Friday, May 8, 2015

မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဖုန်ကာ မျက်နှာဖုံး Mask တပ်၍ ဆိုင်ကယ်စီးခြင်း၊ သွားလာ ခြင်းတို့ပြုလုပ်ပါက ဥပဒေပုဒ်မ ၁၈၈ ဖြင့်အရေးယူမည့် အမိန့်ကြော်ငြာစာ


မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဖုန်ကာ မျက်နှာဖုံး Mask တပ်၍ ဆိုင်ကယ်စီးခြင်း၊ သွားလာ ခြင်းတို့ပြုလုပ်ပါက ဥပဒေပုဒ်မ ၁၈၈ ဖြင့်အရေးယူမည့် အမိန့်ကြော်ငြာစာအပေါ် မြစ်ကြီးနားမြို့နေ ပြည်သူများ ၏ အသံ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်နေ အမျိုးသမီးတစ်ဦး

“မျက်နှာဖုံး(Mask) တပ်တယ်ဆိုတာကတော့ တစ်ချို့ကတော့ သူတို့ရဲ့ကျန်းမာရေးအတွက်ပေါ့နော် ဥပမာကူးစက်ရောဂါမျိုးတွေဆိုရင် သူတို့ရဲ့ရောဂါကို တစ်ခြားသူတွေကိုမပျံ့ပွားချင်တဲ့အတွက်သုံးတာပေါ့နော်။ တစ်ချို့ကြတော့ ကိုယ့်ရဲ့ကျန်းမာရေးကိုကာကွယ်တဲ့အတွက်သုံးတာပေါ့နော် ဥပမာ လေထုမှာဆိုရင် ရောဂါ မျိုးစုံပေါင်းစုံအများကြီးရှိနိုင်တယ်လေ အဲဒါကိုကာကွယ်ဖို့လုပ်တဲ့အတွက် Mask တပ်တယ်။ နောက်ပြီးတော့ တစ်ချို့ကြတော့ Mask တပ်တယ်၊ ဦးထုပ်ဆောင်းတပ်ဆိုတာ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ချင်တဲ့အတွက် တပ်တဲ့လူတွေဝတ်ဆင်တဲ့လူတွေများတာပေါ့။ပြီးတော့ Mask တပ်တာ မတပ်တာက ကိုယ့်ရဲ့အခွင့်အရေးနဲ့ လည်းဆိုင်တယ်လို့မြင်တယ်။ Mask တပ်ခြင်းအားဖြင့် ဒုစရိုက်ကိုပိုပြီးဖြစ်စေတယ်ဆိုတာထက် ဒါကိုဖြည့်ဖြည့် စည်းစည်း နည်းလမ်းအများကြီးနဲ့ တာဆီးဖို့အများကြီးရှိနိုင်တာပဲလေ။ Mask တစ်ခုမတပ်ပဲ နဲ့လည်း အများကြီး ဖြစ်လာနိုင်သေးတာပဲ အဲတာကို ကြည့်ရမှာပေါ့လေနော် ကျန်းမာရေး အတွက်ရော တစ်ချို့ဆိုရင် အနှံ့ အသက် နဲ့လည်း အီလတ်ဂျစ် ဖြစ်တာမျိုး တွေရှိတယ်။ ဒါတွေက Mask မတပ်မနေတပ်ရမယ့်သူတွေ ပေါ့။ အဲ့ဒါ ကြောင့် Mask လုံးဝမတတ်ရဘူးဆိုတာကတော့မဖြစ်သင့်ဘူးလို့မြင်တယ်။”

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်နေ လူငယ်တစ်ဦး

“ အဓိကတော့ ကျန်းမာရေးအရ Mask တပ်တာပေါ့။ အထူးသဖြင့် ဒီနွေရာသီဆိုရင် ဖုန်အရမ်းထတယ်။ အဲဒီ ဖုန်ရှူမိရင် နေလို့မကောင်းဘူး။ အသက်ရှူလမ်းကြောင်းကိုလည်း ရောဂါဖြစ်ပွားစေနိုင်တာပေါ့။ Mask မတတ် ရဆိုပြီး ထုတ်ပြန်လိုက်တဲ့ရည်ရွယ်ချက်ကလည်း သူခိုး၊ ဓါးမြတွေကို လျော့ချရေးအတွက်လို့ပြောတာပေါ့ ဒါပေမယ့် ဒီလိုလုပ်ခြင်းအားဖြင့်တစ်ကယ်ပဲ လျော့ချနိုင်ရဲ့လားပေါ့။ မေးခွန်းလေးတွေလည်း ရှိတာပေါ့။ ကျွန်တော်ကတော့ ဒါကိုလုံးဝမထောက်ခံဘူး။ သဘောလည်းမကျဘူး”

မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက်နေ အမျိုးသမီးငယ်တစ်ဦး

“ အခုကရာသီဥတုလည်းပူတယ်ပြီးလို့ရှိရင် သူတို့ကတ္တရာခင်းထားတဲ့လမ်းကို ရှေ့ကကားတွေ ဆိုင်ကယ်တွေ ဖြတ်သွားလိုက်တာနဲ့ဖုန်ကတထောင်း ထောင်းထတယ်။ အဲဒါကြောင့် ကျန်းမာရေးအရ Mask တပ်တာ ဟုတ်တယ်။ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေအားလုံးက Mask တပ်ပြီးကျူးလွန်တယ်လို့ထင်မြင်တာလား ပြောချင်တာက တစ်ကယ်ဆိုရင် ဖြစ်ပျက်သွားတာတွေက Mask မတပ်ပဲ ရာဇဝတ်မှုအများကြီး ကျူးလွန် ကြတာပဲ ဒီ Mask မတပ်ခိုင်းတာတစ်ခုတည်းနဲ့ ထိန်းချုပ်နိုင်မယ်လို့မထင်ဘူး။ လျော့ချသွားမယ်လို့လည်းကျွန်မ မထင် ဘူး။ တစ်ခြားနည်းလမ်းတွေအများ ကြီးရှိတာပဲ”

မြစ်ကြီးနားမြို့ ရတနာမြိုင်ရပ်ကွက်နေ ဆရာဝန်တစ်ဦး

“ ပြစ်မှုကျူးလွန်တဲ့သူတွေက Mask မတပ်လည်း ကျူးလွန်နေတာပဲ။ အကုန်လုံးကို Mask မတပ်ရဘူးဆိုတော့ ဒါကသိပ်တော့အဓိပ္ပါယ်မရှိဘူး။ မကြိုက်ဘူး။ နေပူလို့တပ်တဲ့လူရှိတယ်။ လေကာချင်လို့တပ်တဲ့လူရှိတယ်။ ဖုန်ကာချင်လို့တပ်တဲ့လူရှိတယ် အကြောင်းအမျိုးမျိုးကြောင့်ပဲလေ။တစ်ချို့ တီဗွီ လူနာဆိုရင် Mask တပ်ထား ရမယ်လေ။ မတပ်ရင် လူစုလူဝေးကိုသွားရင်မကောင်းဘူးလေ တစ်ခြားလူတွေကိုကူးကုန်မှာပေါ့”
မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး
“ အခုအချိန်က အပြင်ထွက်တဲ့အချိန် နေ အရမ်းပူတဲ့အတွက် မှန်ကာပါတဲ့ဦးထုပ်ဆောင်းရင်တောင်မှ မျက်နှာကို သိမလုံခြုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ မျက်နှာကိုနေထိတော့ အသားအရေပျက်စီးတယ်။ ဒါကြောင့် Mask တပ်ရတယ်။ မှန်ကာထားရင်တောင်မှ ဖုန်ထရင် ဝင်လာတာပဲ Mask တပ်ထားရင်တော့ အစဉ်ပြေတာပေါ့။ကျန်းမာရေးအတွက်လည်းအထောက်အကုဖြစ်တာပေါ့။ Mask တပ်ရင်အရေးယူမှုတွေပြုလုပ် မယ်ဆိုတာတော့မပြောသင့်ဘူး ကိုယ့်မှာလိုအပ်လို့အသုံးပြုရတာပဲ။ ဒီလိုအသေးအဖွဲ့ကိစ္စကိုလည်း မပိတ်ပင်သင့်ဘူး”

မန္တလေးဇာတိ မြစ်ကြီးနားမြို့တွင်အလုပ်လုပ်နေသည့် အမျိုးသားတစ်ဦး

“ Mask တပ်ပြီးတော့မှ ရာဇဝတ်မှုတွေကျူးလွန်တယ်ဆိုတာ ကျွန်တော်ကတော့ ဘယ်သတင်းမှာမှ မဖတ်ဖူးဘူး။ Case ဘယ်နှစ်ခုလောက်ဖြစ်ထားတာလဲဆိုတာသိချင်ပါတယ်။ ပြီးတော့ ပုဒ်မ ၁၈၈ နဲ့အရေးယူမယ်ဆိုတာက လည်း ပုဒ်မ ၁၈၈က ဘယ်လောက်ပြင်းထန်တယ်ဆိုတာလည်းမသိဘူးပေါ့။ အဲဒါလေးလည်း ထည့်ပေးထားစေ ချင်တယ်။ နောက်တစ်ခုက နွေရာသီဆိုတော့ ပူတာရယ် ဖုံထူတာရယ်နဲ့တော့ လူတွေကတော့ တပ်ကြမှာပဲ။ Mask မတပ်လို့ရော
ရာဇဝတ်မှုက လျော့သွားမှာလားပေါ့ ကျွန်တော်တစ်ချက်မေးချင်ပါတယ်”

မြစ်ကြီးနားမြို့ နန်းကွေ့ရပ်ကွက်နေ လူငယ်တစ်ဦး

"Mask ကိုမတပ်ရလို့ပြောလိုက်တဲ့အတွက် ကျွန်တော့်အတွက်အစဉ်မပြေဘူး။ အိမ်ပြန်လမ်းလည်းက ကျောက်ခဲ လမ်း၊သဲလမ်း ကားကြီးတွေဖြတ်သွားရင် ဖုန်ထတယ်။ သဲမှုန်တွေလွင့်တယ် အဲဒါကြောင့် Mask မပါရင်မရဘူး။ တစ်နည်းအားဖြင့် Mask ဆိုတာက လူနာတွေ မြို့ထဲသွားတယ်။ ဆေးခန်းသွားတယ်။ ဆေးရုံသွားတယ်။ သူတို့ တွေက Mask မတပ်ရင်မရဘူး။ ဒီ Mask မတပ်ရဘူးဆိုတဲ့ထုတ်ပြန်ချက်ကြောင့် ပြည်သူတွေ မြို့သူမြို့သား တွေကို အနှောက်အယှက်မဖြစ်စေချင်ဘူး။ အားလုံးကိုကောင်းကောင်းမွန်မွန်နဲ့သွားလာလှုပ်ရှားခိုင်းစေချင် တယ်။ ကိုယ့်ကျန်း မာရေးအရ ကိုယ့် Mask ကိုအမြဲတမ်းတပ်နေချင်တယ်”

မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်နေ လူငယ်တစ်ဦး

“ ဖုံကာ မျက်နှာဖုံး Mask တပ်တဲ့လူတိုင်းက ရမ်းကားတဲ့သူတွေမှမဟုတ်တာ ။ Mask တပ်တဲ့လူတိုင်း ရမ်းကား တဲ့သူမဟုတ်သလို ၊ ရမ်းကားတဲ့အကုန်လုံးကလည်း Mask တပ်ချင်မှတပ်မှာလေ။ ကျွန်တော်ကတော့ အဲဒီ ထုတ်ပြန်ချက်ကို သဘောမကျဘူး။ Mask တပ်တာက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်။ Mask မတပ်တာနဲ့ပဲ ရာဇဝတ်မှုတွေလျော့သွားမှာလား”

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်နေ လူငယ်တစ်ဦး

“ အဲဒီထုတ်ပြန်ချက်ကို လုံးဝသဘောမကျဘူး။ ဒါတွေက လူ့အခွင့်အရေးကိုလည်း ထိခိုက်တယ်။ ပြီးတော့ မြို့ထဲမှာတောင် လမ်းခင်းထားတာကဖုန်အရမ်းထတယ်။ အဲနေရာကို ဘယ်လိုမှသွားလို့မရဘူး။ သဲတွေဖုန်တွေ အရမ်းထတော့ Mask မတပ်ပဲနဲ့တော့ ဘယ်လိုမှသွားလို့မရဘူး။ သဲဆိုပိုဆိုးတာပေါ့ အဆုတ်ရောဂါကိုပိုဖြစ်စေ တယ်။ဒါက အစိုးရတွေရဲ့အားနည်းချက်လို့ထင်တယ်။ ဒုစရိုက်သမားတွေကို မနှိမ်နှင်းနိုင်ပဲနဲ့အလားနေ ပြည်သူ တွေရဲ့အခွင့်အရေးဆုံးရှုံးအောင်လုပ်တာ။ အစိုးရက ဒါကို ဆိုးကျိုးဘက်က တစ်ဖက်သတ်တွေးလိုက်ပြီး ထုတ်ပြန် လိုက်တာ ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံချက်ကိုလည်း မမေးဘူး။ ကျယ်ကျယ်ပြန့်ပြန့်လည်း ဒါကို ရှင်းပြမယ်ဆိုတာလည်းမရှိဘူး။ အွန်လိုင်းသုံးတော့မှသိတာ။ အဲဒါကို တရားဝင်သုံးမယ်ဆိုရင်တော့ မကြိုက်ဘူး”

No comments: