Monday, February 22, 2016

မြန်မာနယ်စပ် တစ်လျှောက်ရှိ ယာဘ စက်ရုံများကို ဖယ်ရှားပေးရန် ဘင်္ဂလားဒေ့ရှ်တောင်းဆို --------------------------------

မြန်မာနယ်စပ် တစ်လျှောက်ရှိ ယာဘ စက်ရုံများကို ဖယ်ရှားပေးရန် ဘင်္ဂလားဒေ့ရှ်တောင်းဆို ------------------------------------------------- နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းရှိ ယာဘ မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံများကို ဖယ်ရှားပေးရန် လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ခန်းကာမယ် (Asaduzzaman Khan Kamal) ကပြောကြားသည်။ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ ယာဘ မူးယစ်ဆေး ထုတ်လုပ်နေမှုများနှင့် ပတ်သက်ပြီး မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရတို့အကြား ဆွေးနွေးမှုများကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ပြည်ထဲရေးဝန်ကြီး ခန်းကာမယ်က ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် bdnew သတင်းဋ္ဌာနတွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံက ယာဘဆေးပြားများ နှင့် အိန္ဒိယနိုင်ငံက ဖင်ဆီဒိုင်းများ ထုတ်လုပ်နေသောကြောင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ရင်ဆိုင်နေရ ကြောင်း ခန်းကာမယ်ကပြောကြားသည်။ ထို့အပြင် အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ ဖင်ဆီဒိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်ရုံများကို အိန္ဒိယ အစိုးရက ရှင်းလင်းနေပြီး မြန်မာနိုင်ငံဘက်မှလည်း ယာဘ မူးယစ်ဆေး ထုတ်လုပ်သည့် စက်ရုံများ ဖယ်ရှားရေးကို ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း လည်း အဆိုပါ သတင်းဌာနတွင် ဖော်ပြထားသည်။ ယင်းသို့ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ တောင်းဆိုမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က “ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အလံတင် ဆွေးနွေးပွဲတွေမှာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဒါ အမြဲတမ်း ပါပါတယ်။ သူတို့ ဒါကို ဆွေးနွေးခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ရင်တော့ ပြည်ထဲရေးကပဲ ချက်ခြင်း သိနိုင်မယ်၊ ကိုယ်တို့ဆီကိုတော့ ဆွေးနွေးတာပြီးမှ တော်တော်ကြာမှ ဒါတွေက ရောက်လာလေ့ရှိတာပါ” ဟု ဆိုသည်။ အလားတူ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လေ့ရှိသောကြောင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်၊ ထိုင်း၊ လာအို နိုင်ငံတို့ နှင့် မြန်မာနိုင်ငံက ပူးပေါင်းပြီး မဲခေါင် မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နှင်းရေးတို့ကို ပြုလုပ်လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာတွင် ပါကစ္စတန်နိုင်ငံပြီးနောက် ဘိန်းစိုက်ပျိုးမှု နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဒုတိယအဆင့်တွင် ရပ်တည်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများမှ တစ်ဆင့် အာရှ နိုင်ငံ အသီးသီးသို့ ကူးသန်းရောင်းဝယ်လျက်ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု နှိမ်နင်းရေး ရုံး (UNODC) က ထုတ်ပြန်ထားသည်။

No comments: