Saturday, June 27, 2015

KIAမှကချင်ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ကျူးလွန်း လုံခြုံရေးတိုးမြှင့်  ====


ကချင်ပြည်နယ် ဖားကန့်ဒေသ၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ ပြီးနောက် ကချင်ပြည်နယ်ရှိ မြို့ကြီးများတွင် လုံခြုံရေးအရအင်အားများ တိုးမြှင့်ထားကြောင်း ကချင်ပြည်နယ်ရဲဌာနမှ ဦးစီးမှူး ပထမတန်း ဒုရဲမှူးကြီးဦးဝင်းခိုင်က ပြော ကြားသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တပ်မတော်နှင့် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့တို့ ဖားကန့်သွားရာ လမ်းကြောင်းနှင့် ဖားကန့်ဒေသတစ်ဝိုက်တွင် ယခု ဇွန် ၁၅ ရက် မှစတင်ကာ ဇွန် ၂၃ ရက်အထိ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဖားကန့်ဒေသရှိ ရဲစခန်းအချို့နှင့် မြို့တွင်းဂိတ်များ၊ စရဖရုံးများအား လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခံရပြီး ရဲအရာရှိနှစ်ဦးလည်း ဒဏ်ရာများ ရရှိခဲ့သည်။ ယင်းဖြစ်ပွားမှုများနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဒုရဲမှူးကြီး ဦးဝင်းခိုင်က “အဓိက,ကတော့ ဖားကန့်လမ်းပိုင်းမှာ ကေအိုင်အေက ဆက်ကြေးကောက်နေတယ်လို့ ကြားနေပါတယ်။ ဖားကန့်နဲ့ အနည်းငယ်လှမ်းတဲ့ နေရာမှာလည်း တိုက်ပွဲလေးတွေ ဖြစ်နေပါတယ်။ ဒီရက်ပိုင်း အတွင်းမှာတော့ မကြားမိတော့ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ကေအိုင်အေက လက်လုပ်မိုင်းလေးတွေနဲ့ မြို့ပေါ်တွေမှာ ရဲတပ်ဖွဲ့တွေ တာဝန်ကျတဲ့နေရာမှာ စရဖရုံးနေရာတွေမှာ လက်နဲ့ပစ်ပေါက်ပြီး ထွက်ပြေးသွားတာတွေ ရှိပါတယ်။ ဒီလိုလုပ်တာတွေမှာတော့ တိုက်ပွဲဖြစ်တာ ဖောက်ခွဲတဲ့ကိစ္စတွေမှာက တပ်ကိုအလင်းဝင်သူတွေ၊ စစ်ဆေးရင်း အသွားအလာလုံခြုံမှု စစ်ဆေးတဲ့အခါ ကေအိုင်အေက ကိုယ်ပိုင် နံပါတ်တွေ၊ လက်နက်တွေ ဖမ်းမိတဲ့အခါ ဒီလိုတွေရှိတာတွေ ဖော်ထုတ်တာပေါ့။ ဖားကန့်မှာ လွန်ခဲ့တဲ့ အပတ်တုန်းက စစ်ဆေးတဲ့ အခါမှာ လက်နက်တွေနဲ့ ဒေသမိုင်းဖောက်ခွဲ ရေးပစ္စည်းတွေနဲ့ မိတဲ့လူတွေကို စစ်ဆေး တဲ့အခါ သူတို့က ကေအိုင်အေတွေ ဖြစ်နေတယ်။ ဒါတွေကို ထောက်ထားပြီး ကေအိုင်အေလို့ပြောတာပါ။ လုံခြုံရေးသဘောအရ ဒီလိုမျိုးအခြေအနေ ဖြစ်တဲ့အခါ ပြည်သူတွေ၊ သွားလာသူတွေ နိစ္စဓူဝ ၀မ်းစာရှာတဲ့သူတွေကို ကာကွယ်ဖို့ ကျွန်တော်တို့ တာဝန်ပါ။ ဒီဘက်မှာရော ဖြစ်လာနိုင်မလားပေါ့။ ဒါကြောင့် လှည့်ကင်း၊ ပတ်ကင်းတွေကို ယခင်ထက်ပိုပြီး ညဥ့်ဦးလှည့်ကင်းနဲ့ ညဥ့်နက်လှည့်ကင်းဆိုပြီး တိုးချဲ့ထားပါတယ်။ အဓိကတော့ ကေအိုင်အေနဲ့ ဆက်စပ်တဲ့မြို့တွေမှာပေါ့။ အခြားမြို့တွေမှာလည်း ဆောင်ရွက်နေပါ တယ်။ ဆက်ကြေးကတော့ ဖားကန့်လမ်းပိုင်း မှာစခန်းချပြီး ကောက်နေတာမဟုတ်ဘူး။ ကြုံရင်ကြုံသလို ဖားကန့်အတက်ကားနဲ့ အဆင်းကားတွေကို ကေအိုင်အေက ကောက်နေတာပါ” ဟု ပြောကြားသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း စစ်ရေးပြန်လည် တင်းမာလာမှုကြောင့် ဒေသခံပြည်သူများနှင့် ၀န်ထမ်းများမှာ စိုးရိမ်မှုများ မြင့်တက်လာပြီး ဖားကန့်လမ်းပိုင်းတွင် ကားများ ဆက်ကြေး (အခွန်) ကောက်ခံမှုနှင့် မိုင်း ဖောက်ခွဲသည့် ကိစ္စရပ်များမှာ စစ်ရေးအရ တန်ပြန်တိုက်ခိုက်မှုသာဖြစ်ကြောင်း ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူ ဦးဒေါင်ခါးက ဆိုသည်။

၎င်းက “ဖားကန့်မှာဖြစ်တာကတော့ ပုံမှန်ကိစ္စပါ။ ဘာထင်မြင်ချက်မှ မပေးချင်ဘူး။ ကေအိုင်အေဘက်ကလည်း ဖားကန့်ကိစ္စနဲ့ သဘောထား မပေးသေးဘူး။ ဖားကန့် ဒေသမိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ကေ အိုင်အေဘက်ကတော့ ခုခံတဲ့ဘက်မှာ ခုခံတယ်။ တန်ပြန်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေပါ။

သစ်ကိစ္စတွေလည်း ကျွန်တော်တို့ဘက်က လမ်းကြောမှာဖမ်းဖို့ ကျွန်တော်တို့ အကြံပြု ခဲ့ပြီးသားပါ။ စစ်တပ်က လုပ်ချင်တာ တစ်မျိုး ပါ။ ဆက်ကြေးကတော့ အစိုးရဘက်ကကောက် သလို ကျွန်တော်တို့လည်း စစ်ရေးဆိုင်ရာအတွက် ကောက်ရတာပါပဲ။ ကေအိုင်အို ဗဟိုကတော့ လမ်းညွှန်ချက်တော့ မဟုတ်ဘူး။ 
အောက်ခြေတပ်းရင်းဆိုင်ရာက ကောက်တာပါ။

လတ်တလော ပဋိပက္ခတွေကို ဖြေရှင်းဖို့ 
လူထုကလည်း အစိုးရကို ဖိအားမပေးနိုင်သလို အစိုးရကလည်း ကိုင်တွယ်ဖြေရှင်းမပေးနိုင်ဘူး။ ဘယ်လမ်းကြောင်းက ဖြေရှင်းရမယ်ဆိုတာ မတွေ့ သေးဘူး။ နှစ်ဖက်ပဋိပက္ခတွေလည်း ဘယ်တော့ တွေ့နိုင်မယ်ဆိုတာ မသိသေးဘူး။

ဒီတွေ့ဆုံမှုမှာလည်း အစိုးရဘက်က ကချင် ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ခေါင်းဆောင်ဆိုပေမယ့် စစ်ရေးက တပ်မတော်ကပဲ ကိုင်တွယ်တယ်။ ကျွန်တော်တို့ ဘက်တော့ ဗိုလ်မှူးကြီးတစ်ယောက် ပါတာနဲ့ပြီးပြီ။ တချို့ကိစ္စတွေကြတော့ မဖြစ်သင့်တာတွေပေါ့” ဟု ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည့် ဇန်န၀ါရီ ၁၄ ရက်တွင် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူနော်၏ ယာဉ်တန်းကို ကေအိုင်အေ လက်နက်ကိုင်များက တားဆီးပြီး လုံခြုံရေးရဲဝန်ထမ်း သုံးဦးကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ဇန်ဝါရီ ၁၆ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ တိုက်ပွဲ များပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် လေးလကျော်အကြာတွင် ယခုတစ်ကြိမ် ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်ကာ အစိုးရ တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေအဖွဲ့တို့ မိုးမောက်မြို့နယ်တွင် စစ်ပွဲများစတင်ဖြစ်ပွားခဲ့ရာ စစ် ပွဲများ ကချင်တစ်ပြည်နယ်လုံး ပျံ့နှံလာပြီး ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့် ကို ၂၀၁၂ ခုနှစ် မေ ၃၀ ရက်မှစတင်ကာ အစိုးရမှ တရားဝင်ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက် တွင် ပြန်လည်တူးဖော်ခွင့်ပြုခဲ့ရာ လုပ်ငန်း များရပ်ဆိုင်းခဲ့သည်မှာ နှစ်နှစ်ကျော်ကြာမြင့် ခဲ့ပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် တစ်ဖန်ပြန်ဖြစ်လာ သော စစ်ပွဲများကြောင့် ကျေးရွာနေအိမ်များ စွန့်ပစ်ကာ ထွက်ပြေးလာသည့် ရွှေ့ပြောင်း ဒုက္ခသည်ပေါင်း တစ်သိန်းဝန်းကျင်ရှိနေပြီး အများစုမှာ ဒေသတွင်းလုံခြုံရေး အကြောင်းပြကာ ရွှေ့ပြောင်းဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်မှာ လေးနှစ်ကျော်ကြာမြင့်လာ ခဲ့ပြီဖြစ်သည်။

မြစ်ကြီးနားမြို့တွင် မြို့ဝင်မြို့ထွက်ဂိတ်များနှင့် လေဆိပ်များ၊ စက်လှေဂိတ်များ၊ မြို့ တွင်း အဓိကလမ်းဆုံများတွင် စစ်ဆေးရေး လုပ်ငန်းများကို ဒေသတွင်း ရဲတပ်ဖွဲ့များက စစ်ဆေးနေပြီး ဗလမင်းထင် တံတားကြီးပေါ်တွင် တပ်မတော်သားများနှင့် ရဲအင်အားများ ကို ထူထပ်စွာတိုးချဲ့ထားပြီး မိုင်းရှာဖွေရေး ကိရိယာများဖြင့် ရှာဖွေမှုများကို ညအချိန်များ တွင် ပြုလုပ်နေပြီး ည ၉ နာရီကျော်လွန်ပါက အရေးကြီးကိစ္စများ ရှိမှသာ ဖြတ်သန်းခွင့်ပြုပြီး အထက်သို့ အဆင့်ဆင့်ခွင့်ေ တာင်းရကြောင်း တံတားလုံခြုံရေး ၀န်ထမ်းများက ဆိုသည်။

No comments: