Saturday, June 27, 2015

အကြမ်းဖက် တိုက်ခိုက်ခံရမှု အပြီး အမုန်းတရား ဖြန့်ဝေသည့် ဗလီများကို ပိတ်ပစ်မည်ဟု တူနီးရှား အစိုးရ ကြေညာ

အပန်းဖြေ ကမ်းခြေတစ်ခုတွင် အကြမ်းဖက် တိုက်ခိုက်ခံရပြီး လူ ၃၉ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်အပြီး၌ တူနီးရှား အစိုးရသည် အမုန်းတရား ဝါဒဖြန့်သည့် ဗလီများကို ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။ အဆိပ်သင့်စေသည့် ဟောကြားမှု ဝါဒများ ဖြန့်ဖြူးနေသည့် ဗလီအလုံးပေါင်း ၈၀ ခန့်ကို တစ်ပတ်အတွင်း ပိတ်ပစ်မည်ဟု တူနီးရှား အာဏာပိုင်များက ကြေညာသည်။ ဝန်ကြီးချုပ် ဟာဘစ်ဘ်အက်ဆစ်ဒ်က အစိုးရ၏ ထိန်းချုပ်မှုမှ ကင်းလွတ်ခွင့် ပေးထားသော ဗလီအချို့သည် အစွန်းရောက် အကြမ်းဖက် ဝါဒကို ဖြန့်ဝေပေးနေရာ ဗဟိုချက်များ ဖြစ်နေကြောင်း စွပ်စွဲခဲ့သည်။ ဇွန်လ ၂၆ ရက်က ဆူယက်ဆီမြို့ရှိ အပန်းဖြေ ကမ်းခြေတွင် သေနတ်သမား တစ်ဦးက ကမ္ဘာလှည့် ခရီးသည်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ တူနီးရှား၊ ဗြိတိန်၊ ဂျာမန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်နှင့် အိုင်ယာလန် နိုင်ငံသားများ အပါအဝင် လူ ၃၉ ဦးထိ သေဆုံးခဲ့သည်။ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့က အဆိုပါ တိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင်သည်မှာ မိမိတို့ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ သေနတ်သမားကို တူနီးရှား ရဲတပ်ဖွဲ့က အသေပစ်ခတ်ခဲ့ပြီး ကနဦး စုံစမ်းမှုများအရ ၎င်းသည် ကျောင်းသားတစ်ဦး ဖြစ်ပြီး ယခင်က အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည့် မှတ်တမ်းတစ်စုံတစ်ရာ ရှာမတွေ့သေးကြောင်း ရဲများက ပြောကြားထားသည်။ ယခုဖြစ်ရပ်သည် မတ်လနောက်ပိုင်း တူနီးရှားတွင် ဒုတိယမြောက် အကြီးကျယ်ဆုံး အကြမ်းဖက် တိုက်ခိုက်မှုလည်း ဖြစ်လာပြီး ထိုစဉ်က မြို့တော်ပြတိုက်ကို စစ်သွေးကြွများက စီးနင်းပစ်ခတ်ရာ ကမ္ဘာလှည့် ခရီးသွား အများစု အပါအဝင် လူ ၂၂ ဦး အသက်ဆုံးရှုံးခဲ့သည်။ ကမ်းခြေတိုက်ခိုက်မှုနှင့် စပ်လျှဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပရာ အက်ဆစ်ဒ်က “ဗလီတချို့ဟာ သူတို့ရဲ့ အမုန်းတရား ဝါဒဖြန့်မှုတွေကို ဆက်လုပ်ပြီး အကြမ်းဖက်မှုတွေ ပိုဆိုးလာအောင် အဆိပ်ပင် ရေလောင်းနေပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနဟာ အဲဒီဗလီတွေကို ပိတ်ပစ်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။ အိုင်အက်စ် အဖွဲ့သည် သေနတ်သမား၏ အမည်ကို အဘူယာယား အယ်လ်ကွီရာဝါနီဟု ဖော်ပြပြီး ၎င်း၏ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အခင်းဖြစ်ရာ နေရာတွင် ရှိနေသည့် မျက်မြင်သက်သေများက သေနတ်သမားသည် အဆိုပါ ဓာတ်ပုံထဲမှလူ ဟုတ်မဟုတ် အတည်ပြုရန် ခက်ခဲကြောင်း ဆိုသည်။ ထို့အပြင် တိုက်ခိုက်မှုအတွင်း ပါဝင်သည့် သေနတ်သမား အရေအတွက်နှင့် ပတ်သက်၍လည်း ဝိဝါဒ ကွဲလွဲမှုများ ရှိခဲ့ပြီး အစောပိုင်းက သေနတ်သမား သုံးဦးဟု တူနီးရှား ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင်မူ သေနတ်သမား တစ်ဦးတည်းသာ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်လည် အတည်ပြုခဲ့သည်။

No comments: