Sunday, March 22, 2015

တနိုင်းမြို့နယ် တရုံချောင်းကူးတံတားတည်ဆောက်မှု မကြာမီ ပြီးစီးမည် =========================




တနိုင်းမြို့နယ် တရုံချောင်းကူးတံတားတည်ဆောက်မှု မကြာမီ ပြီးစီးမည်
=========================

တနိုင်း မတ် ၂၂

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲ တရုံကျေးရွာအနီးတည်ဆောက်နေသည့် တရုံချောင်းကူးတံတားတည်ဆောက်မှုလုပ်ငန်းများသည် မတ် ၁၇ ရက်တွင် ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကာ မကြာမီအတွင်း တည်ဆောက်မှုအားလုံးပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား-တနိုင်း-နန်းယွန်း-ပန်ဆောင် မော်တော်ကားလမ်းပေါ်၌တည်ရှိသော အဆိုပါတရုံချောင်းကူးတံတားကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ကျေးလက်
ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလက စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် မေလတွင်ဖွင့်လှစ်နိုင်ရန် နေ့ရောညပါ တည်ဆောက်ခဲ့
ကြောင်း သိရသည်။ တံတားမှာ အရှည် ၂ဝဝဝ ပေ၊ အကျယ် ၂၃ ပေ၊ ၂ လမ်းသွား ဘေလီတံတားဖြစ်ကာ ခရိုင်ဆောက်လုပ်ရေးအဖွဲ့၊ ပါဝါဗျူးကုမ္ပဏီနှင့် ဆော့လော်မြို့နယ် ပြည်သူ့
ဆောက်လုပ်ရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။

တံတားတည်ဆောက်ပြီးစီးသွားပါက တနိုင်း၊ နန်းယွန်းနှင့် ပန်ဆောင်မြို့နယ်များအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၏ ဆက်သွယ်သွားလာရေး လွယ်ကူချောမွေ့ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းနှင့်ဓါတ်ပုံများပေးပို့နိုင်ပါပြီ ဘာသာရေးကြော်ငြာများ ပရဟိတပွဲများ အလှူပွဲများအခမဲ့ ကြော်ငြာပေးပါမည် mohnyinnews@gmail.com

No comments: