Friday, May 1, 2015

ဒဿမ၅ လက်ဖြောင့်ရိုင်ဖယ်များ


ဒဿမ၅ လက်ဖြောင့်ရိုင်ဖယ်များ
========================
ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ကပင် တွင်တွင်ကျယ်ကျယ် စတင် အသုံးပြုခဲ့သော လက်ဖြောင့်ပစ်ခတ်ခြင်း(သို့) စနိုက်ပါ ရိုင်ဖယ်များသည် တိကျခြင်း၊ ရန်သူကို အချိန်နှင့်အမျှဖိအားပေး ချိန်းခြောက်ထားနိုင်ခြင်း၊ ဘေးထွက်ဆိုးကျိုးနဲပါးခြင်း ရန်သူ့နောက်ပိုင်းနယ်မြေထိ ဝင်ရောက်လှုပ်ရှားနိုင်ခြင်း၊ တန်ဖိုးကြီးပစ်မှတ်များကို ချေမှုန်းရန် သင့်တော်ခြင်းတို့ကြောင့် ယနေ့ခေတ်မီ စစ်ပွဲများတွင် မပါမဖြစ်သော စစ်အင်္ဂါတစ်ရပ်သဖွယ် ထည့်သွင်းအသုံးပြုလာကြပါသည်။ ဒဿမ ၃၀၃ ရိုင်ဖယ်များ၊ ၇.၆၂မမ ရိုင်ဖယ်များသည် လက်ဖြောင့် သေနှတ်သမားများ စိတ်ကြိုက် သေနှတ်များ ဖြစ်သော်လည်း ထို အစွမ်းထက်လှသော လက်ဖြောင့် သေနှတ်သမားများအတွက် ပိုမိုကွာဝေးသော ရန်သူ့လက်နှက်ကြီးငယ် တစ်ကမ်း၏ အလွန်မှ ချေမှုန်းနိုင်ရန်၊ လူသားပစ်မှတ်များသာမက ယာဉ်နှင့် အခြားသော ပစ္စည်းများကိုမှာ တိုက်ခိုက်နိုင်စွမ်းရှိစေရန် မြင့်မားသော နည်းပညာများ ပေါင်းစပ်ကာ အဆင့်မြင့်တင်ကြရာတွင် ဒဿမ၅ ကျည်သုံး လက်ဖြောင့် ရိုင်ဖယ်များပေါ်ထွက်လာခဲ့ကြသည်။
-
ဒဿမ၅ ကျည်များကို ဗြိတိသျှတပ်မတော်က စတင်အသုံးပြုခဲ့ပြီး စက်သေနှတ်ကြီးများတွင် ထည့်သွင်းပစ်ခဲ့ခဲ့သည်။ သို့သော် ထိုကျည်အမျိုးအစား၏ တာဝေးပစ်ခတ်မှု ကောင်းခြင်းကို အသုံးချနိုင်ရန်အတွက် ဗီယက်နမ်စစ်ပွဲအတွင်းတွင် အမေရိကန်တပ်များက ဒဿမ၅ စက်သေနှတ်ကြီးများကို တာဝေးကြည့်တယ်လီစကုတ်များ တပ်ဆင်၍ ခံစစ်နေရာများတွင် အသုံးပြုခဲ့ကြသည်။ ၁၉၆၇ ခုနှစ် ဗီယက်နမ်တွင် အမေရိကန်၏ လက်ဖြောင့်သေနှတ်သမား Carlos Hathcock သည် တယ်လီစကုပ် တပ်ဆင်ထားသော M2 ဘရောင်နင် စက်သေနှတ်ဖြင့် အကွာအဝေး ၂၀၉၀ မီတာမှ ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ကာ အဝေးဆုံး လက်ဖြောင့်ပစ်ခတ်နိုင်သည့် မှတ်တမ်းဝင်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် ဒုတိယကမ္ဘာစစ်တွင် စတင်ခဲ့ပြီး အသုံးပြုနေဆဲဖြစ်သော်လည်း ခေတ်ကုန်လုဖြစ်နေသည့် တင့်ကားပစ်ရိုင်ဖယ်များ၏ ကဏ္ဍသည် တစ်ဖန်ပြန်လည် ဆန်းသစ်လာခဲ့သည်။
-
ဒုတိယကမ္ဘာစစ် အတွင်းက ဒဿမ၅ တင့်ကားပစ်ရိုင်ဖယ် Boys နှင့် ဗြိတိသျှစစ်သား
ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် ဒုတိယကမ္ဘာစစ်အတွင်းမှာပင် ခြေလျင်တပ်ဖွဲ့များအတွက် တင့်ဖျက် လက်နှက်အမျိုးမျိုးကို တီထွှင်ခဲ့ကြရာ တင့်ကားပစ် ရိုင်ဖယ်များလဲ အပါအဝင်ဖြစ်သည်။ ဂျပန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဆိုဗီယက်တို့နှင့်အပြိုင် ဗြိတိသျှနှင့် အမေရိကန်တို့က ဒဿမ၅ တင့်ကားပစ်ရိုင်ဖယ်များကို အသုံးပြုခဲ့ကြသည်။ သို့သော် ပင်မ တိုက်ပွဲဝင် တင့်ကားတို့၏ သံချပ်ကာ အကာကွယ်တိုးတက်လာမှုကြောင့် ခေတ်ကုန်လု ဖြစ်နေသော ထိုရိုင်ဖယ်များသည် ဗီယက်နမ်စစ်ပွဲ အပြီးတွင် အသွင်သစ်တစ်မျိုးဖြင့် ခေတ်သစ်စစ်ပွဲများဆီသို့ ဝင်ရောက်လာခဲ့သည်။ ထိုလက်နှက်များသည် တာဝေးပစ် လက်ဖြောင့် ရိုင်ဖယ်များအဖြစ် ပေါ်ထွက်လာခဲ့ရာ တစ်မိုင်ဝန်းကျင် အကွာအဝေးမှ လူသားပစ်မှတ်များသာမက အပေါ့စားသံချပ်ကာကားအထိ ချေမှုန်းနိုင်သော လက်နှက်များအဖြစ် အစွမ်းထက်လျက်ရှိသည်။
-
၁၉၉၀ ဝန်းကျင်များဆီက စတင်တပ်ဆင်ခဲ့ဟန် ရှိသော်လည်း အဆင့်ဆင့် ပြုပြင်တိုးတက်ခဲ့ရာ ၂၀၀၀ခုနှစ်နောက်ပိုင်း အီရတ်နှင့် အာဖကန်စစ်မြေပြင်များတွင် လက်စွမ်းအပြဆုံး လက်ဖြောင့်သေနှတ်များအဖြစ် မှတ်တမ်းဝင်ခဲ့သည်အထိ တိုးတက်လာခဲ့သည်။ အမေရိကန် အထူးတပ်ဖွဲ့သုံး Anti-materiel rifle ဖြစ်သည့် Barrett M82 သည် အီရတ်စစ်မြေပြင်နှင့် အာဖကန်စစ်မြေပြင်တွင် အစွမ်းပြဆုံး လက်နှက်တစ်ခုဖြစ်သည်။ အကွာအဝေး ၁မိုင် ခန့်ထိသာ ထိရောက်မှုရှိသည်ဟု သတ်မှတ်ခဲ့ကြသော်လည်း အဆင့်မြင့်လာသည့် တိုင်းတာရေး ကိရိယာများနှင့် ချိန်ဆိုဒ်များကြောင့် တစ်မိုင်အကျော် မီတာ ၂၀၀၀ခန့်ထိ ပစ်ခတ်နိုင်သည်။ သို့သော် ၂၀၀၄ခုနှစ် မတ်လ အတွင်းက အမေရိကန်ရိန်းဂျား တပ်ဖွဲ့ဝင်က အကွာအဝေး မီတာ ၂၃၀၀(တစ်မိုင်ခွဲခန့်) မှ ပစ်မှတ်ကို ပစ်ခတ်ပြီး စံချိန်ချိုးထားခဲ့သည်။
-
သို့သော် လက်ဖြောင့်ရိုင်ဖယ် သီးသန့်ဖြစ်သည့် TAC-50 ဒဿမ၅ကျည်သုံး ရိုင်ဖယ်၏ ၂၀၀၂ခုနှစ် အာဖကန်စစ်မြေပြင်မှ ကနေဒါတပ်ဖွဲ့များ၏ စံချိန် မီတာ ၂၄၃၀ ကို မကျော်ဖြတ်နိုင်သေးပေ။ TAC-50 ဒဿမ၅ကျည်သုံး လက်ဖြောင့်ရိုင်ဖယ်သည် ၂၀၀၀ခုနှစ်တွင် အမေရိကန် McMillan Firearms Manufacturing မှ အမြောက်အများ ထုတ်လုပ်ပြီး အမေရိကန်မဟုတ်သော အခြားတပ်ဖွဲ့များတွင် အများဆုံး အသုံးပြုသည်။ ကနေဒါ တပ်ဖွဲ့များကပင် ၂၀၀၂ခုနှစ်အတွင်း မီတာ ၂၃၁၀ဖြင့်တစ်ကြိမ်၊ မီတာ ၂၄၃၀ဖြင့် တစ်ကြိမ် စံချိန်ချိုးထားခဲ့သည်။ သို့သော် ၂၀၀၉ခုနှစ် နိုဝင်ဘာတွင် ဗြိတိသျှလက်ဖြောင့် သေနှတ်သမားက ဒဿမ၃၃၈ ကျည်သုံးကာ အကွာအဝေး ၂၄၇၅ မီတာဖြင့် စံချိန် ချိုးခဲ့သည်။ သို့သော် ၂၀၁၂ခုနှစ်တွင် သြစတေးလျ တပ်ဖွဲ့ဝင်မှ M82 ရိုင်ဖယ်ဖြင့် အကွာအဝေး ၂၈၁၅ မီတာမှ ပစ်မှတ်ကို ချေမှုန်းကာ စံချိန်သစ်ယူသွားခဲ့သည်။ ဒဿမ၅ မီလီမီတာ ကျည်ဆံများကို လက်ဖြောင့်တပ်ဖွဲ့သုံးအတွက် အဆင့်မြင့်ပေးလာနိုင်ခြင်း၊ ချိန်ဆိုဒ်များ တာဝေး အတိုင်းအတာနှင့် အကူပစ္စည်းများ တိုးတက်လာခြင်းကြောင့် မူလသတ်မှတ်ထားသည့် ထိရောက်အကွာအဝေးထက် ပိုမိုထိရောက်စွာ ပစ်ခတ်လာနိုင်သည်။
-
ထို့အပြင် အခြား ကျည်များနှင့်မတူပဲ ဒဿမ၅ ကျည်များ၏ အဖျက်စွမ်းသည် လူသားပစ်မှတ်များအပေါ် လုံလောက်သည်ထက် သာလွန်သည့် အတိုင်းအတာတွင် ရှိသဖြင့် နိုင်ငံတကာ တပ်မတော်များက သဘောကျကြသည်။ ဒဿမ၅ ရိုင်ဖယ်များသည် အဆင့်မြင့်ရှာဖွေရေး ကိရိယာများနှင့်တွဲဖက်ကာ သံချပ်ကာ အပေါ့စားများနှင့် ကွန်ကရိအကာအကွယ်များကို ဖေါက်ထွှင်းချေမှုန်းနိုင်သော်လည်း ပိုမိုထူထဲသော တင့်ကဲ့သို့သံချပ်ကာ အကာအကွယ်နှင့် အခိုင်အမာဘန်ကာများ အကာအကွယ်များ နောက်မှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အနည်းငယ် လိုအပ်ချက် ရှိနေဆဲဖြစ်သောကြောင့် ၁၄.၅ မမနှင့် ၂၀မမ ကျည်များကို အသုံးပြု ပစ်ခတ်နိုင်ရန်အထိ ရည်ရွယ်ခဲ့ကြသည်။ သို့သော် ခြေလျင်နှင့် အထူးတပ်ဖွဲ့များအတွက် ကြီးမားလေးလံသဖြင့် ဒဿမ၅ ရိုင်ဖယ်များကသာ ဖျက်အားပြင်းတာဝေး လက်ဖြောင့် ရိုင်ဖယ်များ အဖြစ် ယနေ့တိုင် နိုင်ငံတကာ တပ်မတော်များတွင် အသုံးပြုကြသည်။
-
ထို ဒဿမ၅ ရိုင်ဖယ်များကိုပင် လူဖြင့် ပစ်ခတ်ရန် မလိုပဲ အဝေးထိန်းစနစ်ဖြင့် တွက်ချက်ပစ်ခတ်နိုင်ရန် စီစဉ်ခဲ့ကြရာ အမေရိကန်၏ M82 ရိုင်ဖယ်များသည် အသင့်တော်ဆုံးအဖြစ် ရွေးခြယ်ခဲ့ကြသည်။ သို့သော် နည်းပညာလိုအပ်ချက်နှင့် ကုန်ကျစားရိတ်ကြောင့် အသုံးပြုမှု နည်းပါးသည်။
-
ဆီးရီးယားစစ်ပွဲတွင်းသုံး လက်ဖြစ် အဝေးထိန်း ဒဿမ၅ စနိုက်ပါစနစ်
သို့သော် ပေါများစွာ ဝယ်ယူရရှိနိုင်သော အီလက်ထောနစ်ပစ္စည်းများနှင့် နည်းပညာများကြောင့် ဒဿမ၅ ရိုင်ဖယ်များကိုပင် လက်လုပ် ရီမုစနစ်များ ကင်မရာများ တပ်ဆင်ကာ မြို့တွင်းတိုက်ပွဲများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေသည်ကို ဆီးရီးယားကဲ့သို့ စစ်ပွဲများတွင် တွေ့ရှိလာရသည်။ အမေရိကန်နှင့် မဟာမိတ်တို့၏ ထိုအောင်မြင်သော စနစ်ကို တုပကာ တရုတ်နှင့် အခြား လက်နှက်ထုတ်လုပ်သည့် နိုင်ငံများကလဲ တီထွှင်ထုတ်လုပ်ခဲ့ကြသည်။
-
အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတို့တွင်လဲ ဒဿမ၅ စနိုက်ပါရိုင်ဖယ်များကိုအသုံးပြုပြီး မြန်မာပြည်တွင်းရှိ KIA တပ်ဖွဲ့များနှင့် ဝ တပ်ဖွဲ့များတွင် တရုတ်လုပ် QUB-10 ကဲ့သလို့ အဆင့်မြင့် ဒဿမ၅ ကျည်သုံး စနိုက်ပါရိုင်ဖယ်များ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။
===========
မူရင်း

No comments: