Tuesday, June 9, 2015

ခေါန်နန်စင်နဲ့ မရန်လုရာတို့အတွက် အမှန်တရားက ဘယ်မှာလဲ ===============================================


ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်တောင်းကျေးရွာ အုပ်စု၊ ကောင်းခါရွာ မှာ စေတနာ့ဝန်ထမ်းကချင်ဆရာမနှစ်ယောက် အဓမ္မကျင့်ပြီး သတ်ဖြတ် ခံခဲ့ရတာ ၅လနီးပါးကြာခဲ့တဲ့အခါ အစိုးရနဲ့ ကချင်နှစ်ခြင်းအဖွဲ့ချုပ်တို့က အမှုမှန်ပေါ်လာရေး စစ်ဆေးနေကြပေမယ့် ကျုးလွန်တဲ့တရားခံအစစ်ကတော့ အခုထိကွယ်ပျောက်နေဆဲပါ။ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်မှာ တောင်ပေါ်တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရလေ့ ရှိနေဆဲဖြစ်ပေမယ့် ကောင်းခါးကျေးရွာမှာဖြစ်ခဲ့တဲ့ ဒီလူမဆန်မှုကြောင့် တုန်လှုပ်ခြောက်ခြားမှုက အခုတိုင်ရင်ဆိုင်နေရဆဲပါ။

ဂျပန်ခေတ်လို့ ခေတ်ဆိုးခေတ်ပျက်ကြီးမှာတောင် အဓမ္မကျင့်လူသတ်မှုမျိုး မဖြစ်ခဲ့ဖူးတဲ့ ဒီဒေသမှာ စေတနာ့ဝန်ထမ်း ဆရာမနှစ်ယောက်ရဲ့ အဖြစ်ဆိုးကြောင့် အမျိုးသမီးတွေဟာ တောင်ယာတွေကိုတောင် မသွားလာရဲကြဖူးလို့ ရပ်မိရပ်ဖ ဆရာ အက်စ် ဂွန်အုန်းက ဆိုပါတယ်။
မြစ်ကြီးနား ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည်စခန်းက အသက် ၂၁နှစ်အရွယ် ခေါန်နန်စင်နဲ့ ဝိုင်းမော်က အသက် ၂ဝအရွယ် မရန်လုရာတို့ဟာ ၂ဝ၁၄ မေလမှ ကောင်းခါးကိုရောက်လာပြီး ဘုရားကျောင်းဝင်းထဲက ဝါးထရံကာအဆောင်လေးမှာ နေထိုင်ခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၉ရက်မနက်ပိုင်းမှာ အစိုးရရဲ့ ခမရ ၅ဝ၃ စစ်ကြောင်း ကောင်းခါးရွာ ကိုရောက်ရှိလာချိန်မှာ ဒီစေတနာ့ဝန်ထမ်း ဆရာမငယ်နှစ်ယောက် အဖြစ်ဆိုးနဲ့ကြုံခဲ့ရတာမို့ ရွာသားတွေက ပိုပြီးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဒေသခံတိုင်းရင်းသားတွေ အလုံခြုံဆုံးအချိန်ဟာ ဘယ်လက်နက်ကိုင်တပ်မှ ရွာနားမှာမရှိတဲ့အချိန်ဖြစ်ပြီး ကချင်နဲ့ရှမ်းပြည်နယ်က အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ အခုတစ်ကြိမ်က ပထမဆုံးမဟုတ်ပါဘူးလို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ခွန်ဂျာက ဆိုပါတယ်။

သက်ဆိုင်ရာကိုသွားတိုင်ရင်လည်း မအောင်မြင်တတ်တာမို့ ဒီလိုအကြမ်းဖက်မှုတွေဟာ မပျောက်ကွယ်ဘဲ ဆက်ရှိနေတယ်လို့ သူကထောက်ပြပါတယ်။
မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ထဲက ကောင်းခါးရွာဟာ အိမ်ခြေ ၃ဝလောက်ရှိပြီး ကချင်တိုင်းရင်းသား တစ်ရာကျော် နေထိုင် တဲ့ ကျေးရွာလေးတစ်ခုပါ။ အဲဒီဒေသဟာ KIA နဲ့ အစိုးရတပ်တွေ အပြန်အလှန်စစ်တွေဖြစ်ပြီး မြန်မာအစိုးရတပ်စစ်ကြောင်းတွေ ရံဖန်ရံခါ ဖြတ်သန်းသွားလာလေ့ရှိပါတယ်။ အစိုးရကျောင်းမရှိတဲ့ ဒီရွာလေးမှာ ကချင်နှစ်ခြင်းအဖွဲ့ချုပ် KBC အသင်းတော် က ကျောင်းဖွင့်ထားတာ ၃-၄နှစ်ရှိနေပါပြီ။

ခေါန်နန်စင်နဲ့ မရန်လုရာတို့နဲ့ရင်းနှီးတဲ့ KBC နမ့်တောင်အသင်းတော်က ဆရာနော်ဒင်က ဆရာမနှစ်ယောက်အကြောင်း အခုလိုပြောပြပါတယ်။
ဇန်နဝါရီ ၁၉ရက်နေ့ည ဝတ်ပြုဆုတောင်းပွဲမှာ ဆရာမနှစ်ယောက်ကို အသက်ရှင်လျက် နောက်ဆုံးတွေ့ခဲ့ကြတာပါ။ လက်နက်ကိုင်တွေ ရွာထဲရောက်လာတဲ့အခါ ဆွေမျိုးတွေဆီသွားအိပ်လေ့ရှိတဲ့ဆရာမနှစ်ယောက်ဟာ ကျောင်းသားတစ်ယောက်ရဲ့ မွေးနေ့ပွဲ ဝတ်ပြုဆုတောင်းရင်း မိုးချုပ်သွားတာကြောင့် အဆောင်မှာပဲ ပြန်အိပ်ခဲ့ရာက အခုလို အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နောက်တစ်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၂ဝမနက်မှာတော့ ဆရာမနှစ်ယောက်ရဲ့ အလောင်းကို ပန်ဆိုင်းရဲစခန်းက တာဝန်ရှိသူတွေဆီ အပ်နှံခဲ့ပါတယ်။ စစ်ကြောင်းက ဗျူဟာမှူး၊ စစ်ကြောင်းမှူးနဲ့ စစ်သားတစ်ချို့လည်း အခင်းဖြစ်ရာကို နေ့လည်မှာရောက်လာခဲ့ပါတယ်။
ခေါင်န်နန်စင်နဲ့ မရန်လုရာတို့ဟာ အမျိုးသမီးအင်္ဂါမှာ လတ်တလော ထိုးသွင်းထားတဲ့ လက္ခဏာ၊ လည်ပင်နဲ့မျက်နှာက ထိုးသွင်းဒဏ်ရာေ တွကြောင့် သွေး ထွက်လွန်ပြီး သေဆုံးခဲ့တာဖြစ်သလို အဆုတ်၊ အသည်း၊ ဝမ်းခေါင်းနဲ့ ရင်ခေါင်းကြားက အမြှေးပါးပေါက်ပြဲပြီး သွေးထွက် လွန်သေဆုံးခဲ့တာလို့ မူဆယ်ဆေးရုံအုပ် ဒေါက်တာတင်ထွန်း က သေဆုံးရတဲ့ အကြောင်းရင်းကို ဖော်ပြထားပါတယ်။

အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ အကွက်ချလုပ်တယ် လို့ ဒေသခံတွေက ယူဆနေပါတယ်။
မိန်းကလေးတစ်ယောက် ကို ပစ်မှားမိရင်တောင် ထုံးတမ်းစဉ်လာအရ တရားဝင်လက်ထပ်ယူရတဲ့ ကချင်လူမျိုးတွေဟာ တစ်ရွာသားတည်း အကြောင်းသိတွေမို့ အခုလို ရက်ရက်စက်စက် လုပ်မယ့်သူတွေ မဟုတ်ပါဘူးလို့ ဆရာနော်ဒင်က ရှင်းပြပါတယ်။ သက်သေမရှိသေးတဲ့အချိန် အမှုမှန်ပေါ်ဖို့ ကြန့်ကြာနေတာဟာ အမှန်တရား မပေါ်ပေါက်ဘဲ ဖြစ် သွားနိုင်တယ်လို့သူကဆိုပါတယ်။ မြန်မာစစ်တပ် ခမရ ၅ဝ၃က အရာရှိနဲ့ စစ်သား ၂၈ယောက်နဲ့ ရွာသား ၂ဝလောက်ကို စစ်ဆေးခဲ့ပြီး ဆံပင်ကို DNA စစ်တဲ့နေရာမှာ ကောင်းခါးမှာတော့ ဆံပင်ကိုညှပ်ပြီး။ မူဆယ်ရဲစခန်း မှာမှ နှုတ်ယူတာလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ဥပဒေဆိုင်ရာ အသိဉာဏ်နည်းမှု၊ သက်သေမကျန်ခဲ့မှုနဲ့ မုဒိမ်းမှုနဲ့ပတ်သက်တဲ့ အခြားစစ်ဆေးမှုတွေ မလုပ်နိုင်ခဲ့လို့ အမှုမှန်ပေါ်ရေး ခက်ခဲမယ်လို့ ခွန်ဂျာက ဆိုပါတယ်။ အစိုးရဘက်က စစ်ဆေးမှုကလည်း အမှုမှန်ပေါ်ရေးထက် စစ်တပ်မှာအပြစ်မရှိကြောင်း ကာကွယ်မှုကများနေ တာကြောင့်လည်းဖြစ်တယ်လို့ ပြောပါတယ်။
လူမှုပတ်ဝန်းကျင်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ၊ ရွံရှာစက်ဆုတ်ဖွယ် ရာဖြစ်ရပ် ဖြစ်ခဲ့တာကြောင့် မြန်မာအစိုးရမှာ တာဝန်အများကြီးရှိပြီး ဆရာမနှစ်ယောက်ကို မစောင့်ရှောက်နိုင်ခဲ့လို့ နမ့်တောင်း အသင်းတော်နဲ့ ဒေသခံတွေကလည်း တာဝန်ရှိသလို ခံစားနေရပါတယ်။

kamayut Media



www.mohnyinnews.blogspot.com

No comments: