မြန်မာအမျိုးသားတို့ရဲ့ အမျိုးသားနေ့
မောင်စွမ်းရည်
ခေတ်သစ် မြန်မာနိုင်ငံသမိုင်းကိုရေးကြတဲ့အခါ မြန်မာနိုင်ငံ တပါးကျွန်ဘ၀ရောက်ရာကနေ အစပြုပြီး ရေးသားလေ့ရှိပါတယ်။ ဒီလို တပါး ကျွန်ဘ၀မှာ မြန်မာတွေဟာ အားမတန်ပေမယ့် မာန်မလျှော့ခဲ့ကြပါဘူး။ ကျွန်ဘ၀ရောက်စကနေပြီး ကျွန်ဘ၀တလျှောက်လုံး ပုံစံအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားခဲ့ကြပါတယ်။ ကိုလိုနီခေတ် နိုင်ငံရေးလှုပ်ရှားမှုကိုရေးကြတဲ့အခါ ရန်ကုန်တက္ကသိုလ်ကောလိပ် သပိတ်သုံးခုကို ဗဟိုလမ်း ကြောင်းထားပြီး ရေးတာတွေ့ရပါတယ်။ ဗိုလ်ချုပ်တွေက သမိုင်းပညာရှင်တွေကို “ဒါတွေ ကွေ့ရှောင်ရေးပါ” လို့ ပြောချင်ပေမယ့် ပြောလို့ မရ။
ပထမတဆက္ကသိုလ်ကောလိပ်သပိတ်က ၁၉၂၀ ခုနှစ်မှာ ကိုဘဦးအစရှိတဲ့ ကျောင်းသားခေါင်းဆောင်များ ဦးဆောင်လှုပ်ရှားခဲ့ကြပါတယ်။ ကျောင်းသားခေါင်းဆောင်စာရင်းကို ရွှေတိဂုံဘုရားရဲ့ အနောက်တောင်ထောင့်ရှိ အမျိုးသားနေ့အထိမ်းအမှတ်ကျောက်တိုင်မှာ ရေးထိုး ထားပါတယ်။
ဒုတိယသပိတ်ကတော့ ကိုနု၊ ကိုအောင်ဆန်းတို့ဦးဆောင်ပြီး မန္တလေးသူ မအုန်း၊ မအမာတို့ပါဝင်း ဆင်နွှဲခဲ့ကြတဲ့သပိတ်ဖြစ်ပါတယ်။ တတိယသပိတ်ကတော့ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုလှရွှေ စတဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ ကိုနု၊ ကိုအောင် ဆန်းတို့ “သခင်” အဖြစ်ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၃၈ ခုနှစ် ရေနံမြေအလုပ်သမားသပိတ်ကြီးနဲ့ဆက်စပ်သွားရာက အရှိန်အမြင့်ဆုံးကို ရောက် သွားခဲ့ပါတယ်။ တဆက်တည်း ဒုတိယကမ္ဘာစစ်နဲ့ဆက်စပ်သွားပြီး ဖက်စစ်တော်လှန်ရေးကြီးအထိ ကျောင်းသားခေါင်းဆောင်တွေပဲ ဆက်လက်ပါဝင်ဦးဆောင်လှုပ်ရှားသွားကြပါတယ်။
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်မှာပဲ ဖွင့်ပါတယ်။ ဖွင့်စမှာပဲ တက္ကသိုလ်အက်ဥပဒေကိုသဘောမကျလို့ ကျောင်းသားတွေ သပိတ် မှောက်ကြပါတယ်။ သပိတ်မှောက်ပြီး အင်္ဂလိပ်အစိုးရတည်ထောင်တဲ့ တက္ကသိုလ်ကိုမတက်ကြတော့ဘဲ အမျိုးသားတက္ကသိုလ်ကြီးကို ရွှေတိဂုံခြေရင်းက ဗဟန်းဘုန်းတော်ကြီးကျောင်းတွေပေါ်မှာ သွားရောက်ဖွင့်လိုက်ကြပါတော့တယ်။ အဲဒီအမျိုးသားကောလိပ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်တို့၊ ဒီးဒုတ်ဦးဘချိုတို့က မြန်မာနိုင်ငံသမိုင်းနဲ့ မြန်မာစာပေကို အသီးသီးဝင်ရောက်ပြသခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီကော လိပ်ကျောင်းဟာ တစ်နှစ်နှစ်နဲ့ ပျက်သွားခဲ့ပါတယ်။ နယ်မြို့တွေမှာတော့ အမျိုးသားကျောင်းတွေ အလျှိုအလျှိုပေါ်လာခဲ့ကြတာ ၁၅၀ လောက်ရှိပါတယ်။ ဒီလိုအမျိုးသားကျောင်းလှုပ်ရှားမှုတွေထဲမှာ အထူးထင်းရှားလာသူကတေ့ ပထမ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဖိုးကျားပါပဲ။ ဦးဖိုးကျားက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုတို့နဲ့အတူ အမျိုးသားကျောင်းတွေအတွက် သင်ကြားစရာ မြန်မာစာအုပ်တွေကိုထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။
အမျိုးသားပညာဝန်အဖြစ်နဲ့လဲ ဗဟိုကနေ နယ်ကိုခရီးထွက်ပြီး ကျောင်းတွေကို စစ်ဆေးရပါတယ်။ သမိုင်းရေးသူ၊ ၀တ္ထုတိုရေးသူအဖြစ်နဲ့ ခေတ်စမ်းစာပေခေတ် (၁၉၃၀-၄၀) ရဲ့အရင်က ခေတ်စမ်းစာပေခေတ်ဦးကို ဦးဆောင်သူဖြစ်လာခဲ့ပါတယ်။ ကိုလိုနီနှောက်ပိုင်းခေတ်နဲ့ ကျနော်တို့ လွတ်လပ်ရေးခေတ်ဦးမှာ ဦးဖိုးကျားရဲ့ အမျိုးသားဟန်စာပေသစ်နဲ့ ကြီးပြင်းခဲ့ရပါတယ်။ ဒါကြောင့် အမျိုးသားနေ့အကြောင်းကို စဉ်းစားတိုင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုနဲ့ ဦးဖိုးကျားတို့ရဲ့ နာမည်တွေကို အရင်စဉ်းစားမိလိုက်ပြီး အဉ္စလီပဏာမနဲ့ ဂါရ၀ပြုမိပါတယ်။
ကျနော်တို့တတွေ မန္တလေးမှာ အလယ်တန်းကျောင်းသားဘ၀ကစပြိး အမျိုးသားနေ့တိုင်း အမျိုးသားနေ့စာစီစာကုံးပြိုင်ပွဲတွေ ၀င်ကြရ တယ်။ အားကစားပြိုင်ပွဲတွေဝင်ကြရတယ်။ မန္တလေးက အမျိုးသားကျောင်းကို ဦးခိုက်ကြရတယ်။ ဗိုလ်ချုပ်တို့နဲ့အတူ လုပ်ကြံခံရတဲ့ထဲပါသွား ရှာတဲ့။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇာတ်တည်ထောင်အုပ်ချုပ်တဲ့ကျောင်းပေါ့။ မန္တလေးက ထင်ရှားတဲ့မျိုးချစ်လူငယ်အများစုဟာ အမျိုးသားကျောင်းထွက်တွေပါ။ လူထုဒေါ်အမာဆိုတာ အဲဒီကျောင်းထွက်ပါပဲ။ ဘောလုံး၊ အလေးမ၊ လက်ဝှေ စတဲ့ အားကစားထူးချွန် သူတွေလဲ အမျိုးသားကျောင်းကထွက်ပါတယ်။
အမျိုးသားကျောင်းရှေ့ကဖြတ်သွားရင် အမျိုးသားကျောင်းဆိုတဲ့ စာတန်းကြီးနဲ့ သင်ပုန်းကြီး ကိုမော့ကြည့်ပြီး စိတ်ထဲက အလိုလိုဦးညွှတ်မိရပါတယ်။ ခုတော့ ဗိုလ်နေ၀င်းက ပြည်သူပိုင်းသိမ်းရာမှ ကျောင်းတွေကို ၁-၂-၃ တွေနဲ့ အမှတ်စဉ်ထိုးပြီးခေါ်လိုက်ရပါတယ်။ အမှတ် ၂ အထကဆိုတာ ဖြစ်လာပါတယ်။ ကျောင်းရဲ့သမိုင်းလဲ အလိုလိုမှိန်ပျောက်သွားခဲ့ရပါတော့တယ်။
အလားတူပဲ တခြားမြို့ကြီးတွေက အမျိုးသားကျောင်းတွေလဲ စစ်အာဏာရှင်စနစ်အောက်မှာ “အမှတ်စဉ် မှတ်” တဲ့ အထဲကို ပါသွား ခဲ့ရပါပြီး။
အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာရတာဟာ ပထမကောလိပ်သပိတ်ကြီးကြောင့်ဖြစ်ရပြီး၊ အဲဒီသပိတ်ကြီးကလဲ ကျောင်းသားတွေ ကြောင့် ပေါ်ခဲ့ရတာပါ။ အဲဒီကျောင်းသားတွေဟာ အမျိုးသားကောလိပ်ကထွက်ပြီး နယ်တကာမှာ အမျိုးသားကျောင်းအုပ်၊ အမျိုးသား ကျောင်းဆရာတွေဖြစ်လာခဲ့ကြပါတယ်။
အမျိုးသားကျောင်းတွေကနေ လွတ်လပ်ရေး သူရဲကောင်းတွေ မွေးထုတ်ပေးခဲ့ပါတယ်။ အာဇာနည် ကြီးတွေထဲမှာ ဒီးဒုတ်ဦးဘချိုက အမျိုးသားကောလိပ် မြန်မာစာဆရာကြီးပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးဘ၀င်းနဲ့ ဆရာကြိးဦးရာဇာတ် တို့က အမျိုးသားကျောင်းမှာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဆန်းက အမျိုးသားကျောင်းထွက်ပါ။ ဦးနု၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၊ သိပ္ပမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် စသူတွေဟာ အမျိုးသားကျောင်းတွေမှာ ဆရာလုပ်ဖူးကြပါတယ်။ ဆရာဇော်ဂျီ၊ ဆရာဇာတ်၊ သုဝဏ်၊ မောင်ထင်၊ ဒဂုန်တာရာ၊ လူထုဒေါ်အမာ စတဲ့ ပုဂ္ဂိုလ်ကျောင်းများဟာ အမျိုးသားကျောင်းထွက်တွေပါ။ အမျိုးသားကျောင်းတွေကနေ မြန်မာစာပေသမိုင်းတို့ကို အခြေခံကောင်းရခဲ့ကြတဲ့ ကျောင်းသားတွေ တက္ကသိုလ်ရောက်လာချိန်နဲ့ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦဖေ မောင်တင်က မြန်မာစာထုတ်ထူးတန်းတွေ့နဲ့ မဟာဝိဇ္ဇာတန်းတွေ ဖွင့်လှစ်ချိန်တို့ဟာ ချိန်ကိုက်ဖြစ်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ခေတ်စမ်း စာပေဟာ ဖြစ်ပေါ်လာခဲ့ရတာပါ။
ရန်ကုန်တက္ကသိုလ်ကောလိပ်ပထမသပိတ်ကြီးရဲ့ဂုဏ်ကျေးဇူးနဲ့ အမျိုးသားကျောင်းတွေရဲ့ဂုဏ်ကျေးဇူးကို ဆင်ခြင်လိုက်ရင် “လွတ်လပ်ရေး သမိုင်းအစ အမျိုးသားနေ့ကလို့” ကြွေးကြော်ကြသူတွေကို ထောက်ခံချင်ပါတယ်။ ခုအခါ အမျိုးသားနေ့သရုပ်ပြ လှည့်လည်ပွဲတွေနဲ့ အမျိုး သာနေ့ စာပေပြိုင်ပွဲတွေပြုလုပ်ကြတာမျိုး မြန်မာပြည်မှာ ရှိမှရှိပါသေရဲ့လားလို့ တွေးမိပါတယ်။ ၁၉၂၁ ခုနှစ်က ဂျီစီဘီအေခေါ် မြန်မာ အသင်းချုပ်ကြီးရဲ့ န၀မမြောက်ညီလာခံမှာ ပထမကောလိပ်သပိတ်မှောက်တဲ့နေ့ကို အမျိုးသားနေ့အဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၁၉၂၂ ရန်ကုန်မှာကျင်းပတဲ့ ဂျီစီဘီအေညီလာခံကြီးကနေ အတည်ပြုခဲ့ပါတယ်။ ၁၉၂၁က သတ်မှတ်တဲ့ ရက်စွဲကိုယူရင် ဒီနှစ်မှာ အမျိုး သားနေ့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၉၀ တင်းတင်းပြည့်ခဲ့ပါပြီး။ အကြိမ်ပေါင်း ၉၀ ရှိခဲ့ပါပြီ။
အမေရိကန်ပြည်ထောင်စုမှာတော့ လော့စ်အိန် ကျလိစ်က မြန်မာလူထုက မျိုးသားနေ့စာပေဟောပြောပွဲတွေကို နှစ်စဉ်ကျင်းပကြလို့ အမေရိကန်ပြည်မှာရှိနေကြတဲ့ တင်မိုး၊ ၀င်းဖေ၊ မာမာအေး၊ မောင်စွမ်းရည်၊ အောင်ဝေး စတဲ့စာရေးဆရာများ သွားရောက်ဆုံဆည်းကြ၊ ဟောပြောကြပါတယ်။ ဂျပန်က မြန်မာလူငယ် များကလဲ သူတို့ထုတ်စာစောင်တွေကို တန်ဆောင်မုန်းလမှာ အမျိုးသားနေ့အထိမ်းအမှတ်အထူးထုတ်အဖြစ် ထုတ်ဝေလေ့ရှိပါတယ်။
ကျနော်တို့လဲ ကိုယ်တတ်စွမ်းတဲ့နည်းနဲ့ ပါဝင်ဆင်နွှဲကြပါတယ်။ ဗမာပြည်က အမျိုးသားနေ့အထိမ်းအမှတ်ပွဲများကို တမ်းတမြင်ယောင်လျက် ရှိပါတယ်ခင်ဗျား။
ဒီဆောင်းပါးကို - မိုးမခ
http://moemaka.blogspot.com/
စာမျက်နှာက ကူးယူ ဖော်ပြပါတယ်။

posted from Bloggeroid
No comments:
Post a Comment