Wednesday, September 18, 2013

မိဘလေးမျိုး

" မိဘလေးမျိုး "

♦သားသမီးကို လိမ္မာအောင်မဆုံးမသော မိဘသည် ညံ့ပါသည်။ ♦တုတ်နှင့်ရိုက်ပြီး ဆုံးမသော မိဘသည် ကောင်းပါသည်။ ♦တုတ်နှင့် မရိုက်ဘဲ ငေါက်ငမ်းဆဲဆိုပြိး ဆုံးမသောမိဘသည် တော်ပါသည်။ ♦ရိုက်လည်း မရိုက်၊ ဆဲဆိုခြင်းလည်း မပြုဘဲ ချော့မော့ချီးမွှမ်း ပြောဆိုဆုံးမသော မိဘသည် အတော်ဆုံး ဖြစ်ပါသည်။ ဆရာကိုလည်း ထို့အတူ လေးမျိုးခွဲထားသင့်ပါသည်။ (www.facebook.com/youngbuddhistassociation.mm) မဟတ္တမဂန္ဒီ၏ မြေးတော်သည်ဟုဆိုသော ပုဂ္ဂိုလ်တစ်ဦးရေးသည့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရဖူးသည်။ အတ္တကျော်ရေးသော စာအုပ်ထဲမှဟုထင်သည်။ တစ်ရက်တွင် သားဖြစ်သူသည် ဖခင်အား မြို့ကြီးတစ်မြို့သို့ ကားဖြင့် လိုက်ပို့ရသည်။ မြို့သို့ရောက်သောအခါ ဖခင်ကသားဖြစ်သူအား သေချာမှာသည်။ ကားကို ရေဆေးဆီလိုက်လုပ်ပြီးလျှင် ဘယ်မှလျှောက်လည်မနေဘဲ ညနေလေးနာရီထိုးသည်နှင့် ရုံးရှေ့သို့ရောက်ဖို့ ဖြစ်သည်။ သားဖြစ်သူသည် ကားကို ရေဆေးဆီလိုက်လုပ်သည့်နေနရာသို့ သွားပို့၏။ ရေဆေးဆီလိုက် လုပ်ခြင်းသည် ခဏနှင့်ပြီး၏။ ရေဆေးဆီလိုက်ပြီးသောအခါ ညနေသုံးနာရီသာ ရှိသေးသည်။ ဖခင်ကို တစ်နာရီကြီး ထိုင်မစောင့်ချင်သော သားသည် ရုပ်ရှင်သွားကြည့်သည်။ သူ့စိတ်ထဲတွင် ဇာတ်ကားဆုံးအောင်မကြည့်ဘဲ တစ်ဝက်လောက် ကြည့်လိုက်လျှင် ညနေလေးနာရီအကိုက်ဟု တွက်ထား၏။ တကယ်ကြည့်မိသောအခါ ဖြတ်၍မရတော့ဘဲ ပြီးအောင်ကြည့်ဖြစ်သွားသည်။ ရုပ်ရှင်ပြီး၍ ရုံအပြင်ဘက်သို့ ထွက်လာသောအခါ ညနေငါးနာရီထိုးနေပေပြီ။ သားငယ်သည် ထိတ်ကနဲ တစ်ချက် ဖြစ်သွားကာ ဖခင်ရှိရာရုံးသို့ အပြင်းမောင်းနှင်ပြေး၏။ ဖခင်ကား ရုံးရှေ့တွင် တစ်နာရီကျော်ကြာသည်အထိ မတ်တပ်ရပ်ပြီး စောင့်နေသည်။ သားသည် ဖခင်ကို မကြည့်ရဲဘဲ မျက်လွှာချလျက် ရှေ့၌ လာရပ်သည်။ ဖခင်က အေးဆေးသက်သာစွာမေးသည်။ ဒေါသကိုနိုင်လျှင် လောကကိုနိုင်သည် မဟုတ်ပါလား။ “သား၊ ဘာဖြစ်လို့ နောက်ကျနေတာလဲ” “ရေဆေးဆီလိုက်ဌာနမှာ ကားတွေ များနေလို့ဖေဖေ” ရေဆေးဆီလိုက်ဌာနကို ဖုန်းဆက် မေးပြီးဖြစ်သဖြင့် သားလိမ်သည်ကို အဖေချက်ချင်း သိသွားလေပြီ။ မည်ကဲ့သို့ ဆုံးမလေမည်နည်း…။ “သားရေ၊ အဖေဟာ အရင်က ကိုယ့်ကိုယ်ကို အတော်အထင်ကြီးခဲ့မိတယ်၊ ကိုယ့်ရဲ့သားသမီးတွေကို မလိမ်တတ်အောင်၊ မညာတတ်အောင် ဆုံးမသွန်သင်နိုင်ခဲ့တဲ့ မိဘတစ်ဦးလို့ ထင်ခဲ့မိတယ်၊ ဒီနေ့ဒီအချိန်ကျမှ အဖေဟာ သားသမီးကို အမှန်ပြောအောင် မဆုံးမနိုင်တဲ့ အလကားဖခင်တစ်ယောက်ဆိုတာကို သိလိုက်ရတယ်။ (www.facebook.com/youngbuddhistassociation.mm) “ကိုယ့်အပြစ်ကို ကိုယ်ဘာသာဒဏ်ခတ်တာ တရားနည်းလမ်း အကျဆုံးပဲသားရဲ့၊ ဒါကြောင့် ဒီကနေအိမ်အထိ မိုင်-၂၀ ခရီးကို အဖေလမ်းလျှောက်ပြန်မယ်၊ သားကတော့ ကိုယ့်ဘာသာကားနဲ့ ပြန်ပေတော့” ထိုသို့ ပြောပြီးသည်နှင့် ဖခင်သည် လက်ဆွဲအိတ်ကလေးကို ကိုင်ကာ ရှေ့မှ ထွက်သွားနှင့်လေသည်။ သားဖြစ်သူမှာ မမာန်ရ၊ မရိုက်ရဘဲနှင့် မျက်ရည်သွင်သွင် ကျလေပြီ။ လမ်းတစ်လျှောက်လုံး ဖခင်ရှေ့က ကျော်လွန်သွားအောင်လည်း မောင်းမသွားရက်၊ ကားပေါ်တက်ပါအဖေဟုလည်း မခေါ်ရဲနှင့် သားဖြစ်သူမှာ ရင်နင့်အောင် ခံစားသွားရသည်။ လိမ်ညာမူတစ်ခုသည် လူတစ်ယောက်၏ စိတ်ကို ဤမျှလောက်ထိ ထိခိုက်စေနိုင်ပါလားဆိုသည်ကို သားဖြစ်သူ လက်တွေ့သိသွားသည်။ (www.facebook.com/youngbuddhistassociation.mm) ဆောင်းပါးအဆုံးတွင် စာရေးသူက ယခုလို မှတ်ချက်ချခဲ့၏။ အကယ်၍ ကျွန်တော့်ရဲ့အဖေက ကျွန်တော့်ကိုညာတဲ့အတွက်ဆိုပြီး မာန်မဲလိုက်မယ်၊ ရိုက်လိုက်မယ်ဆိုရင် ဒီညာတဲ့အကျင့်ကြီးကို ဖျောက်ချင်မှဖျောက်မှာပါ။ အခုတော့ အဖေက ကျွန်တော့်အပြစ်ကိုတောင်မမြင်ဘဲ သူ့အပြစ်သူရှာပြီး မိုင်-၂၀ ခရီးကို လမ်းလျှောက်ပြလိုက်တာဟာ ရိုက်တာဆဲတာထက် ကျွန်တော့်ရင်ထဲကို ပိုရောက်ပါတယ်။ (www.facebook.com/youngbuddhistassociation.mm) ဒါကြောင့် ကျွန်တော်ဟာ အဲဒီအချိန်ကစပြီး လိမ်ညာတဲ့ အကျင့်ဆိုးကြီး တစ်ခါတည်း အမြစ်ပြတ်ပျောက်သွားပါတယ်။ သဘောထားမပြည့်ဝသောသူသည် သူတစ်ပါး အပြစ်ကိုသာ မြင်တတ်သည်။ သဘောထားပြည့်ဝသောသူကား မိမိအပြစ်ကိုသာ မြင်တတ်သည်ဟူသော ဒဿနနှင့် ယခုဖြစ်ရပ်အား တိုင်းတာကြည့်သင့်ပေ၏။ - [ဆရာတော် အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ) "

No comments: