒီ မင်ရဲ့ အရည်အသွေး အသေးစိတ် စစ်ဆေးချက်တွေ ထွက်မလာသေးပါဘူး။ အကယ်၍ ကမ္ဘောဒီးယားမှာ အသုံးပြုတဲ့ မင်အမျိုးအစား ပုံစံ ဖြစ်နေရင် တစ်ကြိမ်ထက်မက မဲပေးသူတွေ ရှိလာပါမယ်။

ဒါ့အပြင် လေဆာတံဆိပ်တုံးနဲ့ ပတ်သက်လို့လည်း အသေးစိတ် စစ်ဆေးချက်တွေ မထွက်သေးပါဘူး။ ဒီအချိန်မှာပဲ ရွေးကောက်ပွဲမှာ အသုံးပြုမယ့် လေဆာတံဆိပ်တုံးနဲ့ ပုံစံတူ တံဆိပ်တုံးတွေကို အပြင်မှာ အပ်နှံ လုပ်ခိုင်းသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။

၂၀၁၃ ခုနှစ် ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာတော့ ခန့်မှန်းခြေ မဲဆန္ဒရှင် စာရင်း၊ ရွှေ့ ပြောင်းနေထိုင်သူတွေရဲ့ မဲပေးမှု၊ မဲပေးရာမှာ အသုံးပြုခဲ့တဲ့ မင် လှည့်ဖြားမှုတွေနဲ့ အမတ်နေရာ ၆၈ နေရာနိုင်အောင် ဟွန်ဆန်က လုပ်ခဲ့ပါတယ်။



■ မြန်မာနှင့် သံသယဖြစ်ဖွယ်

ရွေးကောက်ပွဲ မသမာမှုနဲ့ မဲလိမ်၊ မဲခိုးမှု လုပ်တဲ့ နိုင်ငံ အများစုမှာ အသုံးပြုတဲ့ နည်းလမ်းတွေ တူညီလေ့ ရှိပါတယ်။ အခြေခံအားဖြင့် မဲဆန္ဒရှင် စာရင်း ဒါမှမဟုတ် မဲဆန္ဒရှင် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွေမှာ ရှုပ်ထွေးအောင် လုပ်တာ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာလည်း အခြေခံ မဲဆန္ဒရှင် စာရင်း တည်ငြိမ်မှု မရှိသေးပါဘူး။

နောက်တစ်ချက်က ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ရွေးကောက်ပွဲ မသမာမှု လုပ်ခဲ့တဲ့ နိုင်ငံတွေမှာ အာဏာကို လက်မလွှတ်ချင်သူတွေက သူတို့ရဲ့ အနိုင်ရမှုကို အပြတ် အသတ် ဖြစ်အောင် မလုပ်ပါဘူး။ တရား မျှတမှုရှိစွာ အနိုင်ရတယ်လို့ နိုင်ငံတကာက ယူဆနိုင်အောင် လုပ်ခဲ့ပါတယ်။ ဇင်ဘာဘွေမှာ မူဂါဘီက ၆၁ ရာခိုင်နှုန်းပဲ နိုင်အောင် လုပ်ခဲ့သလို ကမ္ဘောဒီးယားမှာ ဟွန်ဆန်က ၁၂၃ နေရာမှာ ၆၈ နေရာပဲ နိုင်အောင် လုပ်ခဲ့ပါတယ်။ ဆိုလိုတာက အနိုင် သေချာနိုင်မယ့် ပမာဏ လောက်ပဲ မဲလိမ်၊ မဲခိုးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ ၂၀၁၅ ခုနှစ် မြန်မာ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲညစ်မှု ရှိခဲ့ပြီဆိုရင် ဒီလိုလုပ်နိုင်တဲ့ ပမာဏက အနိုင်ကို သေချာ စေရုံလောက်ပဲ ဖြစ်ပါလိမ့်မယ်။ (ဘယ်ဒေသတွေမှာ ဘယ်လိုတွေ လုပ်နိုင်သလဲဆိုတဲ့ အချက်တွေကို နောက်ပိုင်းမှာ ဆက်ရေးပါမယ်)

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို ခြေဖျက်ချင်တာကြောင့် အနိုင်ကို သေချာစေတဲ့ ပမာဏထက် ပိုတဲ့ အပြတ်အသတ် ပုံစံဖြစ်အောင် လုပ်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော် နှစ်ရပ်ပေါင်း ၄၉၈ နေရာ ရှိတဲ့အထဲမှာ အတိုက်အခံတွေ ဘက်က ၁၅၀ နဲ့ ၂၀၀ အကြား အနိုင်ရနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ခန့်မှန်းခဲ့ပါတယ်။ လက်တွေ့မှာ ဖြစ်မလာပါဘူး။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ နေရာမှာ ၂၅၉ နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီက အနိုင်ယူခဲ့ပါတယ်။ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာမှာ ၁၂၉ နေရာကို ပြည်ခိုင်ဖြိုးက ယူခဲ့ပါတယ်။ လွှတ်တော် နှစ်ရပ်ပေါင်း ၃၈၈ နေရာ ယူခဲ့တာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး အနေနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း ၂၅၀ ကနေ ၃၀၀ လောက်အထိပဲ ယူပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ပေါင်းရင် ၄၁၆ နေရာကနေ ၄၆၆ နေရာလောက်မယ်။ ဒီလောက်ဆိုရင် စိတ်ချရတဲ့ အနေအထား ရှိနိုင်ပေမယ့် ဒီလိုမဖြစ်ခဲ့ပါဘူး။ ပျမ်းမျှအားဖြင့် အနိုင်သေချာစေတဲ့ နေရာတွေ အပြင် နောက်ထပ် နေရာ ၁၀၀ နီးပါးမှာ ကြိုတင်မဲ အကူအညီနဲ့ ရုပ်ပျက်ဆင်းပျက် အနိုင်ရအောင် လုပ်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ရင် ပြည်ခိုင်ဖြိုးက ပြည်သူ့ လွှတ်တော်အတွက် ထည့်ဝင်မဲ ၉ ဒသမ ၇ သန်းကျော် ရခဲ့ပါတယ်။ ကြိုတင်မဲ ၃ ဒသမ ၅ သန်းကျော် ထည့်ဖြည့်ပြီး ပြည်သူ့ လွှတ်တော်အတွက် မဲပေးမှု ၅၈ ဒသမ ၄၁ ရာခိုင်နှုန်း ရအောင် လုပ်ခဲ့ပါတယ်။

ဒီအတိုင်းပဲ အမျိုးသား လွှတ်တော်မှာ ဆန္ဒမဲ ၁၆ ဒသမ ၂၆ သန်းရခဲ့ပါတယ်။ အနိုင် သေချာတဲ့ မဲ ရခဲ့ခြင်းပါ။ ဒါပေမဲ့ ကြိုတင်မဲ ၂ ဒသမ ၇ သန်းကျော် ထပ်ပေါင်းပြီး အမျိုးသား လွှတ်တော်အတွက် မဲပေးမှု ၈၇ ဒသမ ၆၂ ရာခိုင်နှုန်းရအောင် ပုံဖော်ခဲ့ပါတယ်။

အခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲ မသမာမှုတွေ ဖြစ်လာပြီဆိုရင် နေရာ ၁၀၀ နီးပါးလောက်နဲ့ မဲအရေအတွက် သန်းဂဏန်းလောက်ကို မသမာမှု လုပ်တာတွေ ရှိလာနိုင်ပါတယ်။

လက်ရှိအနေအထားအရ လွှတ်တော်နှစ်ရပ်ပေါင်း ၄၉၈ နေရာမှာ ပြည်ခိုင်ဖြိုးက နေရာ ၁၀၀ နီးပါး နိုင်ခြေရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နေရာ ၃၃၃ နေရာနဲ့အထက် အနိုင်ရဖို့ ပြင်ဆင် နေပါတယ်။ ပါတီ တစ်ခုတည်းက နေရာ ၃၃၃ နေရာနဲ့ အထက်နိုင်မှ ကိုယ်လိုလားတဲ့ သမ္မတ ရွေးနိုင်မှာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးအနေနဲ့ နေရာ ၁၀၀ နီးပါး နိုင်မယ်၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးနဲ့(ပေါင်းပြီး) ၂၆၆ ဦး ဖြစ်နေမယ်ဆိုရင် သူတို့ လိုလားတဲ့ သမ္မတတင်ဖို့ အခက်အခဲ ရှိပါလိမ့်မယ်။ ဒါကြောင့် သူတို့အနေနဲ့ နေရာ ၂၀၀ အထက် နိုင်အောင် လုပ်လာနိုင်ခြေ ရှိပါတယ်။

အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မှာ NLD အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေက နေရာ ၂၀၀ နဲ့ ၂၅၀ ကြားပဲ အနိုင်ရခဲ့မယ်၊ တိုင်းရင်းသားပါတီတွေက နေရာ ၁၀၀ အနိုင်ရမယ် ဆိုရင်တောင် သမ္မတ ရွေးချယ်ခွင့်အတွက် အခက်အခဲတွေ့မှာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ မဲဆန္ဒရှင်စာရင်း မှားယွင်းမှုရဲ့ အကျိုးဆက် သံသယ ဖြစ်စရာတွေ ရှိလာပါတယ်။



■ လှိုင်သာယာ ဥပမာ

ရှင်းရှင်း ပြောရရင်တော့ အခုဖြစ်နေတဲ့ မဲစာရင်း မှားယွင်းမှုတွေဟာ အရင်ဖြစ်ခဲ့တဲ့ ကြိုတင်မဲထက် ဆိုးပါတယ်။

အခြေခံ မဲစာရင်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ပထမဆုံးအကြိမ် ထုတ်ပြန်တုန်းက အမှား များခဲ့တယ်။ ဒါကိုသိလို့ အမှားပြင်မှုတွေ လုပ်ကြတယ်။ ရာခိုင်နှုန်း ၈၀ လောက်ထိ မှန်သွားနိုင်ပါတယ်။

ဒါပေမဲ့ နောက်ဆုံးအကြိမ် ပြန်ထုတ်ချိန်မှာ မဲစာရင်းကို ပထမ ပုံစံအတိုင်း မဟုတ်ဘဲ လူနာမည်၊ လမ်းနာမည်တွေနဲ့ ပုံစံ ပြောင်းလိုက်တယ်။ မဲစာရင်း သွားကြည့်သူတွေ ရှာရခက်ပြီး မျက်စိ ရှုပ်ကုန်တယ်။ ကိုယ့်နာမည် ပါ၊ မပါ၊ ကိုယ်ပြင်ထားတာ ပြင်၊ မပြင် ဒါကိုပဲ အာရုံ စိုက်နိုင်ပါတော့တယ်။ ဒီအချိန်မှာ လူပိုတွေ ထွက်လာတာကို လူအများစုက သတိမထား နိုင်တော့ပါဘူး။

ဒီလိုဖြစ်သွားတာကို တစ်ဦးချင်း၊ တစ်ယောက်ချင်း ကြည့်ရင် မသိသာပေမယ့် အားလုံးကို ခြုံကြည့်လိုက်ရင် ထင်ထင်ရှားရှား မြင်လာပါလိမ့်မယ်။ အခု ထုတ်ထားတဲ့ မဲစာရင်းမှာ လူပို ဘယ်နှသန်း ပါသွားပြီလဲ။ ဘယ်သူမှ မသိနိုင်တော့ဘူး။ ဒီလိုပုံစံနဲ့ဆို မဲလိမ်၊ မဲခိုးမှုတွေ လုပ်လို့ရသွားပြီ။

ဥပမာအနေနဲ့ လှိုင်သာယာကိုပဲ ကြည့်လိုက်ပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူစာရင်း ထုတ်ပြန်တဲ့အခါ လှိုင်သာယာ မြို့နယ်မှာ ၂၉၀၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ အဲဒီလူတွေထဲမှာ ခန့်မှန်း လူဦးရေ ၁၅၀၀၀၀ လောက်က လှိုင်သာယာမှာ မနေတော့တဲ့ ရွှေ့ပြောင်းတွေ ဖြစ်နေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ဆိုတယ်။ ဒါဆိုရင် အမှန်တကယ် မဲပေးသူက ၁၄၀၀၀၀ ပဲရှိပြီး လူပိုက ၁၅၀၀၀၀ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအချိန်မှာပဲ မဲစာရင်းထဲ မပါဘဲ လှိုင်သာယာမှာ နေထိုင်နေတဲ့ မဲပေးပိုင်ခွင့်ရှိသူ ၁၅၀၀၀၀ နီးပါး ထပ်ရှိနေတယ်။ သူတို့တွေက ဒေသဆိုင်ရာ အာဏာပိုင်တွေကို လွန်ဆန်ဝံ့သူတွေ မဟုတ်ပါဘူး။

ရွေးကောက်ပွဲနေ့ ရောက်တဲ့အခါ အမှန်တကယ် နေထိုင်ခြင်း မရှိဘဲ မဲစာရင်းမှာ ပါနေတဲ့ လူပိုတွေ အစား မဲစာရင်း မပါဘဲ အပြင်မှာ ရှိနေတဲ့လူတွေက ဆန္ဒမဲပေးခွင့် သက်သေခံ လက်မှတ်တွေ ကိုင်ပြီး မဲသွားပေးရင် ဘယ်လိုလုပ်မလဲ။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လှိုင်သာယာမြို့နယ်ရဲ့ မဲရလဒ်တွေမှာ ပါတီ တစ်ခုတည်းက အပြတ်အသတ် မရှိခဲ့ဘူး။ အဲဒီတုန်းက လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ရှစ်ဦး ၀င်ပြိုင်ခဲ့တယ်။ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်က ၃၃ ရာခိုင်နှုန်းရပြီး ကပ်နိုင်ပါတယ်။ သူ့နောက်မှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ကိုယ်စားလှယ်လောင်းက ၂၆ ရာခိုင်နှုန်းနဲ့ ကပ်လိုက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းက ၂၁ ရာ ခိုင်နှုန်းရခဲ့ပါတယ်။

ဒီလို ဆန္ဒမဲ ပြတ်သားမှု မရှိခဲ့တဲ့ နယ်မြေတစ်ခုမှာ လူပိုတွေ အများကြီးပါနေတဲ့ မဲစာရင်းနဲ့ဆို မဲလိမ်၊ မဲခိုးမှု လုပ်ချင်သူတွေအတွက် အကောင်းဆုံးဖြစ်လာမယ်။ လှိုင်သာယာဟာ မဲလိမ်၊မဲခိုးတာ လုပ်ဖို့ အကောင်း ဆုံးနေရာတစ်ခုပါပဲ။

နောက်ဆုံးအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်း ကမောက်ကမဖြစ်မှုဟာ ဆော့ဖ်ဝဲ အပြောင်းအလဲ၊ ဆော့ဖ်ဝဲ အမှားကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောခဲ့တယ်။ ဒါက လက်ခံနိုင်စရာမရှိဘူး။ အမှန်တော့ လေ့လာစောင့်ကြည့်သူတွေ သက်သေရှာလို့မရအောင် လူပိုတွေ ထည့်ပေးလိုက်သလိုပဲ ဖြစ်ခဲ့ပါတယ်။

သေချာတာကတော့ မဲစာရင်းမှာ လူပိုတွေ ဘယ်လောက်ပါနေလဲဆိုတာ အသေးစိတ် မစစ်နိုင်တော့ပါဘူး။ နိုင်ငံရေးပါတီတွေလည်း မစစ်နိုင်တော့ဘူး။ လေ့လာ စောင့်ကြည့်သူတွေလည်း မစစ်နိုင်တော့ဘူး။ စစ်ဖို့ ပြင်တဲ့အချိန်မှာ သတ်မှတ်ရက် ကုန်သွားပြီ။ နောက်တစ်ကြိမ် ပြန်ထုတ်မယ့် အချိန်က ရွေးကောက်ပွဲ မတိုင်မီ တစ်ရက်အလို နိုဝင်ဘာ ၇ ရက်ဆိုတော့ ဘာမှလုပ်မရတော့ပါဘူး။

ပထမအကြိမ် မဲစာရင်းထုတ်ပြန်မှုမှာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ မှားခဲ့မယ်။ ပြင်ကြတဲ့အတွက် အမှား ၁၀ ရာ ခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းပဲ ရှိတော့မယ်။ ဒီလောက်ပဲ ကျန်တော့ချိန်မှာ စာရင်းမှန်ကို ကိုင်ထားပြီး ၃၀ ရာခိုင်နှုန်းပဲ အာမခံမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအေးပြောခဲ့တာက မှန်နေတဲ့ မဲစာရင်းတွေကို ဖြုတ်ချဖို့ တမင်လုပ်ခဲ့တာလို့ စွပ်စွဲပါမယ်။ ဒီစွပ်စွဲချက်ကို ငြင်းဆန်မယ်ဆိုရင် မဲစာရင်းအမှန် ၁၀၀ ရာခိုင်နှုန်းအတွက် အာမခံ ပေးဖို့လိုပါလိမ့် မယ်။ ဒီလို အာမခံတယ် ဆိုရင်တော့ စွပ်စွဲတာကို ပြန်ရုပ်သိမ်းပေးပါမယ်။

မဲစာရင်းကို ၃၀ ရာခိုင်နှုန်းပဲ အာမခံချက်ပေးတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့တော့ ဘယ်ရွေးကောက်ပွဲမှ လုပ်လို့မရတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ၊ နိုင်ငံရေးပါတီတွေ၊ လေ့လာ စောင့်ကြည့်သူတွေ အနေနဲ့ သေချာ စဉ်းစားဖို့လိုပါတယ်။ အခု မဲစာရင်းနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။

အကောင်းဆုံးကတော့ မဲစာရင်း ၉၀ ရာခိုင်နှုန်းလောက်မှ မှန်အောင် မလုပ်နိုင်ဘူးဆိုရင် ဥက္ကဋ္ဌဦးတင်အေး နုတ်ထွက်လိုက်ပါ။ ဒါမှမဟုတ် ရွေးကောက်ပွဲကို အချိန်တစ်လ ရွှေ့ဆိုင်းပြီး အနည်းဆုံး ၉၀ ရာခိုင်နှုန်း အာမခံတဲ့ မဲစာရင်းကို ပြန်ထုတ်ပေးပါ။ မှန်ကန်တဲ့ မဲစာရင်းဖြစ်အောင် အချိန်တစ်လနဲ့ လုပ်ပေးနိုင်တယ်လို့ ပြောထားတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။

ဒါကြောင့် ဦးတင်အေးအနေနဲ့ ဥက္ကဋ္ဌ တာဝန်က နုတ်ထွက်မလား၊ ရွေးကောက်ပွဲ ကိုအချိန်တစ်လရွှေ့ဆိုင်းပြီး ၉၀ ရာခိုင်နှုန်း အာမခံတဲ့ မဲစာရင်းကို ပြန်ထုတ်ပေးမလား။ ဒါမှမဟုတ်ရင် သမ္မတဦးသိန်းစိန်က ဘယ်လို တာဝန်ယူမလဲ။

ဆက်ရေးပါဦးမယ်။

Website Link ----->>> http://goo.gl/lyx0ax



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

ဒီကနေ့နံနက်(၀၇း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ

မင်္ဂလာနံနက်ခင်းပါ .............
(၁.၁၀.၂၀၁၅)
ဒီကနေ့နံနက်(၀၇း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်မှာတိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံတာင်ပိုင်းဒေသများမှာ
တိမ်ထူထပ်နေပြီး၊ ကျန်ဒေသများမှာတိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါတယ်။

ဒီကနေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနဲ ကချင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့အပြား၊၊ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မှ နေရာကျဲကျဲမိုးထစ်ချုန်းရွာခဲ့ကာ ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့ပါတယ်။

မှတ်သားဖွယ်ရာမိုးရေချိန်များကတော့ ကျော်တော်မြို့ မှာ (၃.၉၃)လက်မ၊
လွိုင်ကော်မြို့ မှာ (၁.၆၉)လက်မ၊ ကျိုင်းတုံမြို့ မှာ (၁.၁၄)လက်မနဲ တောင်ငူမြို့မှာ (၀.၉၈)လက်မ တို့ဖြစ်ကြပါတယ်......
အောက်မှာဖော်ပြထားတဲ့ပုံ များ ကတော့ ဒီနေ့မနက် (၀၇း၃၀)နာရီ အချိန်ဂြိုလ်တုတိမ်ပုံ နှင့် WRF Modelမှ ရရှိတဲ့ အောက်တိုဘာလ(၁)ရက်နေ့နဲ့ (၂)ရက်နေ့တို့အတွက်မိုးရေချိန် ခန့်မှန်းချက်ပြပုံများဖြစ်ပါတယ်



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်