Sunday, May 3, 2015

ဒေသခံလူငယ် ၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်း

ဒေသခံလူငယ် ၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်း

Sunday, May 3, 2015 ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၃ ဦး သည် ဧပြီလ ၃၀ ရက်နေ့၌ တောင်ယာ လုပ်ကိုင်နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့်လာရွေးရန် ပြောဆို သွားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။ “ သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေ လည်း စိတ်ပူနေကြတာပေါ့၊ တိုက်ပွဲတွေပြန်ဖြစ်လာလို့ စီးပွားရေးက အဆင်မပြေတဲ့ကြားထဲ သူတို့က လူဖမ်းပြီး ငွေနဲ့လာရွေး ခိုင်းတော့ အကုန်လုံးဒုက္ခရောက်ကုန်တာပေါ့ ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။ “ ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာလုပ်စား တာကို အခုလို ဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာတော့ ကျွန်တော်တို့မှာ တော်တော်လေး ဒုက္ခရောက်ကြပါတယ်၊ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။ KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံ ၃ ဦး မှာ မောင်ဖောင်ယော၊ မောင်ဆွမ်ခေါ၊ မမဒိန် တို့ဖြစ်ပြီး မေလ ၁ ရက်နေ့တွင် ရပ်ကွက်(၁)နေ ရပ်မိရပ်ဖများဖြစ်ကြသော ဦးဒါရှီကူးနှင့် ဦးဂွမ်ယော်တို့မှ ငွေကျပ် ၁၅ သိန်းဖြင့် သွားရောက် ခေါ်ဆောင် ခဲ့ကြောင်းသိရသည်။ “ဗဟိုဌာနချုပ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာလို့ ပြောပြီး ပြန်မလွှတ်ပေးဘူး၊ ကလေးတွေကို ချုပ်နှောင် ထားတာကို မြင်ခဲ့ရတာ တကယ်စိတ်မကောင်းဘူး၊ မရှိဆင်းရဲသားဒေသခံပြည်သူတွေကို ဖိနှိပ်နေတဲ့ KIA အဖွဲ့ ရဲ့ လုပ်ရပ်တွေကို တားဆီးပေးမယ့် အဖွဲ့အစည်းမရှိတော့ဘူးလား မသိပါဘူး၊ တကယ်ဆိုရင် ဒီဒေသမှာ အဲဒီ KIA အဖွဲ့ ရှိကိုမရှိသင့်တာပါ ” ဟု သွားရောက်ခေါ်ယူခဲ့သူ တစ်ဦးမှလည်း ပြောကြားသွားပါသည်။ ဇော်မိုင် Kachin Daily News 

No comments: