Friday, May 1, 2015

KIA အဖွဲ့အတွက် လူသစ် (၂၇) ဦး စုဆောင်းခေါ်ဆောင်လာသူများအား ဖမ်းဆီးရမိ

KIA အဖွဲ့အတွက် လူသစ် (၂၇) ဦး စုဆောင်းခေါ်ဆောင်လာသူများအား ဖမ်းဆီးရမိ
Thursday, April 30, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ နမ့်ခိုင်တံတားတွင် အေပြီ ၂၆ ရက်နေ့ ညနေပိုင်းက မူဆယ်ဘက်မှ ကွတ်ခိုင် ဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးအား ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးစဉ် KIA အဖွဲ့အတွက် ပို့ဆောင်မည့် လူသစ် (၂၇) ဦးနှင့် ခေါ်ဆောင်လာသူ (၃) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

“ မူဆယ်ဘက်ကနေ ကွတ်ခိုင်ကို မောင်းလာတဲ့ ကားတစ်စီးပေါ်မှာ လူ ၃၀ တွေ့တယ်၊ မသင်္ကာတာနဲ့ စစ်ဆေးလိုက်တော့ KIA အဖွဲ့ဆီကို ပို့မယ့် လူသစ်တွေဖြစ်နေတာ တွေ့ရတယ်၊ ပို့တဲ့လူက သင်းထောက်ဆရာပါ၊ ကျန်နှစ်ယောက်ကတော့ ကားသမားတွေလို့ သိရပါတယ် ” ဟု ပူးပေါင်းအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါယာဉ်ပေါ်၌ ပါလာသောလူသစ် (၂၇) ဦးသည် နမ့်အွမ်၊ တာလုံ၊ ခိုမုန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ လူငယ်များဖြစ်ကြောင်းနှင့် KIA အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မလွှဲမရှောင်သာ စုဆောင်းပေး ရခြင်းဖြစ်ကြောင်း သိရသည်။
“ ဟိုဖျက် မှာရှိတဲ့ KIA အဖွဲ့ထံကို ပို့မယ်လို့ သိရပါတယ်၊ အခုပါလာတဲ့ လူသစ် ၂၇ ယောက်က ရွာတွေစုပေါင်းပြီး ပေးရတဲ့ ရွာသားတွေလို့ ပြောတာပဲ၊ အသက်အန္တရာယ်ကို လက်နက်နဲ့ခြိမ်းခြောက်ခံထားရတော့ ရွာသူရွာသားတွေ မှာလည်း ရွေးချယ်စရာမရှိဘူးထင်ပါတယ်၊ ဒါ့ကြောင့် လူသစ်အဖြစ် ပေးရတာနေမှာပါ ” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ဆိုသည်။
KIA အဖွဲ့မှ ရိုးသားအေးဆေးစွာ နေထိုင်သော ဒေသခံတိုင်းရင်းသားများအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ အကြောက်တရားဖြင့် ယခုကဲ့သို့ လူသစ်စုဆောင်းနေခြင်းသည် ယင်းတို့၏ လူနေမှုဘ၀လုံခြုံရေးအတွက် စိုးရိမ်ပူပန်စရာ ပင်ဖြစ်ကြောင်း၊ လူသစ်စုဆောင်းမှုများကို အမှန်အတိုင်းဖော်ထုတ်ကာ ကျူးလွန်သော KIA အဖွဲ့အား ဥပဒေနှင့်အညီ အရေးယူပေးနိုင်မှသာ ဒေသခံများအတွက် နောင်ရေးစိတ်အေးရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသွားသည်။

(နေနိုင် (ကွတ်ခိုင်))
Kachin Daily News

No comments: