Tuesday, February 2, 2016

ရောင်နီလာပြီဆိုသော်လည်း

ရောင်နီလာပြီဆိုသော်လည်း . . . . . . || စိုင်းထွန်းအောင်လွင် || မနက်စောစော အိပ်ရာနိုးတာနဲ့ သတင်းသမားတစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့ ပြုလုပ်နေကျ ကျင့်စဉ်တစ်ခုလို ဖြစ်တဲ့ လက်ကိုင်ဖုန်းကိုဖွင့်ပြီး လူမှုကွန်ရက် စာမျက်နှာကို ကြည့်လိုက်တော့ ဧရာဝတီ သတင်းဌာနက တင်ထားတဲ့ 'နေပြည်တော်မှာ ရောင်နီတက်ပြီ ' ဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်တော် အဆောက်အအုံနဲ့ မနက် ရောင်နီလာချိန်ကို နောက်ခံထားတဲ့ ဓာတ်ပုံ တစ်ပုံကို တွေ့လိုက်ရပါတယ်။ အောက်က မှတ်ချက်ပေးလို့ရတဲ့ Comment Box တွေမှာလည်း မကြာမီ စတင်တော့မယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို အားပေးထောက်ခံတဲ့ မှတ်ချက်တွေ အမြောက်အမြား တွေ့ရပါတယ်။ တကယ်လည်း သမိုင်းဝင် နေ့တစ်နေ့ ဖြစ်လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကို ပြည်သူ တော်တော်များများက မျှော်လင့်စောင့်စား နေခဲ့ကြတာပါ။ ပြည်သူတွေ တစ်ခဲနက် ထောက်ခံမဲပေးခဲ့တဲ့ ပင်နီအင်္ကျီဝတ် NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဦးဆောင်မယ့် လွှတ်တော်အပေါ် တစ်နိုင်ငံလုံးက စောင့်ကြည့်နေတဲ့ သဘောလည်း ဆောင်ပါတယ်။ ၁၉၆၂ ခုနစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်တဲ့ ပြည်သူတွေ ထောက်ခံအားပေးတဲ့ ပါတီကနေ ဦးဆောင်မယ့် လွှတ်တော် အစည်းအဝေး အစီအစဉ်တွေကို စောင့်ကြည့်နေရတာ သာမန်ပြည်သူတွေ အနေနဲ့လည်း စိတ်မလှုပ်ရှားဘဲ နေနိုင်လိမ့်မယ် မထင်ပါ။ ဒါ့အပြင် အခု လွှတ်တော် အစည်းအဝေး မစတင်ခင် ရက်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ စစ်ဘက် အရပ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် သူမရဲ့ သမ္မတ ဖြစ်ခွင့်ကို ဟန့်တားထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် လမ်းကြောင်းများ ပွင့်လာမလား။ လွှတ်တော်နဲ့ အစိုးရသစ် တက်ရမယ့် ရက်ကလည်း နှစ်လလောက် ကွာတဲ့အတွက် အစိုးရသစ် တက်ရင် သူတို့ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်များ သမ္မတ ရာထူး ရယူနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေကြမှာလည်း မလွဲဧကန်ပါပဲ။ အခမ်းအနားကို တိုက်ရိုက် ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား ဖန်သားပြင်ရှေ့မှာ နိုင်ငံတစ်ဝန်းက သန်းနဲချီတဲ့ ပြည်သူတွေလည်း ရှိနေခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် အများစုရဲ့ မျက်နှာတွေကို ကြည့်လိုက်ရင်လည်း မကြာခင်မှာ ကြုံတွေ့ရတော့မယ့် အတွေ့အကြုံ အသစ်တွေအတွက် တက်ကြွ ရွှင်လန်းနေတာ မြင်တွေ့ရပြီး NLD ကိုယ်စားလှယ် အများစုဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လမ်းကြောင်း ပွင့်လာလိမ့်မယ်လို့ မျှော်လင့်နေကြတာ တွေ့ရပါတယ်။ နှစ်နာရီခန့်အကြာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အဖွင့်နေ့ အခမ်းအနားဟာ အနှောင့်အယှက် တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးတွေကိုလည်း အခက်အခဲမရှိ ရွေးချယ်နိုင်ခဲ့ပါတယ်။ အခမ်းအနားအပြီး လွှတ်တော်ခန်းမကနေ ထွက်လာခဲ့တဲ့ အမေလို့ ချစ်စနိုးခေါ်ကြတဲ့ လူထုခေါင်းဆောင်ရဲ့ မျက်နှာကတော့ အနည်းငယ် ပင်ပန်းနေဟန် ရှိပါတယ်။ ဖိစီးမှုတွေ ပင်ပန်းမှုတွေကြောင့် လွန်ခဲ့တဲ့ ငါးနှစ်ခန့် နေအိမ်အကျယ်ချုပ် လွတ်မြောက်လာစဉ်ကထက် ပိုမို အိုစာသွားတာလည်း သတိထားမိပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ ရာထူး လွှဲပြောင်းပေးခဲ့တဲ့ အရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းကတော့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေကို ရွေးချယ်နိုင်ခဲ့တာ၊ တာဝန် လွှဲပြောင်းရေးတွေ ချောချောမောမော ဆောင်ရွက် နိုင်ခဲ့တာဟာ နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်တဲ့ ကိစ္စရပ်ဖြစ်ပေမယ့် အနာဂတ် ပြည်သူ့အခွင့်ရေး အပြည့်အ၀ရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ် ပေါ်ပေါက်လာဖို့ကတော့ မီဒီယာတွေ ပြည်သူတွေကပါ အခု ပေါ်ပေါက်လာတဲ့ လွှတ်တော်သစ် ပေါ်ပေါက်လာတော့မယ့် အစိုးရသစ်တွေနဲ့အတူ ကြိုးပမ်းရဦးမယ့် သဘော ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ ပြန်သွားပြီးအချိန် လူမှုကွန်ရက် စာမျက်နှာပေါ် တက်လာတဲ့ တပ်မတော်ပိုင် မြ၀တီသတင်းစာနဲ့ ရတနာပုံ နေ့စဉ်သတင်းစာတို့မှာ ဖော်ပြခဲ့တဲ့ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို နိုင်ငံတော် အကျိုးစီးပွားအတွက် ထာဝရ မပြောင်းမလဲ တည်ရှိစေလိုဆိုတဲ့ ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ တပ်မတော် အာဘော် သတင်းစာဖြစ်တဲ့ မြ၀တီသတင်းစာကနေ အခုလို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် ကန့်သတ်ထားတဲ့ ပုဒ်မကို မပြင်လိုဆိုတဲ့ ဆောင်းပါးမျိုး ပါလာတာက အများပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံအတွက် အကောင်းဆုံး ပံ့ပိုး ဆောင်ရွက်ပေးစေလိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးတဲ့ သဘော သက်ရောက်စေပါတယ်။ ဖော်ပြတဲ့နေ့ကလည်း နောက်လာမယ့် အစိုးရ သက်တမ်းအတွက် အတိုက်အခံ ဦးဆောင်တဲ့ လွှတ်တော် အစည်းအဝေးအသစ် စတင်တဲ့နေ့မှာ ပါလာတာပါ။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိဆိုတဲ့ စကားအတိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းက NLD ပြောခွင့်ရ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် တားမြစ်ထားတဲ့ ပုဒ်မကို ပြင်ဆင်ဖို့ အစိုးရသစ် မတက်ခင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်နဲ့ တောက်လျှောက် ညှိနှိုင်းသွားဖို့ ရှိတယ်ဆိုတဲ့ သတင်းဖော်ပြချက် ပေါ်ထွက်လာပြီးနောက် ဒီဆောင်းပါးက စစ်တပ်ပိုင် မြ၀တီ သတင်းစာမှာ ပါရှိလာတာကတော့ နိုင်ငံရေးအရ ရိုက်ချက်တစ်ရပ် အဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။ မြ၀တီ သတင်းစာပါ အဲဒီဆောင်းပါးကို ပြည်သူတွေ အနေနဲ့ တပ်မတော်အပေါ် ဝေဖန်တဲ့ မှတ်ချက်တွေ အမြောက်အမြား ပေးနေတာလည်း တွေ့ရပါတယ်။ ဆောင်းပါးရဲ့ ဆိုလိုရင်းကို ပြန်ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အမည် တိုက်ရိုက်သုံးနှုန်းထားခြင်း မရှိပေမယ့် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလကပင် နိုင်ငံခြားသားနဲ့ သွေးနှောများအကြောင်း အဓိက ဆွေးနွေးခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုချက်ထဲမှာ အပိုဒ်တစ်ပိုဒ်ကိုပါ ကိုးကားထည့်သွင်း ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို ပြုလုပ်ရာမှာ အဲဒီရွေးကောက်ပွဲမှာ အမျိုးသားများ မဟုတ်တဲ့ နိုင်ငံခြားသားများ မပါရဘူးဆိုတဲ့ ပြောဆိုချက်ကို ကိုးကားထားတာ တွေ့ရပါတယ်။ အချုပ်အနေနဲ့ ပြောရမယ် ဆိုရင်တော့ ပုဒ်မ ၅၉ (စ) အပိုဒ်ဟာ တစ်ဦးတစ်ယောက်ကို ရည်ရွယ်ထားတာ မဟုတ်ဘဲ အမျိုးသားရေး တာဝန်အရ ထည့်သွင်းထားတာ ဖြစ်ကြောင်း ၊ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ခဲ့တဲ့ တပ်မတော် အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD နဲ့ ဥပဒေနဲ့ အညီ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ၊ မိမိတို့နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေးအရ အရေးကြီးတဲ့ အနေအထားမှာ ရေရှည်ကို မျှော်တွေးပြီး ပုဒ်မ ၅၉ (စ) ကို ဆက်ထားသင့်တဲ့ အကြောင်း ၊ နိုင်ငံတော်၏ အထွတ်အထိပ် အာဏာကို ရယူမယ့်သူဟာ နိုင်ငံသားအားလုံး အကြွင်းမဲ့ သံသယကင်းစွာ ယုံကြည်စိတ်ချရသော တိုင်းရင်းသား လူမျိုး နိုင်ငံသားသာလျှင် ဖြစ်ရမယ့် အကြောင်း ၊ တိုင်းတစ်ပါးရဲ့ သစ္စာ သြဇာ ခံယူသူ မဖြစ်သင့်တဲ့အကြောင်း စသဖြင့် ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့ ရွှန်းရွှန်းဝေနေအောင် လိုသလို ထည့်သွင်းရေးသား ပုံဖော်သွားတာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးမှာ အမျိုးသားရေးအရ တပ်မတော်အနေနဲ့ မပါမဖြစ် ပါရမယ်လို့ ဆိုထားတဲ့ သဘောကိုလည်း တွေ့ရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း စတင် ပန္နက်ချပေးတယ်လို့ ဆိုရမှာဖြစ်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်နဲ့ ဆက်စပ်နေတဲ့ ၁၉၄၇ ခုနစ် အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ဆိုင်ရာ အခြေအနေနဲ့က ကွာခြားပါတယ်။ ၁၉၄၇ ခုနစ် အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်မှာ ဘယ်သူ့ကို လက်မထပ်ရဘူးလို့ ဖော်ပြထားတာ မရှိပါဘူး။ မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါး သော်လည်းကောင်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာပိုင်နက် အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စု နိုင်ငံသားလည်း ဖြစ်သော၊ ထို့ပြင် ပါလီမန်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင် မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခံနိုင်ခွင့် မရှိစေရ။ (အခန်း ၅၊ ပုဒ်မ ၄၉)” လို့ ၁၉၄၇ ခုနစ် အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းနဲ့ ပတ်သက်လို့တော့ “အောက်ပါ ပုဂ္ဂိုလ်မျိုးအား၊ လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ်ဖြင့် ရွေးချယ်ခြင်းခံရန် လည်းကောင်း၊ လွှတ်တော် တစ်ရပ်ရပ်၏ အမတ်အဖြစ် တည်မြဲစေရန် လည်းကောင်း ခွင့်မပြုရ။ (က) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ နိုင်ငံသား သော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ” (အခန်း ၆ ပုဒ်မ ၇၄) လို့သာ ဖော်ပြထားတာပါ။ တကယ်တော့ အဲဒီ ဥပဒေပုဒ်မတွေဟာ အဲဒီခေတ်ကာလက မြန်မာနိုင်ငံမှာ အလွန်များပြားနေခဲ့တဲ့ အိန္ဒိယ နိုင်ငံသားတွေ အတွက် ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူ ဘာတေးလစ်တနာက ဆိုပါတယ်။ ၄၇ အခြေခံ ဥပဒေအရဆိုရင် ၀န်ကြီးတွေဟာ ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရမှာဖြစ်သလို ရွေးကောက်ခံ ကိုယ်စားလှယ်တွေကပဲ ၀န်ကြီးချုပ် ဖြစ်ရမှာပါ။ အဲဒီခေတ်ကာလမှာ ဗုဒ္ဒဘာသာဝင် မဟုတ်တဲ့ ဘာသာခြား နိုင်ငံသားတွေ ၊ တိုင်းရင်းသားတွေလည်း အစိုးရအဖွဲ့ တပ်မတော်တို့မှာ ထိပ်သီးရာထူးတွေ ရယူနိုင်ခဲ့ပါတယ်။ ၁၉၇၄ ခုနစ် အခြေခံဥပဒေမှာ ဆိုရင်လည်း အခု ၂၀၀၈ အခြေခံ ဥပဒေလိုမျိုး ယောက်ျား ၊ သားသမီးတွေနဲ့ ပတ်သက်လို့ သမ္မတ အရည်အချင်းဆိုင်ရာ ကန့်သတ်ချက် မပါရှိပါဘူး။ ၂၀ဝ၈ ခုနှစ် ရဲ့ သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) မှာပဲ “မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ" လို့ ပါရှိတာဖြစ်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်နိုင်ငံသား တစ်ဦးနဲ့ လက်ထပ်ခဲ့ရပေမယ့် တစ်ခါမှ အင်္ဂလန်နိုင်ငံသား မဖြစ်ခဲ့ဖူးပါဘူး။ သူမအနေနဲ့ ပြည်ပမှာ ကြီးပြင်းခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြောမယ်ဆိုရင် ပုံရိပ်ကြီးသူတွေကို ပြည်တွင်းမှာ မနေစေလိုခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ သမိုင်းကို ပြန်လှန်ရမှာ ဖြစ်ပါတယ်။ လတ်တလော အခင်းအကျင်းအရ ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်နိုင်တဲ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွေ မယူတော့ဖို့ သေချာသလောက် ဖြစ်နေတာကြောင့် ( အမျိုးသားလွှတ်တော် လျာထားစာရင်းမှာလည်း မပါဝင် ) ကာလုံ အစည်းအဝေးတက်နိုင်တဲ့ လက်ကျန် နှစ်နေရာထဲက နိုင်ငံခြားရေးဝန်ကြီး နေရာသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ ပါတီက အစိုးရ ၊ ပါတီက လွှတ်တော်နေရာ အများစုရနေချိန် နိုင်ငံခြားရေးဝန်ကြီး ရာထူး ရယူဖို့ဆိုတာကလည်း ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားရမယ့် အချက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ကာလပြီးကတည်းက အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေ ၊ သမ္မတ ၊ တပ်ချုပ်တို့နဲ့ တွေ့ခဲ့ပြီးနောက် လူထုတွေရဲ့ ဆန္ဒအရ မြင်တွေ့လိုတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူး ရယူရေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်ပိုင် မြ၀တီသတင်းစာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ကြောင့် အလားအလာ မှေးမှိန်သွားရပြီလို့ ယေဘုယျ ကောက်ချက်ချနိုင်ပါတယ်။ စစ်တပ်ရဲ့ အာဘော်တွေကိုသာ ဖော်ပြလေ့ရှိတဲ့ မြ၀တီသတင်းစာပါ ဆောင်းပါးဟာ NLD က စီစဉ်ထားမှု အစီအစဉ်အချို့ကို နှောင့်နှေးစေဖို့ တန်ပြန် ဖော်ပြခဲ့တာလည်း အသေအချာပါပဲ။ တစ်ဆက်တည်းမှာလည်း လူထုအကြား ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးဆိုတဲ့ ဆန္ဒပြင်းပြမှုတွေ မြင့်တက်လာချိန်မှာ ငါတို့ ရှိနေသေးတယ် ဆိုတဲ့ သဘော ၊ နိုင်ငံရေးမှာ တပ်မတော် အခန်းကဏ္ဍ ဆက်ရှိနေသေးတယ် ဆိုပြီး သတိပေးသလို ဖြစ်နေတာ ဖြစ်ပါတယ်။ တကယ်တော့ အာဏာလွှဲပြောင်းရေး ဖြစ်စဉ် ၊ လွှတ်တော်အသစ် စတင်မှုတွေက သမိုင်းမှာ အရေးပါတဲ့ ရက်စွဲဖြစ်တယ် ဆိုပေမယ့် ဒီမိုကရေစီစံနှုန်းကျတဲ့ အနေအထားတစ်ရပ်အထိ ဖြစ်လာဖို့ တိုင်းရင်းသား တန်းတူ အခွင့်အရေးရှိတဲ့ အခြေခံ ဥပဒေတွေ ပေါ်ပေါက်လာဖို့ဆိုရင်တော့ အတန်ကြာ ကြိုးပမ်းရဦးမယ့် သဘောလည်း ရှိနေပါတယ်။ ရှေ့မှာ ဘယ်လောက် ကြမ်းတမ်းမှုတွေက ဆီးကြိုနေဦးမလဲဆိုတာ မှန်းဆလို့ မရနိုင်သေးပါဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်တဲ့ လူထုထောက်ခံမှုများတဲ့ ပါတီဦးဆောင်တဲ့ အစည်းဝေးဟာ အသွင်ကူးပြောင်းရေး စဖို့ ခြေလှမ်းတစ်ရပ် စတင်တာ ရောင်နီသန်းတာလို့ ဆိုနိုင်ပေမယ့် ရောင်နီလာပြီးမှ ရုတ်တရက် မိုးသားတိမ်တိုက်တွေ မည်းမှောင်ကျလာကာ တစ်နေကုန် မိုးသည်းထန်စွာ ရွာ ၊ မိုးကြိုးတွေပစ် ၊ ညအမှောင်ကို ပြန်ရောက်သွားဆိုတဲ့ အဖြစ်မျိုး မဖြစ်ဖို့တော့ အားလုံး တက်ညီလက်ညီ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ REF : Bertil Lintner ၏ Burma’s Constitutional Collision Course စိုင်းထွန်းအောင်လွင် The Ladies News Journal

No comments: