Friday, February 5, 2016

အောင်ဆန်းစုကြည်နိုင်ငံတော်သစ်

အောင်ဆန်းစုကြည်နိုင်ငံတော်သစ် ============================ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊ ကမ္ဘာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပြယုဂ်၊ စစ်အာဏာရှင်အဆက်ဆက်တို့ကအုပ်စုလိုက်ကံသုံးပါးဖြင့်ချိုးဖဲ့နှိမ်နင်းသေစေချင်ခဲ့သူ၊ ဖခင်ဖြစ်သူကဲ့သို့ပင် အမျိုးသားခေါင်းဆောင်အဆင့်သို့ တက်လှမ်းလာဖွယ်ရှိသော၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုမ်းပြို အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများမလိုလား၊ လက်မခံဘဲစစ်အာဏာရှင်များကစိတ်ကြိုက်အချိန်ယူရေးဆွဲ ပြဋ္ဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသေးသိမ် မှေးမှိန်စေမည့် ကမ္ဘာကျော် စကားတစ်ခွန်းကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကပြောခဲ့သည်။ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)၊တစ်နည်းအားဖြင့်သူ့အားသမ္မတဖြစ်ပိုင်ခွင့်ကိုပိတ်ပင်ထားသည့် ပုဒ်မ၊ တစ်နည်းသူ့အားရည်ရွယ်ရေးသားတားမြစ်ထားသည့် ပုဒ်မကိုကျော်လွန်သည့်စကားတစ်ခွန်းလည်း ဖြစ်သည်၊သမ္မတအထက်ကနေမည်ဟူလို။ မျက်မှောက်မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ကြည့်လျှင်သော်လည်းကောင်း၊ စစ်အစိုးရအဆက်ဆက် နိုင်ငံရေးအခင်းအကျင်းများကို ပြန်ပြောင်းအောက်မေ့လျှင်သော်လည်းကောင်းဒေါ်အောင်ဆန်းစုကြည်သည် သော့ချက်ကျသောနေရာမှာပင်ရှိခဲ့သည်။ ပြည်သူတစ်ရပ်လုံးကိုကိုယ်စားပြုသောမဲဆန္ဒရှင်ပြည်သူအများစုကထောက်ခံမဲပေးခဲ့ကြသော ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်ကားသူလုပ်သမျှ တင့်တယ်သောခေတ်သစ်သို့ ရောက်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းပြည်ပက လေးစားရသောခေတ်သစ်ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဆင့်သို့မသိမသာမှသည်သိသိသာသာသို့ ရောက်လာခဲ့သည်။ နောက်ဆုံးသူ့ကိုခေတ်အဆက်ဆက်၊ နှစ်အဆက်ဆက်ဖိနှိပ်ပိတ်ပင်ထားခဲ့သောစစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေကပင် တွေ့ဆုံဆွေးနွေးခဲ့ရသည်။ လက်ရှိသမ္မတနှင့် တာဝန်မှ အသာတကြည် ဆင်းသွားကြသော လွှတ်တော်ခေါင်းဆောင်များကားစစ်အာဏာရှင်ဟောင်းဆေးစက်ကျရာအရုပ်ထင်ခဲ့ကြသူများဖြစ်သည်မှာအမှန်ဖြစ်ပေရာ ဒေါ်အောင်ဆန်းစုကြည်၏ အနေအထားကိုမှန်းဆနိုင်ပေသည်။ ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ဖူးသော မြန်မာတချို့တွင် ကသိကအောက်ဖြစ်ရသည့် ကိစ္စတစ်ခုရှိသည်။ ပထ၀ီဝင်ဘာသာရပ်ကို မကျေလည်မကျွမ်းကျင်သော နိုင်ငံခြားသားများကိုမိမိတို့မြန်မာနိုင်ငံအားမိတ်ဆက်မရခြင်းပင်ဖြစ်သည်။ ဘားမားဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် မည်သို့မျှ မိတ်ဆက်မရဘဲအခြားတစ်ပါးသော နိုင်ငံတစ်ခုခုနှင့် ထင်မှတ်မှားခံခဲ့ရသည်။ အောင်ဆန်းစုကြည်နိုင်ငံဆိုလျှင် ချက်ချင်းပင် သူတို့၏မျက်လုံးများ ၀င်းပကြည်လင်လာပြီးသိသွားကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပရောက် မြန်မာနိုင်ငံသားများအားထိုကဲ့သို့ပင်အကျိုးပြုခဲ့ဖူးသည်မှာယခုမှသာမဟုတ်ဘဲစစ်အစိုးရအဆက်ဆက်အောက်တွင် နေထိုင်ခဲ့ရစဉ်ကတည်းက ဖြစ်သည်။ သူ့ကြောင့် မြန်မာသည် ကမ္ဘာကအာရုံကျသော နိုင်ငံအဖြစ်သို့ လွန်ခဲ့သော နှစ်အတန်ကြာကပင် ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထင်ရှားသောဥပမာတစ်ခုမှာကမ္ဘာ့နိုင်ငံအချို့သို့ တကြိမ်ပင်ရောက်ခဲသောအမေရိကန်သမ္မတက မြန်မာသို့ နှစ်နှစ်တာကာလအတွင်း နှစ်ကြိမ်လာရောက်ခဲ့သည်။ အာဏာလက်မဲ့ အတိုက်အခံခေါင်းဆောင်တစ်ယောက်ကိုယူကေပါလီမန် (လွှတ်တော်နှစ်ရပ်စလုံး) က ဖိတ်ကြားမိန့်ခွန်းပြောစေသည်။ ကမ္ဘာ့စူပါပါဝါနိုင်ငံအဆင့်သို့ထိုးတက်ရန် ပြင်ဆင်လာသောကွန်မြူနစ်တရုတ်ကသူတို့နှင့် လည်ပင်းဖက် ဆက်ဆံရေးရှိခဲ့သောစစ်အာဏာရှင်များနှင့် အာဏာရှင်လက်ထွက်အစိုးရ၏အငြိုအငြင်ပင်ခံပြီးကမ္ဘာကျော် မြန်မာ့အတိုက်အခံခေါင်းဆောင်ကိုဖိတ်ကြားဧည့်ခံကာ ကောင်းမွန်သော ဆက်ဆံရေးရှိနေစေရန် တင်ကြိုပြင်ဆင်ထားခဲ့သည်။ ပြည်တွင်းတွင်လည်းစစ်အစိုးရလက်ထက်အာဏာရှင်နံပါတ်သုံးဗိုလ်ချုပ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်မဟာမိတ်ပြုပြီး မြန်မာ့ဒီမိုကရေစီခရီးကြမ်း၏ ဘက်တော်သားအသွင် ခံယူခဲ့သည်။ ၂၀၁၆သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်းမှီတင်းနေထိုင်ကြသောတိုင်းရင်းသားပြည်သူတရပ်လုံးအတွက်မင်္ဂလာအပေါင်းဆောင်ကြဉ်းသော နှစ်တစ်နှစ်ဟုယူသော်ရသည်။ ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်လူထုဆန္ဒမဲများဖြင့်ပင် တောင်ပြိုကမ်းပြိုနိုင်ခဲ့သောအင်န်အယ်လ်ဒီဦးဆောင်သည့် လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကိုအင်န်အယ်လ်ဒီမှ ဦးဝင်းမြင့်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာရလဒ်ဖြင့် အများစုအနိုင်ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ခွက်ခွက်လန် ရှုံးသွားခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) မှ ဦးတီခွန်မြတ်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ခန့်အပ်ခဲ့သည်။ ယင်းလုပ်ရပ်မှာဒေါ်အောင်ဆန်းစုကြည် တရစပ်ပြောဆိုနေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို နှုတ်မှမဟုတ်ဘဲလက်တွေ့ဆောင်ရွက်ပြခြင်းဖြစ်သည်။ အမှန်တော့လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌများကိုလွှတ်တော်ကသာ(လွှတ်တော်ကိုယ်စားလှယ်များကသာ)ခန့်အပ်ခဲ့ခြင်းဖြစ်သော်လည်းဒေါ်အောင်ဆန်းစုကြည်၏ဆုံးဖြတ်ချက်ကြောင့်ယင်းရာထူးနေရာများရခဲ့ခြင်းကိုလွှတ်တော်ကျင်းပစဉ်ယင်းပုဂ္ဂိုလ်များကဒေါ်အောင်ဆန်းစုကြည်အားခါးချိုးအရိုအသေပေးနေပုံကို မြင်တွေ့ခဲ့ရသည့်အတွက်ဖြစ်သည်။ သူသည်သာအခရာဖြစ်ကြောင်းတိုင်းသိပြည်သိကမ္ဘာသိဖြစ်စေရန် ထုတ်ဖော်ပြသလိုက်သည်။ ပြည်သူ့လွှတ်တော်အခင်းအကျင်းအရကြည့်လျှင် ပြည်သူအများစုဆန္ဒဖြင့် ပြည်သူအများသည် အောင်ဆန်းစုကြည်နိုင်ငံတော်အောက် မကြာမတင် ခိုလှုံရတော့မည့် သတင်းစကားဖြစ်ဖွယ်ရှိသည်။ တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားအခွင့်အရေးကလည်းအရေးကြီးသည်။ တိုင်းရင်းသားများသည် ညီညွတ်စွာဖြင့် အတူတကွပူးပေါင်းလက်တွဲ၍ ဗြိတိသျှကိုလိုနီထံမှ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာအောင် ၎င်းတို့၏ အခွင့်အရေးများဆုံးရှုံးခဲ့ရသည်။ စစ်အာဏာရှင်များအောက်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်းမရှိဘဲ စစ်ပွဲများဖြင့်သာ ကြုံတွေ့ခဲ့ရပြီး၊ ငြိမ်းချမ်းရေးနှင့်လည်းကင်းလွတ်ခဲ့ရသည်။ မငြိမ်းချမ်းသော ပြည်နယ်များတွင်ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲလူ့အခွင့်အရေးဆုံးရှုံးကာအနိမ့်ဆုံးသောလူသားများအဖြစ် နေထိုင်ခဲ့ရသည်။ ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပခဲ့သောဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သဘာပတိ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ကိုချင်း၊ ကရင်၊ ရခိုင်တိုင်းရင်းသားများကနေရာယူဦးဆောင်ကျင်းပခဲ့သည်ကိုတွေ့ရသည်။ ယင်းမြင်ကွင်းမှာ ဗမာအပါအ၀င် တိုင်းရင်းသားပြည်သူ တရပ်လုံးက မြင်တွေ့လိုသောအခင်းအကျင်းနှင့် မြင်ကွင်းမျိုးဖြစ်သည်။ အရည်အချင်းရှိသော တိုင်းရင်းသား တိုင်းကိုတိုင်းပြည်၏ အရေးအရာများကိုစီမံခန့်ခွဲနိုင်သောနေရာများကိုပေးအပ်ရမည်သာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အင်န်အယ်လ်ဒီသည်အထက်ပါမြင်ကွင်းမျိုးကိုဖန်တီးပြီးနောက်တွင်တိုင်းရင်းသားများ နှစ်ပေါင်းများစွာတောင့်တခဲ့သောကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမျိုးကိုလက်တွေ့မျက်တွေ့ ဆက်လက်ဖော်ဆောင်နိုင်ရေးအရေးကြီးသည်။ အောင်ဆန်းစုကြည်နိုင်ငံတွင်ထိုအခင်းအကျင်းနှင့် မြင်ကွင်းများမနှေးအမြန် ပေါ်ပေါက်လာသော် ကောင်းမွန်ပေမည်။ ``ကျွန်တော်တို့နိုင်ငံဟာတည်နေရာအနေအထားနဲ့သယံဇာတပေါများကြွယ်ဝမှုတို့မှာ ဘယ်နိုင်ငံမှ မီမယ်မထင်ပါဘူး။ အဲဒီအနေအထားအရ ကျွန်တော်တို့နိုင်ငံဟာချမ်းသာကြွယ်ဝပြီးဖွံ့ဖြိုးတိုးတက်ရမယ့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလိုမဖြစ်ခဲ့ပါဘူး`` ဟုဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ် ကရင်တိုင်းရင်းသား မန်းဝင်းခိုင်သန်းက လွှတ်တော်သစ်စတင်သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြောသည်။ လွတ်လပ်ရေးရပြီးနောက်တွင် အာရှနှင့် အရှေ့တောင်အာရှတွင် ချမ်းသာကြွယ်ဝ တင့်တယ်ခဲ့သော မြန်မာနိုင်ငံသည် စစ်အာဏာရှင် အဆက်ဆက်တို့၏ ကိုယ်ကျိုးရှာမှုနှင့် စီမံခန့်ခွဲမှုအလွဲများအောက်တွင် ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများစာရင်းဝင်ခဲ့ပြီး ပြည်သူအများစုနိမ့်ပါးဆင်းရဲခဲ့သည်။ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးများလည်းဆုံးပါးခဲ့ပြီးတိုင်းရင်းသားပြည်သူအများစုသည် ဖိနှိပ်မှုမျိုးစုံအောက်တွင် အရည်အချင်းရှိသလောက် အစွမ်းပြခွင့်မသာဘဲမသေရုံတမည် ရှင်သန်နေထိုင်ခဲ့ရသည်။ ယခုပြည်ထောင်စုလွှတ်တော်သစ်သည် လူထုရွေးချယ်ထောက်ခံသည့် အမတ်ဦးရေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းနိုင်ထားသည့် အင်န်အယ်လ်ဒီလွှတ်တော်ဖြစ်နေပေရာ မြန်မာတိုင်းရင်းသားပြည်သူများဆုံးရှုံးခဲ့သောအခွင့်အရေးများကို ပြန်လည်ဖန်တီးခွင့်သာနိုင်ချေ ရှိနေပေသည်။ ``တည်ဆဲဥပဒေများ၊နည်းဥပဒေများ၊အမိန့်များ၊ ကြေညာချက်များဟာဒီမိုကရေစီကျင့်စဉ်နဲ့ ညီမညီ၊ လူ့အခွင့်အရေးစံနှုန်းများနဲ့ ကိုက်မကိုက်၊ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနဲ့ ဆီလျော်မှု ရှိမရှိ၊ နိုင်ငံတကာစာချုပ်စာတမ်းများနဲ့ အကျုံးဝင်မ၀င်၊ ပြည်သူလူထုအတွက် အကျိုးရှိမရှိ၊ ပြည်သူလူထုရဲ့ ဘ၀လုံခြုံရေးနဲ့ စိတ်လုံခြုံရေးကိုအကာအကွယ် ပေးမပေးတို့ကိုလေ့လာစိစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ပယ်ဖျက်ခြင်း၊အသစ်ရေးဆွဲတို့ကိုဆောင်ရွက်နေကြရမှာဖြစ်ပါတယ်`` ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ် အင်န်အယ်လ်ဒီ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁ ရက်လွှတ်တော်အဖွင့်တွင် ပြောခဲ့သည်။ အင်န်အယ်လ်ဒီလွှတ်တော်များသည် ပြည်သူတို့၏ မူလအခွင့်အရေးနှင့် ရပိုင်ခွင့်များကို ပြည်သူများအား ပြန်လည်ပေးအပ်နိုင်ရန် ကြိုးစားတော့မည့်အသွင်ရှိသည်။ အင်န်အယ်လ်ဒီလွှတ်တော်များသည်အသွင်သဏ္ဍာန်အားဖြင့်ကြည့်သော် ခြင်းခြင်းနီလျက်ရှိပေပြီ၊အနှစ်သာရအားဖြင့်လည်းတိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ သွေးစည်းညီညွတ်မှုကိုလက်တွေ့မျက်တွေ့ဖော်ဆော်ကြရန်သာရှိပေသည်။ ဥပဒေအကန့်အသတ်၊ အခွင့်အရေးအကန့်အသတ်၊ အမူအကျင့်အကန့်အသတ်များကိုရင်ဆိုင်ရဖွယ်ရှိသော်လည်းဆိုခဲ့ပါအတိုင်း နိုင်ငံရေးစိတ်ဆန္ဒရှိပါမူတိုင်းရင်းသားပြည်သူများတစ်ရပ်လုံး၏ နှစ်ပေါင်းများစွာဆာလောင်နေသောလိုအင်ဖြစ်သည့် ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုး၊ တိုးတက်၊ လွတ်လပ်သည့်ကမ္ဘာသိအောင်ဆန်းစုကြည်နိုင်ငံတော်သစ်ဆီသို့ ပြည်သူတစ်ရပ်လုံး၏ လူထုခေါင်းဆောင်စကားနားလည်းထောင်၊ လိုက်လည်းနာ၊ ကျင့်လည်းသုံးဤသုံးနည်းထုံးဖြင့်မကြာအမြန် ရောက်ရှိစေပါမည့်အကြောင်းရှုတွေးသုံးသပ် တင်ပြရသည်။ မျိုးသာထက်

No comments: