မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, September 24, 2013
လွှတ်တော်သည်ပြည်သူအတွက်
လွှတ်တော် ဒီမိုကရေစီသည် ပြည်သူ့ ဒီမိုကရေစီ
___________________________
အားလုံးသိကြသည့်အတိုင်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လူထုဆန္ဒ ခံယူပွဲ၊ ရွေးကောက်ပွဲမှသည် ဥပဒေပြုလွှတ်တော် ပထမဦးဆုံး ပေါ်ပေါက်လာပြီး ထိုလွှတ်တော်က ရွေးကောက် တင်မြှောက်လိုက်သည့် သမ္မတက ဖွဲ့စည်းသော အစိုးရအဖွဲ့နှင့် သမ္မတက အဆိုပြုကာ လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ခန့်ထားခံရသူ ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ် စသည့် အာဏာသုံးရပ် ဖြစ်ပေါ်လာပြီး ဒီမိုကရေစီ အသွင်ပြောင်းလုပ်ငန်းများ အကောင်အထည် ဖော်နေသည်မှာ သက်တမ်း ၂ နှစ်ရှိလာပြီ ဖြစ်သည်။
ဒီမိုကရေစီ၏ အဓိကအနှစ်သာရမှာ ပြည်သူထုက ရွေးချယ် ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များ၏ သဘောဆန္ဒဖြင့် အာဏာသုံးရပ်ကို တသီးတခြားစီ ခွဲခြားကျင့်သုံးကာ ပြည်သူ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
ပြည်သူ့ ဒီမိုကရေစီစနစ်၏ အရေးအကြီးဆုံးမှာ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်နေသည့် ဥပဒေပြုလွှတ်တော် ဖြစ်သည်။ ယင်းလွှတ်တော်၏ ဥပဒေပြု လုပ်ငန်းစဉ်အားလုံး ဒီမိုကရေစီ နည်းကျခြင်း မကျခြင်းသည် ပြည်သူ့ ဒီမိုကရေစီစနစ် ပီပြင်ခြင်းရှိ မရှိ တစ်နည်းအားဖြင့် အနှစ်သာရရှိ မရှိနှင့် တိုက်ရိုက်အချိုးကျသည်။
ကုန်ခဲ့သည့် ၂ နှစ်သက်တမ်းအတွင်း လွှတ်တော်က အတည်ပြု ထုတ်ပြန်လိုက်သည့် ဥပဒေများ ပြည်သူလူထုအတွက် အကျိုးရှိမရှိမှာ ထိုဥပဒေများ လက်တွေ့ အကောင်အထည် ဖော်သည့်အခါတွင် သိနိုင်မည် ဖြစ်သည်။ လတ်တလော အခြေအနေများအရ လွှတ်တော် အရပ်ရပ်က ရေးဆွဲပြဋ္ဌာန်းနိုင်သော ဥပဒေထက် အစိုးရအဖွဲ့က ရေးဆွဲသည့် ဥပဒေက ပိုများနေသေးသော်လည်း ဥပဒေ အတည်ပြုသည့် အဆုံးအဖြတ်မှာ လွှတ်တော်တွင်သာ ရှိသည်။
လွှတ်တော်သည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ပြည်သူလူထုအကျိုး အမှန်တကယ် ထမ်းဆောင်မည်ဟု ပြည်သူလူထုက ယုံကြည်ထားကြသည်။ ထိုသို့ ယုံကြည်ထားသည့် အတိုင်းလည်း ၂ နှစ်သား လွှတ်တော်က အတိုင်းအတာတစ်ခုအထိ ပြည်သူ့အကျိုး ထမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရသည်။
လွှတ်တော်အတွင်း ဆန္ဒမဲပေးရာတွင် မည်သည့် နည်းလမ်းက ဒီမိုကရေစီ နည်းအကျဆုံး ဆိုသည်ကို လွှတ်တော် ကိုယ်စားလှယ်များအားလုံး နားလည်ကြသလို ပြည်သူလူထု တစ်ရပ်လုံး နီးပါးသည်လည်း နားလည်ထားကြသည်။ သို့သော် လွှတ်တော်တွင် ပြဋ္ဌာန်း အတည်ပြုခဲ့သည့် ဥပဒေအချို့၊ အဆိုနှင့် မေးခွန်းအချို့အပေါ် မဲခွဲဆုံးဖြတ်ရာတွင် မိမိလိုချင်သည့် အကြောင်းအရာကို နှပ်ကြောင်းပေး ပြောဆိုပြီး ဒီမိုကရေစီ နည်းကျသယောင် ရှိသည့် ဗြောင်မဲပေးသည့်စနစ် ကျင့်သုံးခြင်းမှာ အမှန်တကယ် ဒီမိုကရေစီ နည်းကျပါ၏လောဟု မေးခွန်း ထုတ်ရမည် ဖြစ်သည်။
ပြည်သူလူထု အနေနှင့် ဥပဒေပြုလွှတ်တော် အပေါ်တွင် အားကိုးယုံကြည်မှုများ တဖြည်းဖြည်း မြင့်မားလာခြင်းမှာ ကောင်းသော လက္ခဏာ ဖြစ်သည်။ ပြည်သူလူထု တစ်ရပ်လုံးက ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် စောင့်ရှောက် ကာကွယ်သော ပြည်သူ့ ဒီမိုကရေစီစနစ် အမှန်တကယ် ဖော်ဆောင်နိုင်ခြင်းရှိ မရှိသည် လွှတ်တော် အတွင်းတွင် ကိုယ်ကျိုးစီးပွား မပါသော၊ ပုဂ္ဂိုလ်ရေး မပါသော၊ သြဇာအာဏာ မစွက်ဖက်သော ရိုးရှင်းသည့် ဒီမိုကရေစီ အစစ်အမှန် ကျင့်သုံးနိုင်ခြင်းရှိ မရှိ အပေါ်တွင် မူတည်နေကြောင်း အထူးဖော်ပြလိုသည်။
အယ်ဒီတာ
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment