ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှ
စီနီယာ-ဂျူနီယာ ဆက်ဆံရေး
*****************************
၁၉၈၀ ပြည့်နှစ်ထိ
အမေရိကန် စစ်တက္ကသိုလ်မှာ
စီနီယာက ဂျူနီယာကို
ကြမ်းတမ်းရိုင်းစိုင်းစွာ ကွပ်ကဲလေ့ရှိတယ်။
ဒီစနစ်ကို ဒုတိယဗိုလ်ချုပ်ကြီး ဒေးဖ်အာရ်ပါးမား
ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ရဲ့ 
ကျောင်းအုပ်ဖြစ်လာတဲ့အချိန်မှာ ပြန်သုံးသပ်ခဲ့တယ်။
စီနီယာ-ဂျူနီယာ နှိပ်ကွပ်ဆက်ဆံတဲ့ စနစ်ဟာ
ခေါင်းဆောင်မှု၊ ခံနိုင်ရည်သတ္တိတိုးတက်မှုတို့ နဲ့ 
ဆက်စပ်လားဆိုတာကို စတင်လေ့လာပါတယ်။
ဆန့် ကျင်ဘက်ယူဆနေတဲ့ အဖွဲ့ နှစ်ဖွဲ့ ကို
အစီရင်ခံစာ တစ်စောင်စီ တင်ခိုင်းတယ်။
ဒါတွေကို တစ်နှစ်ဝန်းကျင် သုံးသပ်တယ်။
သုံးသပ်ပြီးချိန်မှာတော့
ဒီစနစ်ဟောင်းဟာ မြေမြုပ်ပစ်ရမယ့်
ကြီးနိုင်ငယ်ညှင်းစိတ်ဓာတ်သာဖြစ်ပြီး
ခေါင်းဆောင်မှု၊ သတ္တိအရည်အသွေးတိုးတက်မှုနဲ့ 
ဘာမှ မသက်ဆိုင်တာကို တွေ့ ခဲ့ပါတယ်။
ဒီတော့ပြုပြင်ပြောင်းလဲရေး စနစ်အသစ်ကို စတယ်။
စီနီယာ-ဂျူနီယာ ဆက်ဆံရေးနဲ့ 
ပတ်သတ်တဲ့ အခြေခံမူတွေကို
အရင်ညှိနှိုင်းတယ်၊ ဝေဖန်တယ်၊ သုံးသပ်တယ်၊
ပြီးသွားမှ အားလုံးလိုက်နာရမယ့်
လမ်းညွှန်ချက်အဖြစ် ပြဌာန်းပါတယ်။
စီနီယာရဲ့ တာဝန်ဟာ ဂျူနီယာကို
နှိပ်ကွပ် အရသာခံဖို့ မဟုတ်၊
ခေါင်းဆောင်မှုကိုသာ ဖွံ့ ဖြိုးတိုးတက်အောင်လုပ်ဖို့ 
ဆိုတဲ့ အတွေးအခေါ်ကို စစ်တက္ကသိုလ်မှာ
စတင်ရိုက်သွင်းပါတယ်။
စနစ်သစ်စချိန်မှာ စီနီယာတွေဟာ
ယခင်စနစ်ဟောင်းကို တမ်းတကြပါတယ်။
ဒါပေမယ့် အားလုံးက စနစ်သစ်ဟာ
ပိုကောင်းတယ်လို့ ဝန်ခံကြပါတယ်။
ဂျူနီယာတွေကို သူတို့ လက်မခံချင်တဲ့
စည်းကမ်းသစ်တွေကို အမိန့် ပေးမခိုင်းဘဲ
နားလည်အောင် ရှင်းပြပြီး
သူတို့ ကိုယ်တိုင် စံနမူနာ အဖြစ်
ဦးဆောင် အကောင်အထည် ဖော်စေတယ်။
လူသစ်ဗိုလ်လောင်းတွေနဲ့ ဆွေးနွေးပွဲတွေလုပ်တယ်။
သူတို့ နဲ့ အပြန်အလှန်ဆွေးနွေးပြီး
စစ်တက္ကသိုလ်ရဲ့ ရည်မှန်းချက် မသွေဖီအောင်
အဖြေထုတ် ပုံစံသွင်းယူခဲ့တယ်။
ပြောင်းလဲမှုရဲ့ ပထမနှစ်မှာတင်
အလွန် တိုးတက်လာတယ်။
စီနီယာ-ဂျူနီယာ
နွေးထွေးတဲ့ ဆက်ဆံရေး စပေါ်လာတယ်။
ဂျူနီယာတွေရဲ့ ခေါင်းဆောင်မှု အရည်အသွေး
တိုးတက်လာတာ မြန်လွန်းလို့ 
လေ့လာသူတွေပါ သြချခဲ့ရပါတယ်။
စစ်ရေးပြကွင်းကို ချီတက်တဲ့ လှုပ်ရှားမှုတွေကို
ကြည့်ရင် ယခင်က စိတ်ပါမှုနည်းပြီး
အမှားမဖြစ်ရုံသာ ရှိသော်လည်း
ယခုအခါ တက်ကြွမှုနဲ့ 
အံ့မခန်း ညီညာနေတာကိုတွေ့ ရပါတယ်။
ယခင်က ဗိုလ်လောင်းဘဝ ကနေ
နှုတ်ထွက်သူ ၄၀ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းထိ
ကျဆင်းသွားတာလည်း
အပြောင်းအလဲရဲ့ အံ့မခန်း အောင်မြင်မှုပါပဲ။
ပြောင်းလဲမှုဟာ
၁၉၉၀ ဝန်းကျင်မှာတော့ ပြည့်စုံသွားပါတယ်။
အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ဟာ
ဗိုလ်လောင်းတွေကို အံ့မခန်း စိတ်ဓာတ်၊
သတ္တိ၊ အမိန့် နာခံမှု၊ ကျားကုတ်ကျားခဲဇွဲ နဲ့ 
ခေါင်းဆောင်မှု အရည်အသွေးတွေ အပြင်
လူသားဆန်မှုကိုပါ ထည့်သွင်း သင်ကြားပေးနိုင်ခဲ့ပါတယ်။
အမေရိကန် စစ်သားလောကမှာ
မဖြစ်နိုင်တဲ့ အခက်အခဲကိုဖြေရှင်းသွားတဲ့စစ်ဗိုလ်တွေကို
"အဖြူရောင်မီးစုန်း" (White Phosphorus)
လို့ တင်စားကြတယ်။
အဖြူရောင်မီးစုန်း (WP) ဟာ
အမြောက်တပ်ရဲ့ ကျည်ထဲမှာပေါက်ကွဲအားကောင်းတယ်
ဒီလိုပဲ (West Point) (WP) ကျောင်းဆင်းဆိုရင်
သိပ်အစွမ်းထက်ကြတယ်လို့  ပြောစမှတ်ပြုရတယ်။
အောက်ကတော့ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်က
ဗိုလ်ချုပ်တွေရဲ့  စီနီယာ-ဂျူနီယာဆက်ဆံရေးနဲ့ 
ပတ်သတ်တဲ့ နမူနာမိန့် ခွန်းတွေပါ။
"စစ်သားကောင်းတွေကို
ရက်စက်ကြမ်းတမ်းတဲ့ စည်းကမ်းနဲ့ 
ပြုပြင်ရမှာ မဟုတ်ဘူး။
ဒီလို အပြုအမူက တပ်မတော်ကို
တိုးတက်ဖွံ့ ဖြိုးစေမယ့် အစား
ဆုတ်ယုတ် ပျက်စီးစေတယ်"
"စစ်သည်တွေကို အမိန့် ပေးရင်
စိတ်ပါလက်ပါ နာခံချင်လာအောင်
ကိုယ်ဟန်မူရာ နဲ့ လေသံကို
ထိန်းသိမ်းပြုပြင်ပြီး ပေးလို့ ရတယ်"
ဗိုလ်ချုပ်ကြီး ရှိုးဖီးလ်
ဝက်စ်ပွိုင့် စစ်တက္ကသိုလ် ကျောင်းအုပ်
-----------------------------------
"လူဟာစက်ရုပ်မဟုတ်ဘူး။
ဒီလိုပြောလို့ ဖူးဖူးမှုတ်ထားရမယ် မဆိုလိုဘူး။
လူဟာ အသိဥာဏ်ရှိတယ်။
နားလည်မှုနဲ့ ကိုယ်ချင်းစာမှုကို
အလားတူ တုံ့ ပြန်တဲ့ သဘာဝရှိတယ်။
ဒီသဘာဝကို နားလည်ဆက်ဆံတတ်မှ စစ်သားတွေရဲ့ 
အမြင့်ဆုံးစွမ်းဆောင်မှုကို ရမယ့်အပြင်
သစ္စာရှိမှုပါ မုချထပ်ရမယ်။"
ဗိုလ်ချုပ်ကြီး အိုမာဘရက်ဒ်လီ
----------------------------
နိုင်ငံတကာ စစ်တက္ကသိုလ်တွေမှာ
ဒီလိုပဲ ဆက်ဆံပါတယ် ဆိုတဲ့
ရွှေဥာဏ်တော်စူးရောက်သူတွေ ဖတ်လို့ ရအောင်
ရေးပေးတာပါ။
တကယ်တော့ စစ်တက္ကသိုလ်တွေဆိုတာ
ခေါင်းဆောင်ကောင်းတွေကို
အမြန်ဆုံး မွေးထုတ်နိုင်တဲ့နေရာပါ။
လုပ်ငန်းသဘာဝကြောင့် ပြင်ပမှာ
နှစ်နှစ်ဆယ်လုပ်မှ ရမယ့် ခေါင်းဆောင်အရည်အသွေးကို
အချိန်တိုအတွင်းရစေတဲ့ နေရာပါ။
ခေါင်းဆောင်ကောင်းတွေကို စနစ်သစ်နဲ့ 
ပြောင်းလဲမွေးထုတ်နိုင်ခဲ့ရင်
အရပ်ဖက်ရောက်လာရင်တောင်
ကုမ္ပဏီလုပ်ငန်းစုကြီးတွေမှာ နေရာရနိုင်တယ်။
ဒီလိုကြီးနိုင်ငယ်ညှင်းစိတ်နဲ့ ပဲ
သြဇာတည်အောင်လုပ်တတ်ရင်တော့
အရပ်ဖက်ကအုပ်ချုပ်ရေးမန်နေဂျာတွေရီနေပါလိမ့်မယ်။
ဖော်ကျွန်းမဂ္ဂဇင်းမှာ ထည့်သွင်းဖော်ပြရတဲ့
အမေရိကန်ရဲ့ ထိပ်ဆုံးစီးပွားရေးလုပ်ငန်းစု ၅၀၀ ရဲ့ 
ဝန်ထမ်းတွေကို ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ကနေ
ခေါင်းဆောင်မှု သင်တန်းပေးနေတာပါ။
ဒီမိုကရက်တစ်နိုင်ငံတွေမှာတော့
စီနီယာကဂျူနီယာကို
နှိပ်ကွပ်ဆက်ဆံရတဲ့စနစ်ဟောင်းက
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ထဲက
ပြုပြင်ပြောင်းလဲခဲ့ပြီးပါပြီ။
ဒီပြောင်းလဲမှုတွေကို အပြင်လူဖြစ်တဲ့
ကျွန်တော်တို့ တောင်ဖတ်မိရင်
ဒါကိုပဲ အထူးပြုလေ့လာနေရတဲ့
စစ်ရေးအမြင်ရှိတဲ့ မြန်မာပြည်
စစ်တက္ကသိုလ်တွေကကျောင်းအုပ်တွေ
သိမှာ ဧကန်မုချပါ။
ဒါတောင် မပြောင်းလဲပေးခဲ့တာကတော့
ကိုယ်ကျိုးသာစိတ်ဝင်စားပြီး
တိုင်းပြည်နဲ့ ရဲဘော် ရဲဘက်တွေအပေါ်
ကိုယ်ချင်းစာစိတ်ကင်းမဲ့ခဲ့လွန်းလို့ ပါပဲ။
စစ်တက္ကသိုလ်တွေလည်း ပြောင်းလဲချိန်တန်ပါပြီ။
(အသေးစိတ်သိလိုပါက "ဦးလှမင်း" ရေးတဲ့
"အမေရိကန် စစ်တက္ကသိုလ်ရဲ့ ခေါင်းဆောင်မှု ပညာ"
စာအုပ်မှာရှာဖတ်နိုင်ပါတယ်။ မူရင်းစာအုပ်က
"Colonel Larry R. Donnithrone" ရေးတဲ့
"West Point Way of Leadership" ပါ)
No comments:
Post a Comment