မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 21, 2016
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးညွှန့် ပြောကြားထားတာနဲ့ ပတ်သတ်ပြီး သစ်တောတက္ကသိုလ် ရေဆင်းမှ တွဲဖက်ပါမောက္ခ Dr.တင်မင်းမောင်၏ လူမှုကွန်ရက်မှတဆင့် ပြောကြားချက် (မြန်မာ)ကို ပြန်လည် မျှဝေပေးလိုက်ပါသည်။ မြန်မာလိုရေးပါ ဆိုသူများအတွက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးညွှန့် ပြောကြားထားတာနဲ့ ပတ်သတ်ပြီး သစ်တောတက္ကသိုလ် ရေဆင်းမှ တွဲဖက်ပါမောက္ခ Dr.တင်မင်းမောင်၏ လူမှုကွန်ရက်မှတဆင့် ပြောကြားချက် (မြန်မာ)ကို ပြန်လည် မျှဝေပေးလိုက်ပါသည်။
မြန်မာလိုရေးပါ ဆိုသူများအတွက်
သို့
ဦးစိုးညွှန့်
ဒုတိယဥက္ကဌ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဦးစိုးညွန့်ခင်ဗျား
ကျွန်တော်ကတော့ သစ်တောတက္ကသိုလ်မှာ တွဲဖက်ပါမောက္ခ တာဝန်ထမ်းဆောင်နေတဲ့ တင်မင်းမောင် ဖြစ်ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံမှာ သစ်တောပညာနဲ့ ပတ်သက်ဆက်နွယ်တဲ့ ပါရဂူဘွဲ့ရ လူနည်းစု ထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဒီလိုမိတ်ဆက်ရတာကတော့ ဆရာ့အနေနဲ့ရော၊ NLD အနေနဲ့ပါ ကျွန်တော့်ရဲ့ သဘောထားကို အလေးထားစေချင်လို့ပါ။ ဘာလို့လဲဆိုတော့ တခြားသော သစ်တောဘွဲ့ရ အများစုရဲ့ ခံစားချက်ဟာ ကျွန်တော်နဲ့ ထပ်တူကျလိမ့်မယ် ယုံကြည်တဲ့ အတွက်လည်း ဖြစ်ပါတယ်။
ရိုးရိုးသားသား ပြောရရင် ဆရာ့ကို လက်ရှိရာထူးဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီရဲ့ ဒုတိယဥက္ကဌ ရာထူးကို NLD က ဘယ်လိုပေတံတွေနဲ့ တိုင်းတာ ပေးအပ်ခဲ့တယ် ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် ယုံကြည်ပါတယ်၊ ဆရာ့အနေနဲ့ ကျွန်တော်တို့တိုင်းပြည်အကျိုးအတွက် NLD နဲ့ အတူ လက်တွဲပြီး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့မယ် ဆိုတာ ယုံမှားသံသယ မရှိသလို လက်ရှိ ရာထူးဟာလည်း ဆရာနဲ့ အမှန်တကယ် သင့်တော်တဲ့ ရာထူး ဖြစ်ကောင်းဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့ ဆရာနဲ့ လက်ရှိရာထူး ထိုက်တန်တယ်၊ မထိုက်တန်ဘူး ထင်မြင်ချက်ပေး အကဲဖြတ်စရာ အကြောင်းလည်း မရှိပါဘူး။ ဆရာ့ရဲ့ လက်ရှိ ရာထူးဟာ နိုင်ငံရေးအရ ရထားတဲ့ ရာထူး ဖြစ်ဦးတော့ NLD အနေနဲ့ ဆရာ့ကို အမှန်တကယ် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များနဲ့ ထောက်ပံ့ဝန်းရံပေးထားမှာ အမှန်ပါ။ ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့ ဆရာ့အနေနဲ့ အခုလို တရားဝင်ကြေငြာချက်တွေ မထုတ်ပြန်ခင်မှာ ဆရာ့ရဲ့ ကော်မတီမှာပါတဲ့ ဘာသာရပ်ဆိုင်ရာ တတ်သိပညာရှင်တွေနဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာက ဆရာ့အတွက်ရော၊ NLD ရဲ့ ပုံရိပ်အတွက်ပါ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီရဲ့ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူရသူဟာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆက်စပ် ပြဿနာတွေရဲ့ နောက်ခံ အကြောင်းရင်း တွေကို နှံ့စပ်နားလည်နိုင်တဲ့ တတ်သိ ပညာရှင်လည်း မဟုတ်၊ အရည်အသွေးပိုင်း မှာလည်း အားနည်းနေတဲ့အတွက် သူ့ရဲ့ သုံးသပ်ချက်တွေဟာ အမြင်ကျဉ်းမြောင်းသလို ဖြစ်နေပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ ဆရာ သတိမမူမိရင်တောင်မှ ဒီအချိန်ဟာ ဆရာတို့အနေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု တွေ လုပ်ရမယ့်အချိန်မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုရမယ့်အချိန်ပါ။ အဲဒီလို ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့လိုပါမယ်။ ဆက်နွယ် ပတ်သက်သူတွေရဲ့အမြင်ကို အခြေခံပြီး ဆရာ့ရဲ့ ထုတ်ပြန်ကြေငြာချက်ကို ရိုးရိုးသားသား အကဲဖြတ်ရရင် ဆရာပြောလိုက်တဲ့စကားဟာ NLD နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအကြား တစ်ဖက်နဲ့တစ်ဖက် ဆက်ဆံရေးမှာ အရေးအပါဆုံးဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းလို့ ကျွန်တော် မယုံကြည်ပါဘူး။ ဆရာ့အနေနဲ့ ကော်မတီအတွက် ယုံကြည်မှု ပြန်လည်တည်ဆောက် ယူချင်တယ်ဆိုရင် ဆရာတို့နဲ့ လက်တွဲလုပ်ကြရမယ့် ဌာနတွေအပေါ်မှာ ယုံကြည်မှုကို လျော့ပါးသွားစေနိုင်သော ရင့်သီးပြီး တစ်ဖက်သပ်ဆန်တဲ့ အသုံးအနှုန်း အပြောအဆိုမျိုးကို ရှောင်ဖို့လိုပါလိမ့်မယ်။ “သစ်တောဆိုတာ သစ်ပင်ခုတ်တဲ့အဖွဲ့အစည်း၊ (အဲဒီလိုဌာနမျိုးကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် တာဝန်ယူခိုင်းတာ) ကောက်ရိုးပုံနွားစောင့်ခိုင်းသလို ဖြစ်နေတယ်” ဆိုတဲ့ မှတ်ချက်မျိုး လက်လွတ်စပယ် ပြုရအောင် ဆရာက သာမန်ပြည်သူတစ်ယောက် မဟုတ်ပါ။
ဆရာ့မှာ သစ်တောအတန်းအစားကျဆင်းခြင်း၊ သစ်တောပြုန်းတီးခြင်းတို့နဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့အမြင်နဲ့ နားလည်မှုတွေ ရှိဖို့လိုပါတယ်။ အခုလို ဆရာပြောလိုက်တော့ တကယ့်ကို အမယ်ဘုတ်ကဲ့ သူ့ချည်ခင် လို ရှုပ်ထွေးလှတဲ့ သစ်တောပြုန်းတီးမှုကမ္ဘာ ထဲမှာ သစ်တောသမားတွေချည်းကိုသာ မညှာမတာ စွပ်စွဲလိုက်သလိုပါပဲ။ ပိုဆိုးသွားတာ ကတော့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာ “မဆိုင်ဘူး” ၊ ဒါမှမဟုတ် ဘယ်လိုမှ ဆက်စပ် ပတ်သက်မှု မရှိတဲ့ အကြောင်းအရာနှစ်ရပ်လို့ ပြောလိုက်တာပါပဲ။ အကယ်၍ ဆရာပြောတာမှန်ခဲ့ရင် ဟားဗက်သစ်တော က မဟာသိပ္ပံသင်တန်းတွေအတွက် ဇီဝဗေဒ၊ သစ်တောပညာ၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ ပထ၀ီ စတဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်လိမ္မာကြတဲ့ ကျောင်းသားတွေကို ဂေဟဗေဒ၊ ထိန်းသိမ်းရေး၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်တွေမှာ သုတေသနတွေ လွတ်လပ်စွာ လေ့လာလိုက်စားခွင့်တွေ ဘာလို့ပေးထားပါလိမ့်။ နောက်ပြီး မြောက်ကယ်ရိုလိုင်းနား ပြည်နယ် တက္ကသိုလ်မှာရော သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာအရင်းအမြစ်ဌာနလို့ ဘာလို့ ပူးတွဲဖွင့် ထားတာလဲ။ တခြားနယ်ပယ်တွေမှာ အများကြီးရှိပေမယ့် ကျွန်တော်က တက္ကသိုလ်က ဆရာဖြစ်လို့ တက္ကသိုလ်နဲ့ ဆိုင်တာ တစ်ခု၊ နှစ်ခု ထုတ်နှုတ်ပြတာပါ။ (ဒီလိုပြောတာက ဆရာတို့ ဆုံးဖြတ်ချက်ချသူ၊ Decision Makers တွေအနေနဲ့ ၀န်ကြီးဌာနတွေ ပေါင်းစပ်တာ၊ ခွဲပစ်တာ မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဒီလို လုပ်တော့မယ်ဆိုရင် အဲ့ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ ပညာရှင် Professionals တွေ၊ လက်တွေ့တာဝန်ယူ လုပ်ကိုင်နေရသူ Practitioners တွေနဲ့ တိုင်ပင် သင့်ပါတယ်။ ဒါမှ ဆရာတို့ပြောတဲ့ Transparency ဆိုတဲ့ ပွင့်လင်းမြင်သာမှု ရှိမှာပေါ့။)
အခုအချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးထိုး အပြစ်ပြောနေရမယ့် အချိန်မဟုတ်ပါဘူး။ အခုအချိန် ဟာ ကျွန်တော်တို့ အားလုံးရဲ့ ဘုံရည်မှန်းချက် ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံအတွက် တောက်ပတဲ့ အနာဂါတ်ကို အပြန်အလှန်ယုံကြည်မှုတွေ၊ နားလည်မှုတွေနဲ့ တည်ဆောက်ရမယ့် အချိန်ပါ။ ဆရာ့အနေနဲ့ အခုချိန်ထိ သစ်တောသမားတွေဟာ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ မထိုက်တန်ဘူး လို့ ယုံကြည်နေသေးရင် ကျွန်တော်အကြံပြုနိုင်တာကတော့ ယခုထက် ပိုမိုလေ့လာဖို့ပါပဲ။ ကျွန်တော်ကိုယ်တိုင် သစ်တောတက္ကသိုလ်၊ ရေဆင်းကနေ သစ်တောသိပ္ပံဘွဲ့ရပါတယ်။ ဥစုနိုမိယ တက္ကသိုလ်က သစ်တောသိပ္ပံ ဆိုင်ရာ စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့ ရပါတယ်။ တိုကျိုစိုက်ပျိုးရေးနှင့် နည်းပညာတက္ကသိုလ် အခြေစိုက်ပြီး တက္ကသိုလ်သုံးခု ပါဝင်ဖွဲ့စည်းထားတဲ့ ဘွဲ့လွန်သင်တန်းက ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ တို့ အချင်းချင်း သဟဇီဝဖြစ်စွာ ဆက်သွယ်မှု ဆိုင်ရာ သိပ္ပံနဲ့ ပါရဂူဘွဲ့ရခဲ့ပါတယ်။ (စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့ ရတယ်လို့ ဌာနကို သတင်းပို့တော့ ဆရာ့လိုပဲ Decision Maker တစ်ဦးက သစ်တောသမား ဘာလို့ သစ်တောဘွဲ့ မယူပဲ စိုက်ပျိုးရေးဘွဲ့ ယူတာလဲ ဆိုလို့ မနည်း ရှင်းရပါသေးတယ်။) အကယ်၍များ ဆရာပြောသလို စိုက်ပျိုးရေးရယ်၊ သစ်တောရယ်၊ သဘာဝ ပတ်ဝန်းကျင်ရယ်၊ သဘာဝ သယံဇာတတွေရယ်ဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု မရှိရင် ကျွန်တော် ဒီဘွဲ့တွေ ရလာစရာ အကြောင်းကို မရှိပါဘူး။
ဆရာ့အနေနဲ့ အထက်အောက် တိုက်ရိုက်အမိန့်ပေး ခိုင်းစေခဲ့သူတွေလို မပြုမူဖို့ မေတ္တာရပ်ခံပါတယ်။ ဘာလို့လဲ ဆိုတော့ ဆရာဟာ ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားတွေ အားလုံးရဲ့ မျှော်လင့်ချက် တွေကို ပုံပြီး အလောင်းအစား ပြုထားရတဲ့ အရွေးကောက်ခံပါတီကို ကိုယ်စား ပြုနေလို့ပါပဲ။ နောက်ဆုံး အနေနဲ့ ထပ်ပြီး လေးလေးနက်နက် အကြံပြုရရင် တစ်ခုခု ကို မပြုမူ၊ မဆောင်ရွက်ခင်မှာ သေချာ စဉ်းစားဖို့ ပါပဲ။
လေးစားစွာဖြင့်
(ကျွန်တော့် ပို့စ်ကို မည်သူမဆို လွတ်လပ်စွာ ရှယ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်မှန်းချက်ဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ မဟုတ်တာကို သတိထားစေချင်ပါတယ်။ အထူးသဖြင့် သစ်တောမှ ညီ၊ ညီမတို့အနေနဲ့ ဖြေရှင်းရင်တောင် တတ်နိုင်သမျှ လူကြီးလူကောင်းဆန်စွာ၊ ပညာရှင်ပီသစွာ ဖြေရှင်းကြပါ။
ကျွန်တော့်ပိုင်ဆိုင်မှုကို သိချင်တယ်ဆိုသူတွေလည်း အချိန်မရွေး စစ်ဆေးနိုင်ကြောင်းပါ။
NLD က ပေးဆပ်ကြသူတွေနဲ့ နှိုင်းယှဉ်ကောင်းမှ နှိုင်းယှဉ်နိုင်ပေမယ့် ပါရဂူ ဘွဲ့ရရချင်း ပါမောက္ခက မပြန်နဲ့၊ ဂျပန်တက္ကသိုလ်မှာ အလုပ်ဝင်ပေးပါ လို့ ကမ်းလှမ်း လာခဲ့တာကို ငြင်းပယ်ပြီး နောက်ထပ်ပညာတော်သင်သွားကြမယ့်သူများအတွက်ရယ်၊ ရွာကျောင်းမှာ ခေါင်းလောင်းသံ သာဖို့ရယ် ရေဆင်းမြေကို ပြန်လာသူ တစ်ယောက်အနေနဲ့ မိုးခါးရေ မသောက်ဖူးလို့ လိပ်ပြာသန့်ပါတယ်။
ကျွန်တော့်ကို NLD ကို မကြိုက်လို့ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တယ် ပြောနေတဲ့သူများ ကျွန်တော့်အကြောင်း အရင် စုံစမ်းကြပါ။ အကြောင်းစုံ သိပြီးမှ ဆက်ဆွေးနွေးတာပေါ့။ ကျွန်တော်ကတော့ ဒီမိုကရေစီရဲ့ အနှစ်သာရ တစ်ခု ဖြစ်တဲ့ လွတ်လပ်စွာ သဘောကွဲလွဲ ပိုင်ခွင့်မျိုး၊ တစ်ဖက်သားရဲ့ မတူညီတဲ့ ရှုထောင့်နဲ့ အမြင်ကို လေးစားပြီး အားလုံးသဘောတူ လက်ခံနိုင်မယ့် အဖြေရှာမှုမျိုးကို လိုလားသူပါ။)
အားလုံးကို ကျေးဇူးတင်ပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment