Sunday, February 7, 2016

ခေတ်သစ်မြန်မာနိုင်ငံ ပေါ်ပေါက်လာဖို့ အရေးပါခဲ့တဲ့ ရှမ်းအမျိုးသားနေ့ ( ၀ါ) ရှမ်းပြည်နယ်

ခေတ်သစ်မြန်မာနိုင်ငံ ပေါ်ပေါက်လာဖို့ အရေးပါခဲ့တဲ့ ရှမ်းအမျိုးသားနေ့ ( ၀ါ) ရှမ်းပြည်နယ် II စိုင်းထွန်းအောင်လွင်II ဖေဖော်ဝါရီလ ၇ ရက်နေ့နဲ့ ပတ်သက်လို့ ကျန်တဲ့ ရှမ်းတွေတော်တော်များများမှာလိုပဲ ရှမ်းတိုင်းရင်းသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်မှာလည်း ရှမ်းခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့တာ မှန်မှမှန်ရဲ့လားဆိုပြီး သံသယ၀င်ခဲ့တဲ့ စိတ်တွေ နှစ်အတန်ကြာကိန်းအောင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်တွေက နိုင်ငံဘောလုံးအသင်းချင်းကန်ရင်တောင် ( ဥပမာ ထိုင်းနဲ့ မြန်မာ ကန်တယ်ဆိုပါစို့ ) မြန်မာအသင်းကိုပဲ အားပေးတတ်တဲ့ စိတ်က အမြဲရှိနေခဲ့ပါတယ်။ တချို့စစ်ဘေးရှောင်ပြီး ထိုင်းဘက်ကို ထွက်ပြေးတဲ့ ရှမ်းအချို့ဆိုရင် မြန်မာလား ဗမာလား စစ်တပ်လားမသိ မခွဲခြားနိုင်တော့ဘဲ ထိုင်းနဲ့ မြန်မာ ဘောလုံးကန်ရင်တောင် မြန်မာကို မအားပေးပါဘူး။ ဒါစာရေးသူ ကိုယ်တွေ့ပါ။ အခုတော့ ခေတ်စနစ်တွေ ပြောင်းဖို့ ခြေလှမ်းတွေလည်း စခဲ့ပါပြီ။ အရွယ်ရောက်လာလို့ အတန်ငယ်လေ့လာခဲ့တဲ့ အခါမှာတော့ အဲဒီခေတ်က ရှမ်းခေါင်းဆောင်တွေ ၊ ရှမ်းလူထုတွေအနေနဲ့ မှားယွင်းဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး။ အခြေနေ မပေးလို့သာ ဒီလို အခြေနေအထိ ကြုံခဲ့ရတာလို့ နားလည်လာခဲ့ပါတယ်။ ပြန်တွေးကြည့်ရင်တောင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ရှမ်းအမျိုးသားနေ့ ( သို့မဟုတ် ) ရှမ်းပြည်နယ်နေ့ က မြန်မာပြည်မြေပုံ ဒီလို အရွယ်အစားဖြစ်လာဖို့နဲ့ ပင်လုံစာချုပ်ချုပ်ဆိုဖို့ အတွက် အများကြီး အရေးပါတာကို မြင်တွေ့ရတဲ့အတွက် ရှမ်းမျိုးနွယ်စုတစ်ယောက်အနေနဲ့လည်း ၀မ်းနည်းဝမ်းသာဖြစ်ရပါတယ်။ ၀မ်းသာတယ်ဆိုတာ ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရှမ်းတွေရဲ့ ညီညွတ်မှုကြောင့်ပဲ မြန်မာနိုင်ငံဟာ တောင်တန်းပြည်မ မခွဲခြားဘဲ အင်္ဂလိပ်တွေဆီက လွတ်လပ်ရေးရဖို့ အခြေနေကောင်းသွားခဲ့သလို ၀မ်းနည်းစရာက အဲဒီ ဖေဖော်ဝါရီလ ၇ ရက်နေ့နဲ့ ဆက်စပ်နေတဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဗမာခေါင်းဆောင်တွေနဲ့ အတူ လက်မှတ်ရေးထိုးခဲ့တဲ့ ရှမ်း၊ ကချင် ၊ ချင်း တိုင်းရင်းသားတွေအနေနဲ့ စာချုပ်ပါ အခွင့်ရေးတွေ တိုင်းရင်းသား တန်းတူအခွင့်ရေးတွေ ခံစားခွင့်မရဘဲ ဆုံးရှုံးခဲ့ရလို့ ဖြစ်ပါတယ်။အခုတော့ ခေတ်စနစ်တွေ ပြောင်းဖို့ ခြေလှမ်းတွေလည်း စခဲ့ပါပြီ။ ရှမ်းအမျိုးသားနေ့ ( ၀ါ) ရှမ်းအမျိုးသားများ ပြည်နယ်နေ့ (၀ါ) ရှမ်းပြည်နေ့သမိုင်းက ပြည်ထောင်စုနေ့နဲ့ အလွန်နီးကပ်တာ ဘယ်နှနှစ်မြောက် ( ဥပမာ ၆၅ နှစ်မြောက် ၊ ၆၆ နှစ်မြောက် ) စတဲ့ နှစ်တွေက ပြည်ထောင်စုနေ့နဲ့ ဂဏန်းအတူတူဖြစ်နေတာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်စေခဲ့တဲ့ ပင်လုံဆိုတာ ရှမ်းပြည်နယ်မှာ ရှိနေတာကို ကြည့်လိုက်ရင်ပဲ ရှမ်းအမျိုးသားနေ့ (သို့မဟုတ် ) ရှမ်းပြည်နယ်နေ့ဟာ ပြည်ထောင်စုနေ့ ပင်လုံစာချုပ်သမိုင်းတို့နဲ့ ဆက်စပ်နေတယ်ဆိုတာ အလွယ်တကူ ဆက်စပ်ကြည့်လို့ပါတယ်။ အင်္ဂလိပ်မတိုင်ခင် နိုင်ငံတည်ရှိမှုကိုကြည့်မယ်ဆိုရင် ပဒေသရာဇ်ခေတ်တစ်လျှောက် မြို့ပြနိုင်ငံတွေ ၊ ဘုရင့်နိုင်ငံတွေပေါ်ထွန်းခဲ့ပေမယ့် တိုင်းပြည်မှာရှိတဲ့ မျိုးနွယ်စုတွေအားလုံ စုစည်းညီညွတ်စွာနဲ့ တည်ဆောက်ခဲ့တာဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့ ပင်လုံစာချုပ်နဲ့ပေါ်ပေါက်လာတဲ့ နိုင်ငံပဲ ရှိခဲ့တယ်ဆိုတာ သမိုင်းကို ပြန်ကြည့်ရင် အလွယ်တကူတွေ့နိုင်ပါတယ်။ ပင်လုံစာချုပ်ချုပ်ဆိုမှုနဲ့ ဆက်စပ်နေတဲ့ ရှမ်းအမျိုးသားနေ့က ဘာကြောင့်အရေးပါသလဲဆိုရင် အဲဒီ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ တည်ဆောက်နိုင်ခဲ့တဲ့ ရှမ်းညီညွတ်ရေးကြောင့်ပဲ တောင်တန်းပြည်မ မခွဲခြားနိုင်တော့ဘဲ အင်္ဂလိပ်က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးလိုက်ရတာဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ ပြည်နယ်အဆင့် သတ်မှတ်ထားတာဆိုလို့ ရှမ်းပြည်နယ် တစ်ပြည်နယ်တည်း ရှိပါတယ်။ကချင် ၊ ချင်း စတဲ့ ဒေသတွေက ဗမာပြည်မထဲမရှိပေမယ့် သီးခြားပြည်နယ်အဆင့်မရှိပါဘူး။ အင်္ဂလိပ်တွေ သိမ်းပြီးနောက် ပဒေသရာဇ် စော်ဘွားတွေရဲ့ အုပ်ချုပ်ရေးခေတ်ကို ပြန်ကြည့်မယ်ဆိုရင် အင်္ဂလိပ်ကော်မရှင်နာက အထက်မှာရှိသလို သူ့ရဲ့အောက်မှာ နယ်ပိုင်ဝန်ထောက်တွေလည်း ရှိပါတယ်။ အဲဒီအောက်မှာမှ စော်ဘွားတွေ အုပ်ချုပ်တဲ့ ရှမ်းနယ် ၃၃ နယ်ရှိတာပါ။ ဒုတိယ ကမ္ဘာစစ်မတိုင်မီအထိ Federate Shan State ဥပဒေနဲ့ အင်္ဂလိပ်က ပြည်မက ဗမာတွေနဲ့ ရှမ်းပြည်နယ်ကို ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ ဒါကလည်း ပြည်မနဲ့ မျိုးနွယ်စု ပထ၀ီအရ ကွာခြားတယ်။ သူ့အုပ်ချုပ်ရေးနဲ့သူရှိတယ်။ အင်္ဂလိပ်တော်လှန်ရေးကြီးကြီးမားမား မရှိခဲ့ဘူးဆိုတဲ့ အယူအဆကြောင့်ဖြစ်နိုင်သလို သွေးခွဲထားလိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စော်ဘွားတွေအနေနဲ့ မိမိရဲ့ အုပ်ချုပ်ရတဲ့ နယ်ပယ်ပိုင်နက်ပေါ်မူတည်ပြီး အခွန်တော်ကို ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံခွင့်လည်းရပါတယ်။ လုပ်ပိုင်ခွင့်တွေလည်း ရပါတယ်။စော်ဘွားတွေမှာ သူတို့ ထိန်းချုပ်ထားတဲ့ ရဲလို လက်နက်ကိုင်အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ရှမ်းပြည်သူတွေရဲ့ ဘ၀က အဲဒီခေတ်ကာလကလည်း တိုးတက်မှုမရှိပါဘူး။ စော်ဘွားအတော်များများအနေနဲု့ ( အားလုံးကို မဆိုလိုပါ ) မိန်းမယူလိုက် ၊ လောင်းကစားလုပ်လိုက် ၊ အမဲပစ်လိုက်နဲ့ အချိန်ကုန်နေခဲ့တာများပါတယ်။ ခေတ်မီတိုးတက်တဲ့ အမြင်ရှိပြီး ဒေသခံတွေကို ကောင်းစားလိုစိတ်ရှိတဲ့ စော်ဘွားအနည်းငယ်ကလွဲလို့ ကျန်စော်ဘွားတွေ ပဒေသရာဇ်တွေရဲ့ အာဏာယစ်မူးတဲ့ စိတ်နဲ့ မှားယွင်း စီမံခန့်ခွဲမှုတွေကြောင့်ပဲ အဲဒီအချိန်ကာလကလည်း ရှမ်းပြည်က အောက်ကျနောက်ကျ ဖြစ်နေခဲ့ရပါတယ်။ ဗြိတိသျှနယ်ချဲ့တွေရဲ့ အုပ်စိုးမှုက ရှမ်းပြည်နယ်မှာ နှစ် ၆၀ ကြာခဲ့ပြီး ရှမ်းလူထုအတွက် စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေးလိုကဏ္ဍတွေမှာ ဘယ်ကဏ္ဍမှ မတိုးတက်ဘူးလို့ တောင်ကြီး ဦးထွန်းမြင့် ( ဖက်ဒရယ် ရှမ်းမူကို ရေးသားသူ ) က သူ့ရဲ့ စာအုပ်တွေမှာ ဆိုထားခဲ့ပါတယ်။ ဒါ့အပြင်စော်ဘွားတွေအနေနဲ့ ဒေသခံတွေကို ဖိနှိပ်ချုပ်ချယ်တာတွေလည်း ရှိခဲ့ပါတယ်။ ဘာသာရေး ၊ သာရေးနာရေးအသင်းတွေမှအပ အခြားလူထုလူတန်းစားအသင်းအဖွဲ့များ ထူထောင်ခွင့်လည်း မရခဲ့ပါ။ အင်္ဂလိပ်အစိုးရကလည်း ပြည်မက အမျိုးသားရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက ရှမ်းပြည်နယ်ဘက်ကို ကူးစက်လာခဲ့မှာ စိုးရိမ်တာကြောင့် ဒုတိယကမ္ဘစစ်မတိုင်ခင်အထိ ပြည်မက နိုင်ငံရေးသမားတွေ သခင်လူငယ်တွေအနေနဲ့ ရှမ်းပြည်ဘက်ကို လာလို့ မရခဲ့ပါဘူး။ ရောက်လာခဲ့ရင်လည်း နယ်ခြားကို ၂၄ နာရီအတွင်း နယ်နှင်ဒဏ်အပေးခံရမှာဖြစ်သလို နိုင်ငံရေးနိုးကြားတက်ကြွတဲ့ ရှမ်းတိုင်းရင်းသားတွေအဖို့တော့ နယ်နှင်ဒဏ်မှ သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ ရှမ်းပြည် ဥပဒေ ပုဒ်မ (၁၀) က ထိန်းချုပ်ထားပါတယ်။ နယ်ချဲ့အင်္ဂလိပ်က မိမိနယ်ချဲ့စနစ်တည်မြဲဖို့အတွက် တမင်တကာဖိနှိပ်ချုပ်ချယ်ခဲ့သလို ၊ ရှမ်းပဒေသရာဇ်စော်ဘွားတွေကလည်း ပဒေသရာဇ်ကံကျွေးချစနစ် တည်မြဲဖို့အတွက် ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ သဘောပါ။ စော်ဘွားတွေ အနေနဲ့ အခွန်ငွေမှ ၁၅ ရာခိုင်နှုန်းကို လစာအဖြစ်ရတဲ့အပြင် အခြား လောင်းကစားခွန် ဘိန်းခွန်လို အခွန်တွေလည်းရပါသေးတယ်။ နယ်ချဲ့အင်္ဂလိပ်တွေကတော့ ကစားဝိုင်း၊ဘိန်း ၊ အရက် တို့နဲ့ ရှမ်းတွေကို အညွှန့်တုံးစေခြင်းအားဖြင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ကို လမ်းလွှဲစေခဲ့ပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် အင်္ဂလိပ်အစိုးရလက်ထောက်က ရှမ်းပြည်အနေနဲ့ လုပ်ပိုင်ခွင့်တွေရပေမယ့်စော်ဘွားတွေက ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ လူထုခေါင်းဆောင်တွေ မဖြစ်ဘဲ သားစဉ်မြေးဆက် ပဒေသရာဇ်တွေသာ ဖြစ်ခဲ့တဲ့အတွက် ရှမ်းပြည်အတွင်းက ပြည်သူတွေအနေနဲ့ ဗမာပြည်မက ပြည်သူတွေနည်းတူ ဖိနှိပ်ခံနင်းပြားဘ၀မှာပဲ ရှိနေခဲ့တာပါ။ ပြည်မကို ဒိုင်အာခီ အုပ်ချုပ်ရေး တိုးမြှင့်ပေးတော့လည်း ရှမ်းပြည်ကို မတိုးတက်သေးတဲ့ နယ်တစ်ခုအဖြစ် အင်္ဂလိပ်တွေက စော်ဘွားတွေနဲ့ လက်ဝါးချင်းရိုက်ပြီးချန်ထားခဲ့ပါတယ်။ စော်ဘွားတွေရဲ့ ဒဏ်ကို မခံနိုင်လို့ ပအိုဝ်း အပါဝင်မျိုးနွယ်စုအချို့က အင်္ဂလိပ်ခေတ်မှာ တော်လှန်တာတွေရှိပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရှမ်းပြည်မှာ ဒုတိယ ကမ္ဘာစစ်မဖြစ်ပွားမီ အချိန်ကာလအထိ လူထုလှုပ်ရှားမှုတွေမရှိခဲ့ပေမယ့် ရန်ကုန်ကို ကျောင်းသွားတက်တဲ့ ကျောင်းသားတွေက တစ်ဆင့် ရှမ်းပညာတတ်လူငယ်တွေအကြားမှာ နိုင်ငံရေးနိုးကြားမှုတွေရှိလာခဲ့ပါတယ်။ အဲဒီအထဲမှာ ဦးထွန်းမြင့် ၊ ဦးတင်အေး၊ ဦးဘဇံ ၊ ဦးရွှေအုန်းတို့လို ရှမ်းကျောင်းသားတွေ ပင်လုံစာချုပ်မှာ လူထုကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုးခဲ့သူတွေပါသလို အာဇာနည်ခေါင်းဆောင် ဖြစ်လာမယ့် မိုင်းပွန်စော်ဘွား စ၀်စံထွန်းလို ပုဂ္ဂိုလ်တွေပါပါဝင်ခဲ့ပါတယ်။ သူတို့တွေရဲ့ နိုင်ငံရေး နိုးကြားမှုတွေက တစ်ဆင့် ၊ ဦးဆောင်မှုတွေက လွတ်လပ်ရေးသမိုင်းမှာ အရေးပါခဲ့ပါတယ်။ ရှမ်းမျိုးချစ်လူငယ်တွေ နိုင်ငံရေးနိုးကြားတက်ကြွသူတွေရဲ့ ဦးဆောင်မှုနဲ့ပဲ ရှမ်းနိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် ရလပ ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်တွဟာ သခင်အောင်ဆန်း အပါဝင် ပြည်မက နိုင်ငံရေးသမားတွေနဲ့လည်း မကြာခဏဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီ တက်ကြွလှုပ်ရှားသူတွေကို စော်ဘွားတွေကလည်းနှိပ်ကွပ်ခဲ့တာပါပဲ။ တကယ်တော့ ပင်လုံညီလာခံလို့ ပြောရင် အောင်မြင်ခဲ့တဲ့ညီလာခံဟာ ဒုတိယ ပင်လုံညီလာခံသာဖြစ်ပါတယ်။ ၁၉၄၆ ခုနစ် မတ်လမှာ အင်္ဂလိပ်လက်ချက်နဲ့ ရှမ်းစော်ဘွားတွေရဲ့ ပထမအကြိမ်ညီလာခံကို ကျင်းပခဲ့ပါတယ်။ ဗမာပြည်မကို အုပ်ချုပ်တိုးမြင့်ပေးရမယ့် အခြေနေရောက်နေချိန်မှာ မတော်တဆ ဗမာပြည်မကို ဒိုမီနီယံ အုပ်ချုပ်ရေး တိုးမြှင့်ပေးရသည်ရှိသော် တောင်တန်းဒေသများဟာ တာဝန်ခံအုပ်ချုပ်ရေး လက်ခံနိုင်လောက်အောင် နိုင်ငံရေးတိုးတက်မှုမရှိသေး၍ ဆိုပြီး ချန်လှပ်ဖို့ ရည်ရွယ်ချက်နဲ့ အင်္ဂလိပ်နဲ့ နီးစပ်တဲ့ စော်ဘွားတွေက ကျင်းပခဲ့တာပါ။ ရှမ်းစော်ဘွားအပြင် ၊ ကချင် ဒူဝါတွေ၊ ချင်း ထောင်အုပ်တွေလည်း ညီလာခံ တက်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ ဗမာပြည်မက အကြီးအကဲတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးဘဖေ ၊ ဦးစောတို့ကို ဧည့်သည်အဖြစ်တက်ဖို့ ဖိတ်ခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းမတက်ဖြစ်ခဲ့ပါဘူး။ ဖဆပလမှာ အဲဒီတုန်းက ဘာတာဝန်မှ မရှိသေးတဲ့ သခင်နု နဲ့ မန်းဘခိုင် ၊ ဦးဘဂျမ်း၊ ဦးဖေခင်တို့သာ တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက ကြိုတင်လက်ဝါးချင်းရိုက်ခဲ့တာကြောင့် သခင်နု ၊ မန်းဘခိုင်တို့ရဲ့ ဖဆပလ က အလုပ်မဖြစ်ခဲ့ဘဲ ဦးစော ရဲ့ ဒိုမီနီယံသာအသံတွေ ထွက်လာခဲ့သလို စော်ဘွားအသင်းဥက္ကဋ္ဌ ခွန်ပန်းစိန်ကလည်း ဗမာပြည်မကို ဒိုမီနီယံပေးရင် မရှေးမနှောင်းမှာပဲ ဒိုမီနီယံလိုချင်တယ်လို့ အသံထွက်ခဲ့ပါတယ်။ အင်္ဂလိပ်သံပတ်ပေးထားတဲ့အတိုင်း ဗမာပြည်မနဲ့ မပူးပေါင်းလို ဆိုတဲ့ အသံတွေပဲ ထွက်ခဲ့ပါတယ်။ ဖဆပလရဲ့ အဲဒီအရေးမလှမှုဟာ အင်္ဂလန်ကိုသွားပြီး ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးသွားတောင်းတဲ့ အချိန်အထိ ဖဆပလ ကို အခက်တွေ့စေခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးတောင်းတော့ အင်္ဂလိပ်က ဗမာပြည်မကို လွတ်လပ်ရေးပေးမယ်။ နယ်စပ်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေက ဗမာတွေနဲ့ အတူ လွတ်လပ်ရေးအတူတူယူချင် မယူချင်ဆိုတာ သူတို့အပေါ်ပဲ မူတည်တယ် ဆိုပြီးပြောလာပါတယ်။ စော်ဘွားအချို့က လန်ဒန်ရောက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးဆိုပြီးတော့လည်း ကြေးနန်းစာ ပေးပို့ထားခဲ့ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ ဖြစ်လာခဲ့တာပါ။ မတူညီတဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်ထားတဲ့ ချင်း ၊ ကချင် ၊ ရှမ်း ၊ ဗမာနဲ့ အင်္ဂလိပ်တွေ ဆွေးနွေးတဲ့ သဘောပါ၊ ဒုတိယ ပင်လုံညီလာခံဆိုတာ။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့ ပင်လုံ မလာခင် ရှမ်းမြောက် နမ့်ဖက်ကာမှာ ဆမားဒူဝါး ဆင်ဝါးနောင် အပါဝင် ကချင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ရပြီး ကချင်ပြည်နယ် သတ်မှတ်ပေးဖို့ ကတိပြုခဲ့ရပါတယ်။ တကယ်တော့ ဒုတိယ ပင်လုံညီလာခံဟာ အင်္ဂလိပ်ကပဲ စီစဉ်ပေးတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် လေ့လာသူအဖြစ်ပဲ ဖိတ်ထားခဲ့တာပါ။ ဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ၁၉၄၇ ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့တွေက ပင်လုံမှာ ကျင်းပနေတဲ့ ရှမ်းနဲ့ ကချင် ညီလာခံ နဲ့ ရှမ်း ၊ ကချင် ၊ ချင်း ညီလာခံ ကို မတက်ဘဲ တောင်ကြီးကနေ ရှေ့ပြေးညီလာခံတွေရဲ့ အခြေအနေကို စောင့်နေခဲ့ရတာဖြစ်ပါတယ်။ အခြေနေကတော့ ညီလာခံ အစပိုင်းမှာ အင်္ဂလိပ်က အသာစီးရနေပါတယ်။ တိုးတက်အမြင်ရှိတဲ့ စ၀်ရွှေသိုက် ၊ -စ၀်စံထွန်းတို့လို စော်ဘွားအချို့ကလွဲလို့ ကျန်စော်ဘွားတော်တော်များများက အင်္ဂလိပ်အလိုကျဆိုတဲ့ အနေထားမှာ ရှိနေခဲ့တာပါ။ ဒါပေမဲ့လည်း အဲဒီအချိန်ကာလတွေမှာ လူထုနဲ့ နိုင်ငံရေး ရေချိန်က ရှမ်းနိုင်ငံရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အတူ မြင့်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဗမာပြည်မနဲ့ အတူ လွတ်လပ်ရေးမယူဘူး၊ တောင်တန်းဒေသကို ချန်ထားမယ်ဆိုတဲ့ အနေထားဖြစ်လာခဲ့တဲ့ အချိန် လက်ရှိစနစ်လိုပဲ ဆက်သွားမယ်ဆိုတဲ့ အခါမှာ ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားတွေအနေနဲ့ ဒီအတိုင်းထိုင်မနေတော့ဘဲ လူထုလှုပ်ရှားမှုတွေကို တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြပါတယ်။ ညီလာခံ ကျင်းပနေတဲ့ ပင်လုံမှာဆိုရင်လည်း ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်က အဖွဲ့ဝင်တွေ ဦးဆောင်ပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ညီလာခံကျင်းပနေတဲ့ ကွင်းအထိ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ နဂို အင်္ဂလိပ်နဲ့ လက်ဝါးချင်းရိုက်ခဲ့ကြတဲ့ စော်ဘွားတွေလည်း ထပ်မံပြီး အင်္ဂလိပ်နဲ့ လက်ချင်းဆက်ဖို့ ခက်လာခဲ့တဲ့ အခြေနေအထိ ရောက်လာခဲ့တာပါ။ ပြည်နယ်အနံ့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ လူထုလှုပ်ရှားမှာ ရှမ်းတွေအပြင် ရှမ်းပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပအိုဝ်း ၊ ဓနု ၊ ပလောင် ၊ ကချင် စတဲ့ တိုင်းရင်းသားပေါင်းစုံပါ ပါဝင်ခဲ့တာပါ။ အဲဒါကြောင့်ပဲ ဗြိတိသျှကော်မရှင်နာဦးဆောင်တဲ့ ရှမ်းပြည်ထောင်စုကောင်စီ ဖျက်သိမ်းဖို့ ဖြစ်လာခဲ့ပြီး ပလောင် ၊ ရှမ်းပအိုဝ်း ၊ ဓနုစတဲ့ စော်ဘွားပေါင်းစုံပါဝင်တဲ့ ရှမ်းစ၀်လုံဖများ ကောင်စီ ပေါ်ပေါက်ဖို့ လမ်းစ ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဗြိတိသျှတွေက အစပိုင်းမှာ သူတို့လွှမ်းမိုးမှု ရှိတဲ့ ကောင်စီကို မဖျက်ဖို့ စီစဉ်ပါသေးတယ်။ ချက်ချင်း အကြောင်းမပြန်ဘူးလုပ်နေတဲ့အတွက် အဲဒီ ဖေဖော်ဝါရီလ ၇ ရက်နေ့ညမှာပဲ အနည်းဆုံး ငါးထောင်လောက် ရှိတဲ့ ပြည်သူတွေဟာ မျိုးနွယ်စုတော်တော်များများကို ကိုယ်စားပြုနိုင်တဲ့ စော်ဘွား ခုနစ်ဦးနဲ့ လူထုကိုယ်စားလှယ် ခုနစ်ဦးတို့ကို ရွေးချယ်လိုက်ပြီး ရှမ်းပြည်ကောင်စီ လို့ အမည်ပေးလိုက်ပါတယ်။ အဲဒီကောင်စီပေါ်ပေါက်လာတာနဲ့ လူထုလှုပ်ရှားမှုတွေကြောင့်ပဲ အင်္ဂလိပ်နဲ့ အင်္ဂလိပ်လိုလားသူ စောဘွားတွေဟာ အိုးစားကွဲခဲ့ရတာဖြစ်ပြီး တောင်ကြီးကနေ ရင်တမမနဲ့ စောင့်နေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ပင်လုံကို အရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆက်ဆွေးနွေးကြ ၊ ရက်ပိုင်းအတွင်း ပင်လုံ စာချုပ်ချုပ်ဆိုကြဆိုတဲ့ အခြေနေကို ရောက်သွားခဲ့ပါတယ်။ အဲဒီ ရှမ်းတွေဖွဲ့စည်းထားတဲ့ ရှမ်းပြည်ကောင်စီက ကိုယ်စားလှယ်တွေအားလုံးကလည်း ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။တစ်နည်းအားဖြင့် ပင်လုံညီလာခံအနေနဲ့ ရလဒ်ကောင်းရလာခဲ့တာတွေက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ရှမ်းပြည်နယ်အတွင်းက လူထု လှုပ်ရှားမှုကြောင့်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အသွင်မတူတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေနေထိုင်တဲ့ အရပ်တွေဟာ မြန်မာပြည်မြေပုံထဲမှာ ပါလာခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ကိုလည်း မူလက ရှမ်းအမျိုးသားနေ့လို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်း အာဏာရှင် ဦးနေ၀င်းတက်လာတဲ့ အချိန်ရောက်တော့ ရှမ်းပြည်နယ်နေ့လို့ ပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ်။ အရင်က ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တိုင်းရင်းသားတွေကို ခက်ခက်ခဲခဲ စည်းရုံးရမယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ တစ်ကျပ်ရရင် ရှမ်းတစ်ကျပ်ရရမယ်ဆိုတဲ့ မူကြောင့် တောင်တန်းဒေသနေ တိုင်းရင်းသားတွေကလည်း ဗမာပြည်မနဲ့ အတူ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြတာပါ။ တကယ်လို့ ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူထု လှုပ်ရှားမှုတွေသာ မဖြစ်ခဲ့ရင် မြန်မာပြည်မြေပုံအနေနဲ့ အခုလောက်ရှိပါတော့မလားဆိုတာ တွေးဆစရာပါ။ ဒါ့အပြင် ပြည်နယ်အဆင့်ရပြီး ဖက်ဒရယ်မူအခြေခံတွေကို ကျင့်သုံးဖူးတဲ့ ရှမ်းတွေ အားကိုးနဲ့ လာခဲ့တဲ့ ကချင် ၊ ချင်း စတဲ့ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မျိုးနွယ်စုတွေနဲ့ နယ်မြေတွေကလည်း ဘယ်လို ဆက်ဖြစ်မယ်ဆိုတာ မတွေးဝံ့အောင်ပါပဲ။ စိုင်းထွန်းအောင်လွင် The Ladies News Journal

No comments: