Saturday, November 2, 2013

သမ္မတကြီးသတိပေး

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်၍ အစွန်းမရောက်ရန် သမ္မတဦးသိန်းစိန် သတိပေး

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့်ပတ်သက်၍ အစွန်းရောက်ခြင်းကို ရှောင်ရှားရန် နိုဝင်ဘာ ၁ ရက်က ရေဒီယို အစီအစဉ်မှ မိန့်ခွန်းပြောကြားရာတွင် သမ္မတဦးသိန်းစိန်က ထည့်သွင်း ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဖြစ်ထွန်းနေသည့် နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို နှေးကွေးသည်၊ မြန်ဆန်လွန်းသည် အစရှိသည့် ပြောကြားချက်များသည် ပြောကြားသူတို့၏ ရပ်တည်ချက်၊ ကြည့်မြင်သည့် ရှုထောင့်နှင့် တိုင်းတာသည့် စံချိန်၊ စံညွှန်း များပေါ် မူတည်မည် ဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုများ၊ ပြောဆိုငြင်းခုံ မှုများ၏ အနေအထားကို သုံးသပ်ကြည့်ပါက မိမိတို့ လူ့အဖွဲ့အစည်းတွင် ရှိရမည့် ဒီမိုကရေစီရေးဆိုင်ရာ အလေ့အကျင့်များ စတင်ရှင်သန် လာခြင်း ဖြစ်သည်ကို ငြင်းဆို၍ မရသည့် အချက်အဖြစ် တွေ့ရှိရမည်ဖြစ်ပြီး အဆိုပါ အလေ့အကျင့်များ ဆက်လက်ရှင်သန် အမြစ်တွယ် ခိုင်မာရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် မိမိတို့အားလုံး ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ထည့်သွင်း ပြောကြားသည်။ ထိုသို့ ကြိုးပမ်းရာတွင် ဆောင်ရွက်မှု နှေးကွေးသဖြင့် ဒီမိုကရေစီ အရေးကို နှောင့်နှေးစေသည့် အစွန်းနှင့် မြန်ဆန်လွန်းသည့် အတွက် အလှမ်းကျယ် အလယ်လပ်သည့် အစွန်းနှစ်ပါးကို ရှောင်ရှားပြီး မိမိတို့ လူ့အဖွဲ့အစည်းနှင့် လက်ရှိနိုင်ငံရေး အရှိတရားများကို အခြေခံသည့် လက်တွေ့ကျသည့် ရလဒ်များ ရရှိရန် ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။ ''အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်၍လည်း အစွန်းရောက်ခြင်းကို ရှောင်ရှားပြီး ပြည်သူလူထု အများစု၏ လိုလားချက်များကို ဖြည့်ဆည်း ပေးနိုင်မည့် နိုင်ငံရေး စေတနာကောင်းများဖြင့် မိမိဖြစ်လိုသည့် ဆန္ဒထက် မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်း လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် အနာဂတ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို စဉ်းစားတွက်ဆပြီး ဓမ္မဓိဋ္ဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါတယ်'' ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ''ကျွန်တော်တို့ ခင်ဗျားတို့က ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တော်တို့က အတိုင်းအတာ တစ်ခုထိ လက်ခံရမှာပဲ။ မကြိုက်တာတွေလည်းရှိတော့ မကြိုက်တာကိုဘဲ အပြစ်တွေ ဖို့ပြီးတော့ လုပ်နေကြရင် အမျိုးသား ရင်ကြားစေ့ရေး ဘယ်နည်းနဲ့မှ မဖြစ်ဘူး။ ကျွန်တော်တို့က မကြိုက်ဘူး။ သို့သော် ပြင်ဆင်မယ်၊ ပြင်ဆင်သင့်တာတွေကို လွှတ်တော် ကိုယ်စားလှယ် တာဝန်ရှိတဲ့သူတွေ ညှိနှိုင်းကြမယ်။ အဲဒီလို ကျေကျေလည်လည် နည်းကို ကျွန်တော်တို့က ရွေးထားပါတယ်။ အဲဒီတော့ သမ္မတအနေနဲ့ အစွန်းရောက်တဲ့ ဟာဆိုတာက ပြင်ရင်ပြင်၊ မပြင်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်လို့ တချို့ပြောတာ ရှိတယ်။ တာဝန်ရှိတဲ့ပါတီက လူတွေကတော့ မပြောကြပါဘူး။ တချို့က အဲဒီလိုပြောတာ မျိုးတွေရှိတယ်။ ဒါတွေကို ညွှန်းတာ ဖြစ်နိုင်တယ်'' ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက The Daily Eleven သို့ ပြောကြားသည်။

No comments: