Sunday, May 3, 2015

ကချင်ပြည်နယ် ကန်ပိုင်တည်မြို့အနီးမှ တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ကူရုံးမြို့ဘက်သို့ တစ်ရက်လျှင် သစ်တန် တစ်ရာကျော် ခိုးထုတ်နေဟု ဒေသခံများ ပြောကြား

ကချင်ပြည်နယ် ကန်ပိုင်တည်မြို့အနီးမှ တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ကူရုံးမြို့ဘက်သို့ တစ်ရက်လျှင် သစ်တန် တစ်ရာကျော် ခိုးထုတ်နေဟု ဒေသခံများ ပြောကြား

===================
===================

ကချင်ပြည်နယ် ကန်ပိုင်တည်မြို့အနီး မှ တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ကူရုံးမြို့ဘက်သို့ တစ်နေ့လျှင် သစ်တန်တစ်ရာကျော် ခိုးထုတ်နေကြောင်း ဒေသခံများ၊ ကုန်သည်များနှင့် ကားသမားများက The Daily Eleven သတင်းစာသို့ ဆက်သွယ်ပြောကြားသည်။ 

ဒေသခံများ၏ ပြောကြားချက်အရ ယင်းသစ်များမှာ ၀ိုင်းမော်မြို့နယ် မန်ဝိန်းကြီးကျေးရွာအနီးရှိ ငါးအိမ်စုကျေးရွာအနီးမှအများစု ဖြစ်ပြီး ဇန်န၀ါရီလအတွင်းက တပ်မတော် မှ ဖမ်းဆီးခဲ့သော သစ်ပုံများအနီးတွင်ဖြစ်ကြောင်း၊ ဖမ်းဆီးသစ်များ ပါ၊ မပါ မသိရသော်လည်း တရုတ်နိုင်ငံဘက်သို့ သယ်ဆောင်သွားသော သစ်များတွင် မြန်မာနိုင်ငံ သစ်တောတံဆိပ်များ ပါဝင်နေကြောင်း၊ အချို့မှာ ခုတ်လဲပြီးစ သစ်အစိုများဖြစ်ကြောင်း၊ အခြားနေရာများမှ သစ်များလည်း ပါဝင်နိုင်ကြောင်း ပြောကြားသည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်မှူးဦးသိန်းမြင့်က “ကျွန်တော်တို့ဌာနက ဖမ်းပြီးတော့ စစ်ဆေးရတယ်။ သယ်ယူရေးကတော့ မြန်မာ့သစ်လုပ်ငန်းကို လွှဲရတယ်။ သယ်တာလည်း မြန်မာ့သစ်လုပ်ငန်းကပါ။ တရုတ်နိုင်ငံကို ခိုးထုတ်နေတဲ့ကိစ္စက ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ သစ်တောဌာနက ကန်ပိုင်တည်နယ်စပ်ဂိတ်မှာ မရှိဘူး။ နိုင်ငံခြားကို ထွက်ဖို့ဆိုရင် ရန်ကုန်ကပဲ ထွက်လို့ရတယ်။ ဖမ်းမိပြီးသားသစ်တွေက သယ်ယူနေဆဲပါ”ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိသည့် သစ်အလုံးရေ စုစုပေါင်းမှာ ၁၆၁၂၁ လုံးဖြစ်ပြီး ရေတွက်ပြီးစီးသည့် သစ်လုံးရေမှာ ၁၁၃၁၂ လုံးဖြစ်ကာ တန်ချိန် ၃၁၂၁ ဒသမ ၉၈၅ တန် ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တွက်ချက်ထားမှုအရ သိရသည်။

ကချင်ပြည်နယ် မြန်မာ့သစ်လုပ်ငန်းမှ ခရိုင်မန်နေဂျာ ဦးသတိုးလှက “သယ်တာတော့ မြန်မာ့သစ်လုပ်ငန်းက သယ်ယူနေတာပါ။ မိုးတွေ မကြာခဏရွာနေလို့ ကြန့်ကြာနေပါတယ်။ စောင့်တာ ကျွန်တော်တို့ဌာနက မဟုတ်ဘူး။ ခိုးထုတ်နေတယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး”ဟု ဆိုသည်။

တရုတ်နိုင်ငံဘက်သို့ သစ်ခိုးထုတ်နေမှုကို မြင်တွေ့ခဲ့သည့် တိုင်းရင်းသားတစ်ဦးက “ကျွန်တော်က ကန်ပိုင်တည်ဘက်ကနေ တရုတ်နိုင်ငံဘက်ကို ဖြတ်နေတာတွေ့ရတာပါ။ ဧပြီ ၁၈ ရက်က တွေ့တာပါ။ သစ်လုံးတွေက ဆဒုံးဘက်ထွက်တဲ့ သစ်တွေပါ။ ခုတ်ထားတာ မကြာသေးပါဘူး။ တရုတ်နိုင်ငံဝင်ပေါက်ကို တဲ့ဖြတ်နေတော့ လူတွေက တရားဝင်လို့ကို ထင်နေကြတယ်။ ကန်ပိုင်တည်-ကူရုံးလမ်းမပေါ်မှာပဲ ၁၀ စီးလောက်တွေ့ရတယ်။ လမ်းဘေးဝဲယာမှာလည်း တန်ချိန်သုံးရာအထက် ရှိနိုင်ပြီး ခုတ်ထားတာမကြာသေးတဲ့ သစ်ပုံနှစ်ဆယ်ကျော်လောက် မြင်ခဲ့တယ်”ဟု ဧပြီ ၃၀ ရက်က ပြောကြားသည်။

သစ်ခိုးထုတ်နေသည့်နေရာမှာ ၀ိုင်းမော်-ချီဖွေလမ်းအနီးမှ ငါးအိမ်စု-လောဘွမ်-ကုန် မိုင်-ဘွမ်လိန်-လမြန်-ဝေါချုံး-စင်ကြိုင် အောက်လမ်းမှ မြန်မာ-တရုတ်နိုင်ငံမှတ်တိုင် (၃)ကိုဖြတ်၍ တရုတ်နိုင်ငံ ကူရုံးမြို့သို့ တိုက်ရိုက် မှောင်ခိုလမ်းရှိနေပြီး ကချင်ပြည်နယ် အစိုးရဌာနများက နယ်မြေလုံခြုံရေးအကြောင်း ပြနေသော်လည်း ယင်းအနီးတွင် မြန်မာနိုင်ငံမှ တပ်မတော်ဂိတ်များ၊ နယ်ခြားစောင့်တပ်ဂိတ်များ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

သစ်ခိုးထုတ်နေသည်ကို ဧပြီ ၂၈ ရက်က ကိုယ်တွေ့မြင်တွေ့ခဲ့သည့် ၀ိုင်းမော်မြို့နယ် ဆိုင်လော်ကျေးရွာသားတစ်ဦးက “လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတွေ့တာ။ သစ်တွေက မြန်မာသစ်တောတံဆိပ်တွေ ပါတယ်။ မြစ်ကြီးနားဘက်လည်း ထွက်တယ်။ ကန်ပိုင်တည်ဘက်သွားတဲ့ မှောင်ခိုလမ်းကိုလည်း သွားတယ်။ ကားတွေက ညပိုင်းမှ ထွက်ကြတာ။ မေးကြည့်တော့ လူမှုအဖွဲ့အစည်းတစ်ခုဟာလို့ပြောတယ်။ မေးကြည့်တော့လည်း မဟုတ်ဘူး။ သစ်က အဟောင်းတွေရော အသစ်တွေရောပါ။ ၁၀ စီးကျော်မယ်။ အလုပ်သမားနဲ့ ကားတွေက ၀ိုင်းမော်မြို့အောင်မြေ (၁) ကျေးရွာကပါ။ ၀ိုင်းမော်-ချီဖွေ လမ်းဘေး မန်ဝိန်းကြီးနားက ငါးအိမ်စုကျေးရွာမှာ ဖြစ်နေတာပါ။ လူတွေများပေမယ့် အထဲဝင်လို့မရတော့ ဘယ်သူတွေပါတယ်ဆိုတာ မသိဘူး ။ ဒေသခံတွေက တရားဝင် ရောင်းဝယ်နေတာထင်နေကြတာ။ အစောင့်စစ်သားလည်း မမြင်ခဲ့ဘူး။ အစိုးရကသာ နယ်မြေမအေးချမ်းဘူး ပြောနေတာ မှောင်ခိုလမ်းက နယ်ခြားစောင့်တပ်ရင်းဘေးကချည်း ဖြတ်သွားတာလေ။ တပ်မတော်ဂိတ်တွေလည်း ရှိနေတာပဲ” ဟု မေ ၁ ရက် ညနေပိုင်းက ပြောကြားသည်။

တပ်မတော်က မောင်းသူမဲ့လေယာဉ်များဖြင့် ကချင်ပြည်နယ်ကို အဓိကထားကာ သစ်ခိုးထုတ်သည့်ဖြစ်စဉ်များအား စောင့်ကြည့်စစ်ဆေးနေကြောင်း ထုတ်ပြန်ကြေညာထားသည်။

၂၀၁၅ နှစ်ဆန်းပိုင်းတွင် ကချင်ပြည်နယ်အတွင်း ဖမ်းမိသော သစ်ခိုးထုတ်တရုတ်နိုင်ငံသား ၁၅၅ ဦးကို ၀ိုင်းမော်မြို့နယ် တရားရုံးက ဧပြီ ၂၂ ရက်တွင် လ၀က အက်ဥပဒေ ၁၃/၁ အရ ထောင်ဒဏ်ခြောက်လစီ ချမှတ်ထားပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော အပက -၃ ဖြင့် ဧပြီ ၂၂ ရက် နောက်ပိုင်းမှ စတင်ကာ ခရိုင်တရားရုံးတွင် နေ့စဉ်စစ်ဆေးနေကြောင်း သိရသည်။

============

No comments: