Monday, February 1, 2016

မိုးညှင်းမြို့နယ်တွင် ၂၀၁၆ ခုနှစ် ဧပြီလမှစတင်ကာ ပိုလီကာကွယ်ဆေး အမျိုးအစားကို ပြောင်းလဲအသုံးပြုမည်

မိုးညှင်းမြို့နယ်တွင် ၂၀၁၆ ခုနှစ် ဧပြီလမှစတင်ကာ ပိုလီကာကွယ်ဆေး အမျိုးအစားကို ပြောင်းလဲအသုံးပြုမည်
--------- -------- --------

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ၂၀၁၆ ခုနှစ် ဧပြီလမှစတင်ကာ ပိုလီကာကွယ်ဆေး အမျိုးအစားကို ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း မိုးညှင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါဆေးကို တစ်နိုင်ငံလုံးအနေဖြင့် ၁၉၉၉ ခုနှစ် ကတည်းက အသုံးပြုခဲ့သည့် ပိုးအမျိုးအစား သုံးမျိုးပါဝင်သော ကာကွယ်ဆေး trivalent opv-topv မှ ပိုးအမျိုးအစား နှစ်မျိုးပါဝင်သော bivalent OPV-bopv ဆေးသို့ ပြောင်းလဲ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

“ယခုနှစ် ဧပြီလကစလို့ ပိုလီယိုပိုး အမျိုးအစားနှစ်ခု ပါဝင်သော bopv ဆေးသို့ ပြောင်းလဲ အသုံးပြုပြီး မိုးညှင်းမြို့နယ်အနေနဲ့ ပိုလီယိုကင်းစင် နယ်မြေအဖြစ် ဆက်လက် ထိန်းထားနိုင်ဖို့ ရောဂါခုခံစွမ်းအား အမြင့်ဆုံးရောက်ရှိ မြင့်တက်လာအောင် ဆောင်ရွက်သွားမှာပါ” ဟု မိုးညှင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ဇန်နဝါရီ ၃၀ ရက်တွင် မိုးညှင်းပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ဆေး တိုက်နေ့များ အသိပညာပေး ရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘဂုံးနားကျေးရွာတွင် ၂၀၁၅ ခုနှစ် ဧပြီလအတွင်းက အသက် နှစ်နှစ်နှင့် ခြောက်လအရွယ် ကလေးငယ်တစ်ဦး၊ နိုဝင်ဘာလတွင် ငါးခူရရပ်ကွက်နေ အသက်တစ်နှစ် ခြောက်လအရွယ် ကလေးငယ် တစ်ဦးတို့တွင် အသွင်ပြောင်း ပိုလီယိုရောဂါ Tye 2 VDPV (Vaccine Drive Poliovius) ကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့ရသဖြင့် ကာကွယ်ဆေး လွှမ်းခြုံမှု နည်းသော ဒေသများတွင် ပိုလီယိုရောဂါ ပြန်လည် မဖြစ်ပွားစေရန်အတွက် အရှိန်မြင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်း ကျန်းမာရေးဌာန၏ အရှိန်မြှင့်တင် ဆောင်ရွက်မှုများကြောင့် ၂၀၁၇ ခုနှစ်မှ စတင်ကာ ပိုလီယို အရိုင်းပိုး မတွေ့ရှိရသော ပိုလီယိုကင်းစင်သော နယ်မြေအဖြစ် သတ်မှတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“တစ်ကမ္ဘာလုံးနည်းတူ မြန်မာနိုင်ငံမှာလည်း ဧပြီလကစပြီး ပိုလီယိုကာကွယ်ဆေး အသစ်ကို ပြောင်းသုံးပြီး ပိုလီယိုရောဂါပိုး စစ်ဆေးသော ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဓာတ်ခွဲဌာနတွေမှာ သိမ်းဆည်းထားတဲ့ နမူနာများနဲ့ အခြားဓာတ်ခွဲခန်း အားလုံးမှာရှိတဲ့ ဝမ်းနမူနာတွေကို ဖျက်ဆီးပစ်တော့မှာ ဖြစ်ပါတယ်” ဟု မိုးညှင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဦးလှဌေးက ပြောသည်။

၂၀၁၂ ခုနှစ် မေလအတွင်း ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ပိုလီယိုရောဂါ အပြီးသတ် ပပျောက်ရေး လုပ်ငန်းများ ပြီးစီးအောင်မြင်ရေးကို ကမ္ဘာကျန်းမာရေး စီမံကိန်းဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ် ကြေညာချက်အရ မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ Polio Eradication End Game Strategic Plan 2013-2018 ကို ရေးဆွဲခဲ့ပြီး ရည်မှန်းချက် လေးရပ် ချမှတ်ကာ ဆောင်ရွက်လျက် ရှိကြောင်း မိုးညှင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သတင်း - MMK
The Ladies News Journal


No comments: