ပြီးခဲ့တဲ့ စနေနေ့တုန်းက သူငယ်ချင်း တယောက်နဲ့ တွေ့ဆုံ စကားပြောဖြစ်ကြပါတယ်။
သူက ဂျာနယ်တခုမှာ အယ်ဒီတာ လုပ်ပါတယ်။ လူပျိုကြီး တဦးဖြစ်တဲ့ သူငယ်ချင်းနဲ့ ရောက်တတ်ရာရာ ပြောဆိုကြရင်း ဘ၀ အောင်မြင်ရေး အကြောင်း ရောက်သွားပါတယ်။
“ကျနော့်ကို လူပျိုကြီးဆိုပြီး ခနဲ့တဲ့တဲ့ ပြောတာခံနေရတယ်ဗျာ။
ခက်တာက ပြောတာတွေကို မဟုတ်ဘူး ဆိုပြီး ပြန်ပြောဖို့ လည်း မရှိ၊ မခံချင်စိတ်တော့ ရှိနေတယ်၊
ဒါပေမယ့် ဘယ်လို လုပ်ရမှန်းကို မသိဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။
သူ ပြောတာက အိမ်ထောင်ထူဖို့နဲ့ ပတ်သက်နေသလို ဘ၀ အပြောင်းအလဲ နဲ့ ပတ်သက်ပြီး ပြောတာပါ။
ပြောရရင် သူဟာ အပြောင်းအလဲ တခုလုပ်ဖို့ အလွန်လိုလားနေသူပါ။
ဒါပေမယ့် အပြောင်းအလဲကို မလုပ်ရဲဘူး၊ ကြောက်နေတယ်။ အဲဒါပါပဲ။ သူ့လိုပဲ လူငယ်တော်တော်များများလည်း ကြုံတွေ့ဖူးကြမှာပါ။
အများအားဖြင့် လူတွေဟာ နေသားကျမှုမှာပဲ ပျော်နေတတ်ကြပါတယ်။
တဖန် အဲဒီနေသားကျမှုကို ငြီးငွေ့နေပြန်ရော မဟုတ်လား။ ဒါပေမယ့် မစွန့်စားရဲဘူး။
သူ့အဖြစ်က ရှဥ့်ကလေး တကောင်ရဲ့ အဖြစ်နဲ့ တူနေပါတယ်။
တခါက ရှဥ့်ကလေး တကောင်ဟာ ကွင်းပြင်ကျယ်ကြီးရဲ့ အလယ်က မန်ကျည်းပင်မြင့်ကြီးပေါ်မှာ နေထိုင်တယ်။
အဲဒီကွင်းပြင်ကြီး အလွန်မှာတော့ ငှက်ပျောပင်တွေ၊ မာလကာပင်တွေ၊ ဒူးရင်းပင်တွေ၊ ပိန္နဲပင်တွေ၊ အုန်းပင်တွေ၊ ထန်းပင်တွေ နဲ့ အခြား အသီးစုံ အပင်စုံ ရှိနေပါတယ်။
ဒါပေမယ့် အဲဒီရှဥ့်ကလေးဟာ ကွင်းပြင်ကို ဖြတ်ပြီး အဲဒီ ချိုမွှေးအရသာရှိတဲ့ အသီးစုံ အပင်စုံ ရှိရာကို မသွားရဲရှာဘူးတဲ့။
ဘာဖြစ်လို့လဲဆိုတော့ ကွင်းပြင်ဖြတ်နေတုန်း အမဲလိုက်ခွေးတွေ၊ လူတွေ နဲ့ တွေ့ပြီး သတ်ဖြတ်ခံရမှာကို ကြောက်လန့်နေလို့တဲ့။
အဲဒါကြောင့် ရှဥ့်ကလေးဟာ အလွန်ချဉ်လှတဲ့ မန်ကျည်းသီးတွေပဲ နေ့စဉ်နဲ့ အမျှ စားနေရတော့ တာပေါ့။
ဒါပေမယ့် အရသာရှိတဲ့ အသီးစုံ အပင်စုံဆီက မွှေးပျံ့တဲ့ အနံ့ရောက်လာတိုင်း စားချင်စိတ်က ရှိနေသတဲ့။ ဒါပေမယ့် မသွားရဲဘူး၊ မဖြတ်ရဲဘူး ကြောက်ရွံ့နေတယ်။
ဒီလိုနဲ့ စားချင်စိတ်ပဲ ရှိနေပြီး စားရအောင် ဘယ်လို လုပ်ရင် ရမလဲဆိုတာ မတွေးမိဘဲ ရက်လ အတော်ကြာသွားခဲ့ရတယ်။
ဒီလိုနဲ့ ရှဥ့်ကလေးဟာ တနေ့မှာတော့ သေချင်သေပေစေ ငါ စွန့်စားမယ်၊ ဒီကွင်းကို ဖြတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်သတဲ့။
ရှဥ့်ကလေးဟာ မန်ကျည်းပင်ကြီးရဲ့ အမြင့်အခေါင်ဆုံး ကိုင်ဖျားကို တက်လိုက်တယ်။
ပြီးတော့မှ လေထဲမှာ လှုပ်ယမ်း အားယူ၊ တအား လွှဲလိုက်ပြီး ကွင်းပြင်အစပ်ကို လေထဲကနေ ခုန်ချလိုက်သတဲ့။
ကံအားလျော်စွာပါပဲ ရှဥ့်ကလေးဟာ ကွင်းပြင် အစပ်က ငှက်ပျောပင်လေးရဲ့ ကိုင်းဖျားလေးကို သူ့လက်ကလေးနဲ့ ဖမ်းဆုပ်မိသွားတယ်။
ကိုင်းဖျားဆိုတော့ သူ့ အလေးချိန်အတိုင်း အောက်ကို ကွေးညွတ်ကိုင်းကျသွားတာပေါ့။
အဲဒီမှာ အောက်မှာရှိနေတဲ့ အစွယ်ဖွေးဖွေး ခွေးတွေကို တွေ့ရော… သူဟာ ကိုင်းဖျားကနေ အပေါ်ဖက် အမြန်ပြေးတက်လိုက်တယ်။
သူဟာ အန္တရာယ်တွေကို စွန့်စားကျော်လွှားနိုင်ခဲ့ပါပြီ။ ပြီးတော့ သူအလိုရှိတဲ့ အရသာကောင်းတဲ့ သစ်သီးမျိုးစုံလည်း အားပါးတရ စားသောက်နိုင်သွားသတဲ့။
အပြောင်းအလဲနဲ့ စွန့်စားမှု ရှိဖို့ အဲဒီလိုပဲ အောင်မြင်ချင်တဲ့ လူငယ်တိုင်းဟာ ကိုယ့်အတွက် နေ့တိုင်း မန်ကျည်းသီးချည့် စားနေရတယ်ဆိုရင် ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်း အသီးအပွင့်တွေဆီ မဖြစ်မနေ စွန့်စားရမှာပါပဲ။
မစွန့်စားရင်တော့… အချဉ်သီးတွေပဲ စိတ်မပါ လက်မပါ စားနေရမှာ သေချာပါတယ်။ ဒီတော့ ထပ်ဆင့်ပြီး နည်းနည်း ပြောပါဦးမယ်။
The life meant growth and change and challenge, and those are painful things – but that only those who dare to love, despite the pain were the true inheritors of humanity's dreams of greatness. တဲ့။ ဘ၀ဆိုတဲ့ အထဲမှာ ရှင်သန်မယ်၊ ပြောင်းလဲမယ်၊ စိန်ခေါ်မှုတွေ ရှိနေတယ်။ အဲဒါတွေဟာ ထိခိုက်နာကျင် ခံစားရမှု တွေ ဖြစ်စေနိုင်ပေမယ့် နာကျင်ခံစား ရတာတွေကို ဘ၀ရဲ့ အား အဖြစ် ခံယူကျင့်သုံးနိုင်ရင် ကြီးမြတ်တဲ့ လူသား ဖြစ်တည်မှုရဲ့ အိပ်မက်တွေကို ဆက်ခံပိုင်ဆိုင်သူပါပဲ တဲ့။
ဒီစကားတွေကို ချုပ်ကြည့်အောင်ပါ။
လောကမှာ လိုချင်ရင် ရင်းနှီး၊ ရအောင်လုပ်နိုင်တာ အရည်အချင်းပဲ လို့ ဆိုရင် ပြည့်စုံမယ်ထင်ပါတယ်။
ဒီတော့ အောင်မြင်ချင်တဲ့ လူငယ်ဆိုတာ ဘ၀မှာ လိုချင်တာ ရချင်တာ ကို သေသေချာချာ မြင်အောင် ကြည့်၊ အဲဒီ လိုချင်တာ ရချင်တာအတွက် ဘယ်လိုလုပ်ရင် ရနိုင်တယ်၊
ဘယ်လို နည်းလမ်းသုံးမယ်ဆိုတာ စဉ်းစား။ ပြီတော့မှ အောင်မြင်ရရှိချင်စိတ်နဲ့ စွန့်စားလုပ်ဆောင်ပါ။
ဒါကတော့ ဗျာ.. မသေချာဘဲနဲ့ မစွန့်စားချင်ဘူးဗျ။ သေချာမှ စွန့်စားမှ ဖြစ်မှာဗျ လို့ ပြန်ပြောပါတယ်။
တကယ်တော့ သေချာနေမှတော့ ဘာမှ စွန့်စားစရာ မလိုဘူးလေ။
စွန့်စားတယ်ဆိုတာ… အလိုရှိရာ ရရှိဖို့ စွန့်လွှတ်နိုင်သလို အလိုရှိရာ ရရှိ စားသောက် ပိုင်ဆိုင်နိုင်အောင် မရေရာ မသေချာပေမယ့် လုပ်ကိုင်အောင်မြင်အောင် လုပ်ကိုင်ရဲတဲ့ အစွမ်းသတ္တိနဲ့ ပြည့်စုံသူပါပဲ။
No comments:
Post a Comment