မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
ပြောလည်း ပြောချင်တယ်၊ ပြောလဲ မပြောရဲဘူး
ပြောလည်း ပြောချင်တယ်၊ ပြောလဲ မပြောရဲဘူး
Saturday, February 20, 2016
ပစ္စုပ္ပန်မှာ စိုက်ထုတ်မှ အနာဂတ်ကြီး လှလေမှာ မုချ
အစ
တစ်နေ့က ရန်ကုန်တိုင်းအတွင်း အသွားအလာ တော်တော်လေးခက်ခဲ တဲ့ကျေးရွာကလေးတစ်ရွာမှာ မြန်မာကလေးငယ်လေးတွေရဲ့ ပညာရေး အတွက် တတ်အားသမျှလုပ်ဆောင်နေတဲ့ ဂျပန်ကျောင်းသူလေး တစ်ယောက်နဲ့ အမှတ်မထင် ဆုံခဲ့ရပါတယ်။ သူက လောလောဆယ် အင်္ဂလိပ်စာ အဓိကနဲ့ ဂျပန်နိုင်ငံ နာဂိုယာ တက္ကသိုလ်မှာ ပညာသင် ဆဲ ဖြစ်ပါတယ်။ ကျောင်းအားရက်မှာ မြန်မာနိုင်ငံကို ခဏရောက်လာပြီး ကလေးတွေအတွက် သူလုပ်နိုင်သလောက် ကလေးတွေ လုပ်နေ တဲ့ စေတနာရှင် မိန်းကလေးပါ။ သူနဲ့ ပညာရေးအကြောင်း စကားတွေ အများကြီး ပြောဖြစ်ရာက သူပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော့်ကို ဆတ်ခနဲ ဖြစ်သွားစေခဲ့ပါတယ်။ "ဂျပန်ပြည်မှာဆိုရင် မူလတန်းဆရာဖြစ်ဖို့ သိပ်ခက်တာပဲ" လို့ သူက ပြောလိုက်တာပါပဲ။
ဒါနဲ့ မူလတန်း ဆရာတွေရဲ့ လခရောကောင်းလား လို့ မေး လိုက်တော့ ကောင်းပါတယ်တဲ့။ အတိအကျတော့ မသိဘူးတဲ့။ အဲလိုနဲ့ ကျွန်တော်လည်း အိမ်ပြန်ရောက်တဲ့အခါ ဂျပန်အစိုးရကျောင်းတွေက မူလတန်းဆရာတွေရဲ့ လစာတွေကို ရှာကြည့်လိုက်တဲ့အခါ အံ့အားသင့် ရပါတော့တယ်။
ကမ္ဘာတလွှားမှာ
လုပ်သက် တစ်နှစ်မျှသာ ရှိသေးတဲ့ ဂျပန်နိုင်ငံက မူလတန်းဆရာဆိုရင် တစ်လကို ယန်း တစ်သိန်းငါးသောင်းခြောက်ထောင့်ငါးရာ (အမေရိကန်ဒေါ် လာ ၁၄၀၀) လောက် ရပါတယ်။ လုပ်သက် ငါးနှစ်လောက် ရှိပြီဆိုရင်တော့ ယန်းတစ်သိန်းကိုးသောင်းငါးထောင့်သုံးရာ (အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်) ဖြစ်သွားပါပြီ။ လုပ်သက် ၁၅ နှစ်ဆိုရင် ယန်း သုံးသိန်း တစ်ထောင့်ခုနစ်ရာ (အမေရိကန်ဒေါ်လာ ၂၇၀၀ လောက်) ဖြစ်သွားပါပြီ။ ဒါ သာမန် မူလတန်း၊ အလယ်တန်းဆရာရဲ့ လစာပါ။ သက်ဆိုင်ရာ အတန်းအလိုက် ခေါင်းဆောင်ဆရာရဲ့ လစာကျ အဲဒီ့ထက် ပိုများပါသေး တယ်။ နမူနာပြောရရင် လုပ်သက် ၁၅ နှစ်ရှိတဲ့ ခေါင်းဆောင်ဆရာရဲ့ လစာဟာ ယန်း လေးသိန်းနှစ်သောင်းကိုးထောင့်ကိုးရာ (အမေရိကန်ဒေါ် လာ ၃၈၀၀) ရှိပါသတဲ့ဗျား။
ဒါကတော့ စက်မှုဖွံ့ဖြိုးပြီး ကြွယ်ဝချမ်းသာတဲ့ ဂျပန်နိုင်ငံမို့ နေမှာပါဆို ပြီး လျှောက်ရှာကြည့်တဲ့အခါ စိတ်ဝင်စားစရာ အချက်အလက်တွေကို သွားတွေ့ရပါတယ်။ ဖွံ့ဖြိုးပြီး ၂၁ နိုင်ငံက အမေရိကန်ဒေါ်လာနဲ့ တွက်ချက် ထားတဲ့ အခြေခံပညာ ကျောင်းဆရာတွေရဲ့ ပျမ်းမျှလစာတွေပါ။ အောက်မှာ ဇယားနဲ့ ဖော်ပြလိုက်ပါတယ်။
အီဂျစ် ၈၈၃၊ တရုတ် ၁၄၇၇၊ ဘရာဇီး ၁၅၄၅၊ ချက်သမ္မတနိုင်ငံ ၁၆၆၂၊ ဂရိ ၁၉၄၅၊ ပေါ်တူဂီ ၁၉၆၇၊ တူရကီ ၂၁၁၄၊ နယူးဇီလန် ၂၃၆၉၊ အီတလီ ၂၃၈၃၊ ဖှင်းလယ် (န်)(ဒ်) ၂၃၉၈၊ ပြင်သစ် ၂၄၀၂၊ စပိန် ၂၄၅၆၊ အစ္စရေး ၂၇၀၃၊ ဗြိတိန် ၂၇၈၁၊ နယ်သာလယ် (န်)(ဒ်) ၃၁၀၀၊ ဆွစ်ဇာလယ် (န်)(ဒ်) ၃၂၇၇၊ ဂျာမဏီ ၃၅၂၁၊ ဂျပန် ၃၆၄၇၊ တောင်ကိုရီးယား ၃၆၅၆၊ အမေရိကန် ၃၇၄၇၊ စင်္ကာပူ ၃၈၁၂
ဒါဟာ ဟပ်ဖှင်(ဂ်)ထယ်(န်) ပို့(စ်)(ထ်)သတင်းစာမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်က ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။
အီဂျစ်က ကျောင်းဆရာရဲ့ ပျမ်းမျှလစာ ၈၈၃ ဒေါ်လာက အနိမ့်ဆုံးဖြစ်ပြီး စင်္ကာပူနိုင်ငံက ကျောင်းဆရာရဲ့ ပျမ်းမျှလစာကတော့ ၃၈၁၂ နဲ့ အမြင့်ဆုံး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ တစ်ဆက်တည်းမှာ စင်္ကာပူကို အမီလိုက်မယ်လို့ ပြောခဲ့ဖူးသူတယောက်ကိုပါ ပြေးသတိရသွားမိလို့ ပြုံးလိုက်မိရပါသေးတယ်။ တခြားဟာ အမီမလိုက်နိုင်ချင်နေပါစေဗျာ။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အရေးကြီးလှတဲ့ မူလတန်းဆရာများ အရည်အချင်း ပြည့်မီလာကြသလို အရည်အချင်းပြည့် မူလတန်းဆရာကို စင်္ကာပူနည်းတူ လခပေးတဲ့နေရာမှာ အမီလိုက နိုင်မယ်ဆိုရင် သိပ်ကောင်း မှာပါပဲ။ အဲဒီ အဲဒီ့ ၂၁ နိုင်ငံအတွက် ပျမ်းမျှတွက်ရင်တော့ ကျောင်းဆရာ တစ်ယောက်ရဲ့ လစာဟာ ၂၅၅၀ လောက်တော့ ရှိပေသပေါ့။
သည်နိုင်ငံတွေထဲမှာ မပါတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကြည့်တဲ့အခါကျတော့ မူလတန်းဆရာတစ်ယောက်ဟာ တစ်လကို ဘတ် တစ်သောင်းခြောက်ထောင့်ငါးရာ့ရှစ်ဆယ် (အမေရိကန် ဒေါ်လာ ၄၆၅ လောက်) ရတယ်လို့ တွေ့ရပါတယ်။ အိမ်နီးချင်း နောက်တစ်နိုင်ငံ ဖြစ် တဲ့ အိန္ဒိယမှာကျတော့ ရူပီး နှစ်သောင်းကိုးထောင့်ကိုးရာ (အမေရိကန်ဒေါ် လာ ၄၄၀ ခန့်)မှ တစ်သိန်းလေးထောင့် လေးရာ (အမေရိကန် ဒေါ်လာ ၁၅၃၀ ခန့်) အတွင်း ဖြစ်ပါသတဲ့။
အဲ---အင်ဒိုနီးရှားနိုင်ငံက မူလတန်းဆရာရဲ့ ကနဦးလစာက အမေရိကန် ဒေါ်လာ ၁၆၃၈ ရှိပြီး လုပ်သက် ၁၅ နှစ်ရှိပြီဆိုရင် ၂၀၇၂ ဖြစ် သွားကာ အမြင့်ဆုံး မူလတန်းဆရာ လခဟာ အမေရိကန် ဒေါ်လာ ၂၃၆၁ ပါတဲ့။
လခနဲ့ အရည်အချင်း အချိုး
သုတေသနတွေအရ ဆရာတွေကို လစာကောင်းကောင်း ပေး ထားနိုင်လေလေ၊ ကျောင်းသားတွေရဲ့ အရည်အချင်းတွေ လည်း ပိုမိုမြင့် မားလေလေ ဆိုတာ အင်မတန် သေချာတဲ့ အချက်ပါ။
လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ဆိုရင်တောင် မူလတန်းဆရာ တစ်ယောက်ရဲ့လစာဟာ ငွေကျပ် ၁၀ သိန်းလောက် ဖြစ်နေမယ်ဆိုရင် အရည်အချင်းရှိသူတွေ မူလတန်းဆရာလောကထဲ တိုးဝင်လာ မှာ သေချာသလောက်ပါပဲ။ ဆရာဖြစ် သင်တန်းတွေမှာလည်းပဲ မူလတန်း ဆရာဖြစ်ဖို့အတွက် အသက်သွေးကြောပမာ လိုအပ်လှတဲ့ ကလေးသူငယ် စိတ်ပညာလို ဘာသာရပ်မျိုးမှာ အနိမ့်ဆုံး အမှတ်ဘယ်လောက်ရမှ ဆရာဖြစ်လက်မှတ် ထုတ်ပေးမယ် ဆိုတာမျိုးလို သတ်မှတ်ချက်မျိုးတွေလည်း ထည့်သွင်းသင့်မယ် ထင်ပါတယ်။
နောက်တစ်ချက်က မူလတန်း အတန်းတစ်တန်းမှာ ကျောင်းသားဦးရေက ပျမ်းမျှအားဖြင့် ၂၅ ယောက်နဲ့ ၃၀ ကြားမှာသာ ရှိသင့်တယ်လို့လည်း သုတေသနတွေက ဆိုထားပါတယ်။ ကျောင်းသား ဦးရေ နည်းလေ ကောင်းလေပါတဲ့။
ပါးစပ်နဲ့တော့ လူတိုင်းပြောတတ်တယ်၊ သို့သော်. . .
"ကလေးသူငယ်တွေဟာ အနာဂတ်ရဲ့သားကောင်း သမီးကောင်း ရတနာလေးတွေပါ" ဆိုတဲ့စကားကို ဘ၀တစ်သက်တာလုံး နားမဆံ့အောင် ကြားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ကလေးတုန်းကလည်း အဲသလိုပဲ အပြောခံခဲ့ရတာပါပဲ။ ပြီးတော့ ကျွန်တော်တို့ မျိုးဆက်တွေ ဘာတွေဖြစ် လာခဲ့ကြလဲဆိုတာတော့ အားလုံးအသိမို့ ပြောမနေတော့ပါဘူးနော်။
အဲသလိုပဲ ကျွန်တော်တို့နောက်က အစဉ်အဆက်လိုက်လာတဲ့ မျိုးဆက်တွေကိုလည်းပဲ ကလေးတုန်းက "အနာဂတ်" ရတနာလေးများ လို့ပဲ ပြောခဲ့၊ ဆိုခဲ့၊ ချီးမြှောက်ခဲ့ကြပါတယ်။ အဲဒီ့ "အနာဂတ်" တွေက ဆုံးပဲ မဆုံးနိုင်တော့ပါဘူး။ ပစ္စုပ္ပန်အကြောင်း တစ်ခွန်းတစ်ပါဒမျှမဟကြဘဲ ကလေးတွေနဲ့ ပတ်သက်ရင် "အနာဂတ်" ဂတ်နိုင်လွန်းလို့တောင် ဆိုရမလိုပါပဲ။
ယနေ့ကာလမှာတော့ ဒို့ခေတ်ကျမှ ညံ့ကြတော့မှာလားလို့ မေးစရာကို မလိုတော့အောင် မြန်မာစာလုံးပေါင်း သတ်ပုံတောင် မှန်မှန်ကန်ကန် မရေးနိုင်၊ မြန်မာဝါကျအထားအသိုတောင် အဆီအငေါ်တည့်တည့် မဖွဲ့နိုင်တဲ့သူတွေဟာ အရပ်ထဲမှာသာမက ရုံးဌာနအဖွဲ့အစည်းတွေ၊ စာနယ်ဇင်း စာမျက်နှာတွေပေါ် အထိ ရောက်ရှိနေခဲ့ပြီမို့ တစ်ချိန်က ဂတ်နိုင်လွန်းခဲ့တဲ့ "အနာဂတ်" တွေဟာ ပစ္စုပ္ပန်မှာ ချာတူးလန်ပြနေကြ ပါတော့တယ်။
အဓိကကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း အဲဒီ့ အနာဂတ်တွေ အတွက် ဘာမှလောက်လောက်လားလား ရင်းနှီးမြှုပ်နှံခြင်း မရှိခဲ့ တာကြောင့်ပါပဲ။ "အနာဂတ်" "အနာဂတ်" ဆိုပြီး လေတွေသာ စွတ်ပစ်နေ တယ်၊ ပစ္စုပ္ပန်မှာ အဲဒီ့ ကလေးသူငယ်တွေရဲ့ ပညာရေးကို လူတန်းစေ့အောင် ရင်းနှီးမြှုပ်နှံဖို့ကိုသည် နှစ်ပေါင်း ၅၀ ကျော်၊ သာသ နာပြုကျောင်းတွေကို ပြည်သူပိုင် သိမ်းလိုက်ပြီး ပညာရေးစနစ်သစ် ဆိုတာကြီးကို စတင်မိတ်ဆက်ခဲ့တဲ့ ၁၉၆၄ ခုနှစ်နောက်ပိုင်းမှာ လုံးဝကို စိတ်ကူးမရှိတော့ခြင်းဟာ ကျွန်တော်တို့နိုင်ငံ ကို အကြီးအကျယ် အထိ နာစေခဲ့ပါတယ်။
အမြစ်ကလှန်ပြီး ပြင်ကြမှ
အတိတ်ကို သင်ခန်းစာယူရမယ့်အချိန်ကို ကျရောက်နေရုံမက အချိန်တွေတောင် အတော်ကျော်နေပါပြီ။ တိုင်းပြည်ကို တကယ်ချစ်တယ်၊ တကယ် စေတနာထားတယ်ဆိုရင် ပထမဆုံးလုပ်ရ မယ့် ပြုပြင်ပြောင်း လဲရေးက "ပညာရေး" ပဲလို့ ရှုမြင်သုံးသပ်မိရပါတယ်။ ပညာရေးကို နက်ဖြန်ခါ စပြင်နိုင်ရင် နောင်နှစ်ပေါင်း ၃၀၊ ၃၅ နှစ် အကြာမှာ ကျွန်တော်တို့နိုင်ငံဟာ လူလူသူသူ ထူထူထောင်ထောင် စဖြစ်လာပါလိမ့် မယ်။ တစ်နှစ်နောက်ကျရင် ကျွန်တော်တို့ ထူထူထောင်ထောင် ပြန်ဖြစ်ဖို့ ကာလဟာ နောက်ကို တစ်နှစ် ဆုတ်သွားတော့မှာပါ။ ဒါ့ကြောင့် သည်နိုင်ငံအတွက် အရေးတကြီး ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စဟာ "ပညာရေး" သာ ဖြစ်တယ်ဆိုတာကို အားလုံးမြင်သင့်တယ်လို့ ယူဆမိရပါ တယ်။
ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုရာမှာ "အမြစ်က လှန်ပြီး" ပြုပြင်ယူရ တော့ မှာပါ။ အဓိကကတော့ အခြေခံပညာရေးကို လူလူသူသူ ဖြစ်အောင် စီမံရေးဆွဲကြဖို့ လိုပါတယ်။ သည့်ထက် အသေးထပ်စိတ်မယ်ဆိုရင်တော့ မူလတန်းပညာရေးကို အပျံစား ဖြစ်အောင်၊ ကမ္ဘာ့အဆင့်မီအောင် အမြန်ဆုံး ကြိုးပမ်းသွားပြီး အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့်ပညာရေးများကို လည်း နောက်ပိုင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် ပြင်ယူသွားမယ်ဆိုရင်တော့ ကျွန်တော် အထက်မှာ ပြောခဲ့သလိုပဲ နောက် ၃၅ နှစ်၊ နှစ် ၄၀ လောက် မှာ ခေတ်မီကမ္ဘာထဲကို တိုးဝင်သွားနိုင်ပါလိမ့်မယ်။
ဘယ်လိုပြုပြင်ကြမလဲ
အရေးကြီးဆုံးအချက်က ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သိလှချေရဲ့ တတ်လှချေရဲ့လို့ သွေးနားထင်ရောက်မနေဘဲ နိုင်ငံအသီးသီးက ပညာရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ၊ သုတေသီတွေရဲ့ အကူအညီကို ရယူဖို့ လိုပါတယ်။ မူလတန်းလို ပညာရေးကို ပြုပြင် ဖို့တောင် နိုင်ငံတကာက ပညာရှင်တွေဆီက အကြံဉာဏ်တွေ ရယူဖို့ လိုပါလိမ့်မယ်။
အဆိုးထဲက အကောင်းကို ပြောရင်တော့ သူများနိုင်ငံတွေ ဖြတ်သန်း ရင်ဆိုင်ပြီး အခက်အခဲတွေ၊ အတားအဆီးတွေ၊ ဘေးထွက်ဆိုးကျိုးတွေ ၊ အောင်မြင်မှုတွေ၊ ခရီးပေါက်မှုတွေကနေ သင်ခန်းစာကောင်းတွေကို အရံသင့် ရယူသုံးစွဲနိုင်နေတာပါပဲ။ အနောက်တိုင်း လူ့ဘောင်ကို အသာထား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကိုရီးယား၊ စင်္ကာပူစတဲ့ အာရှနိုင်ငံတွေမှာပဲ ပညာရေးနဲ့ပတ်သက်လို့ ဘာတွေ လုပ်ခဲ့ကြတယ်။ ဘယ်လိုမူဝါဒတွေနဲ့ ဘယ်ပုံ အကောင် အထည်ဖော် ယူခဲ့ကြတယ်ဆိုတာကို ကြည့်မယ်ဆိုရင်တောင် ကျွန်တော်တို့အတွက် နမူနာကောင်းတွေ အများကြီးရနိုင်မှာလည်း မြေကြီး လက်ခတ်မလွဲပါဘူး။
ဒုတိယတစ်ချက်ကလည်း အင်မတန်အရေးကြီးပါတယ်။ အဲသလို အကျအန ဆောင်ရွက်ညှိနှိုင်းကြပြီးတဲ့နောက် ပညာရေးဆိုင်ရာမူဝါဒတွေ၊ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ အခိုင်အမာ ရလာပြီ ဆိုတဲ့အခါ အဲဒါကို ဘယ်အစိုးရတက်တက်၊ ပညာရေးဝန်ကြီး ဘယ်နှယောက် ပြောင်းပြောင်း အဲဒါတွေကို မပြောင်းနိုင် မပြင်နိုင်အောင် လုပ်ဆောင်ဖို့ပါ။
ကျွန်တော်တို့ဆိုတာ ဒေါက်တာလှဟန်တို့၊ ဒေါက်တာ ညီညီတို့ ပညာရေးဝန်ကြီးတွေ ဖြစ်နေချိန်မှာ အစမ်းသပ်ခံခဲ့ရတဲ့ ပညာရေး သားကောင်တွေပါ။ နောက်ဝန်ကြီးတစ်ပါးပြောင်း၊ နောက်မူ တစ်ခုဖြစ်လာ၊ ရှေ့ကချခဲ့တဲ့မူကို ချောင်ထိုးနဲ့ ကျောင်းသားတွေဟာ အစမ်းသပ်ခံသားကောင်ဘ၀ကကို တက်မလာနိုင်အောင် ဖြစ်နေ တာကြီးကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ ကျောင်းသားလူ ငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်လို့ တကယ်ယုံကြည်ရင် အခုလက်ရှိ ပစ္စုပ္ပန်မှာ ကျောင်းသားလူငယ်တွေအတွက် အများကြီး စိုက်ထုတ်ရပါမယ်၊ ရင်းနှီးမြှုပ်နှံရပါမယ်ဆိုတာကို လူတိုင်းမြင်သင့်ပြီ ဖြစ်တဲ့အကြောင်း မပြောရဲပြောရဲနဲ့ပဲ ထပ်ပြောလိုက်ပါရစေလားခင်ဗျား။ အားလုံး အတွက် တွေးဆဆင်ခြင်စရာ တစ်စုံတစ်ရာ ရသွားလိမ့်မယ် လို့ မျှော်လင့် မိပါကြောင်း။
ဆူဒိုနင်
MOI
Subscribe to:
Post Comments (Atom)
No comments:
Post a Comment