မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 21, 2016
ထားဝယ်ဈေးကွက်အတွင်း ပျံ့နေသည့် ထိုင်းရှာလကာရည် စားသုံးရန်မသင့်
ထားဝယ်ဈေးကွက်အတွင်း ပျံ့နေသည့် ထိုင်းရှာလကာရည် စားသုံးရန်မသင့်
---------------------------------------------------
ထားဝယ်၊ ဖေဖော်ဝါရီ ၂ဝ
ထားဝယ်ဒေသဈေးကွက်အတွင်း ပျံ့နှံ့နေသည့် ပုလင်းတွင် အပြာရောင်တံဆိပ်နှင့် ထိုင်းစာပါ ရှာလကာရည်သည် စာသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာသည့် စားသုံးရန်မသင့်သော အစားအစာ အမျိုးအစား ၁၉မျိုးတွင် ထားဝယ်ဒေသ အတွင်း တွင်ကျယ်စွာ အသုံးပြုနေသည့်ပုလင်းတွင် အပြာရောင် တံဆိပ်ပတ်ပါ ရှာလကာရည်များ ပါဝင်လာခြင်းဖြစ်သည်။
“အဲဒီရှာလကာရည်က ဈေးကွက်ထဲမှာ တော်တော်လေး ကျယ်ပြန့်နေတယ်” ဟု တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ တိုင်းတာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင်က
ပြောသည်။
နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်သည့်ယင်းထုတ်ပြန်ချက်တွင် အဆိုပါရှာလကာရည်သည် အဏုဇီဝ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း ဖော်ပြထားသည်။
“အဏုဇီဝ သတ်မှတ်ချက်နဲ့ မညီဘူးဆိုတာက မှိုတက်နေတာဖြစ်နိုင်သလို ဗက်တီးရီးယားတစ်မျိုးမျိုး ပါဝင်နေတာလည်း ဖြစ်နိုင်တယ်။ စားမိရင် အနည်းဆုံးတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ်။ အစာအဆိပ်သင့်တာတွေ
ဖြစ်မယ်။ ရေရှည်အကျိုးသက်ရောက်မှုတွေလည်း ရှိနိုင်တယ်”ဟု
ဒေါက်တာဟိန်းမင်းထက်အောင်က ဆိုသည်။
စားသုံးရန်မသင့်ကြောင်း သတင်းစာတွင် မကြေညာမီ ပြီးခဲ့သည့် ဇန်နဝါရီလလယ်က တိုင်း FDAသို့ ကြိုတင်အကြောင်း ကြားထားပြီး ဇန်နဝါရီလကုန်က ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီးတွင် ဝင်ရောက် စစ်ဆေးခဲ့ကာ မရောင်းချရန် ဖေဖော်ဝါရီလဆန်းတွင် ယင်းဈေးရှိ ဆိုင်ရှင်များ အားလုံးထံ ကြေညာခဲ့သည်ဟု ၄င်းက ပြောသည်။
ထပ်မံ၍ ကွင်းဆင်းစစ်ဆေးရန် အစီအစဉ်ရှိပြီး တွေ့ရှိပါက သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းနှင့် ဆိုင်ရှင်ကို ခံဝန်ကတိလက်မှတ် ထိုးခိုင်းခြင်းတို့ကို လုပ်ဆောင်သွားမည်ဟု ၄င်းကဆိုသည်။
“အဲဒီရှာလကာရည်က သိပ်မချဉ်လို့ မသုံးဘူး။ အခြားဆိုင် တော်တော် များများတော့ သုံးကြတယ်” ဟု မောင်းမကန် ကမ်းခြေမှ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနက စားသုံးရန် မသင့်သည့် အစားအစာများကို အလျဉ်းသင့်သလို ထုတ်ပြန်လေ့ရှိပြီး ယင်းသို့ မထုတ်ပြန်ခင်က တိုင်းအစား အသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဦးစီးဌာနသို့ ကြိုတင် စာပို့လေ့ရှိကာ တိုင်းမှတဆင့် ခရိုင်/မြို့နယ်တိုင်း အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးများကို စစ်ဆေးရန် အကြောင်းကြားလေ့ရှိကြောင်း ယင်းဌာနမှသိရသည်။
တိုင်းအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီက အခါအားလျော်စွာ ဈေးများနှင့် ကျောင်းမုန့် ဈေးတန်းများတွင် ကွင်းဆင်းစစ်ဆေးလေ့ရှိပြီး သံသယဖြစ်ဖွယ်(ဥပမာ-အရောင်တောက်သော) မုန့်များ၊ အစားစာများကို နမူနာယူကာ ရန်ကုန်သို့ပို့ဆောင်ကာ ဓာတ်ခွဲစမ်းသပ်လေ့ရှိပြီး စားသုံးရန် မသင့်ပါက နေပြည်တော်ရှိ တိုင်းအစားအသောက်နှင့်
ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနက သတင်းစာမှတဆင့် စားသုံးရန်မသင့် အစားစာများကို ကြေညာလေ့ရှိကြောင်း ယင်းဌာနထံမှ ဆက်လက်သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment