Friday, May 8, 2015

မစ်ကြီးနားတွင် မျက်နှာဖုံးမတပ်ဆင်ရန် ဒေသန္တရ အမိန့်ထုတ်

မြစ်ကြီးနားခရိုင်အတွင်းရှိ မြို့နယ်များတွင် ဒုစရိုက်မှု ကျူးလွန်သူ အများစုက မျက်နှာတွင် နှာခေါင်းစည်းဖုံးကာ မျက်နှာဖုံး (Mask) များ တပ်ဆင်ပြီး ရုပ်ဖျက်ကာ ရာဇဝတ်မှုများ ကျူးလွန်လာသောကြောင့် မျက်နှာဖုံးစွပ် မတပ်ဆင်ရန် မေလ ၁၁ ရက်နေ့မှ စတင်ကာ အချိန်အကန့်အသတ်မရှိ ဒေသန္တရအမိန့် ထုတ်ပြန်ကြောင်း မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

“နှာခေါင်းစည်း မျက်နှာဖုံးတွေ တပ်ထားတော့ ဒုစရိုက်မှု ကျူးလွန်တဲ့သူရဲ့ ရုပ်ပုံသဏ္ဌာန်ကို မသိလိုက်ဘူး၊ ဒါကြောင့် အမှုတွေ ဖော်ထုတ်ရာမှာ အခက်အခဲတွေ ဖြစ်ခဲ့တယ်။ ပြည်သူ့အသက် လုံခြုံမှုအတွက် နှာခေါင်းစီး မျက်နှာဖုံးတွေ တပ်ဆင်ပြီး ဆိုင်ကယ်မစီးဖို့နဲ့ လမ်းသွားလမ်းလာ မပြုဖို့ ဒေသန္တရအမိန့် ထုတ်ခဲ့ရတာ၊ စိတ်ချရတဲ့ အနေအထား မရောက်မချင်း ဒီအမိန့်ကို ပြန်ရုပ်သိမ်းသွားမှာ မဟုတ်ပါဘူး” ဟု အဆိုပါ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြစ်ကြီးနားခရိုင် အတွင်းရှိ စည်ပင်သာယာရေး နယ်နိမိတ်များဖြစ်သော မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ တနိုင်းမြို့၊ ချီဗွေမြို့၊ ဆော့လော်မြို့နှင့် အန်ဂျန်းရန်မြို့တို့တွင် ယင်းဒေသန္တရအမိန့် သက်ရောက်မည်ဖြစ်ကြောင်း၊ အမိန့်ထုတ်ပြန်မှုကို မလိုက်နာပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မြစ်ကြီးနား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

“၂၀၁၅ ခုနှစ်မှာ မျက်နှာဖုံးစွပ် ရုပ်ဖျက်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေ ပိုများလာတယ်။ အများစုက ဝိုင်းမော်မှာဖြစ်ပြီး လုယက်မှုဖြစ်တာ များတယ်” ဟု မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများတွင် အနှောင့်အယှက် ဖြစ်စေနိုင်သည့် မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပွားစေရေးနှင့် ပြစ်မှုများ ကြိုတင်ကာကွယ်ရေးအရ အများပြည်သူတို့၏ လုံခြုံမှုကို ထိခိုက်အန္တရာယ် မဖြစ်စေရန် မြို့နယ်၏ ငြိမ်ဝပ်ရေးကို နှောင့်ယှက်သည်ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်မှု၊ သတ်ပုတ်နှောင့်ယှက်မှုကို ဖြစ်စေ မဖြစ်ပွားစေရန်အတွက် မေလ ၄ ရက်နေ့က မြစ်ကြီးနားခရိုင် အတွင်းရှိ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နှာခေါင်းစည်းဖုံးကာ မျက်နှာဖုံးစွပ်များ တပ်ဆင်၍ မသွားလာရန် ကန့်သတ်လိုက်ကြောင်း ယင်းဒေသန္တရအမိန့် ထုတ်ပြန်ချက်ထံမှ သိရှိရသည်။

No comments: