Friday, August 29, 2014

"ရိုဟင်ဂျာဟုဆိုသူများနှင့် လုံးဝဆွေးနွေးမည် မဟုတ်ကြောင်း၊ ပြန်လည်နေရာ ချထားပေးရေးနှင့် နေအိမ်များ တည်ဆောက်ပေးရန် လက်ရှိတွင် အစီအစဉ် မရှိသေးကြောင်း" ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြောကြား

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မရှိကြောင်းကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ထုတ်ပြန်ထားသည့်အတွက် လက်ရှိတွင် ရိုဟင်ဂျာဟုဆိုသူများနှင့် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် လုံးဝဆွေးနွေးသွားမည် မဟုတ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဩဂုတ် ၂၆ ရက် ညနေပိုင်းက ဒေသခံလူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

“မောင်တောမှာလည်း ကျွန်တော်ပြောခဲ့တယ်။ ရိုဟင်ဂျာလုပ်ချင်တာလား၊ နိုင်ငံသားစိစစ်ပြီးမှ နိုင်ငံသားကတ်ကို ရချင်တာလားပေါ့။ ရိုဟင်ဂျာဖြစ်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့နဲ့ စကားပြောစရာ အကြောင်းမရှိဘူး။ နိုင်ငံသားဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ဘင်္ဂါလီများအနေနဲ့ ယနေ့ကျွန်တော်တို့ သတ်မှတ်တဲ့ ၈၂ ဥပဒေအရ စစ်ဆေးခံပြီး နိုင်ငံသား ဖြစ်ချင်တယ်ဆိုရင်တော့ ကမ္ဘာကိုကြော်ငြာပြီး လုပ်သွားမယ်။ ဒီအတိုင်းဆိုရင်တော့ ကျွန်တော်တို့ စဉ်းစားရလိမ့်မယ်။ ဒီလိုချည်းသာ မြန်မာနိုင်ငံမှာ မရှိတဲ့လူမျိုးကို ကျွန်တော် လုံးဝလက်မခံဘူး။ ဒီနေ့အမျိုးမျိုးသော ပယောဂတွေ၊ နောက်ကွယ်က လှုပ်ရှားမှုတွေ အစွန်းရောက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေကိုတော့ ကျွန်တော်မသိဘူး။ အချိန်ကြာလာရင်တော့ ခင်ဗျားတို့ပဲ နစ်နာမှာဖြစ်တယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ကတော့ ဥပဒေဘောင်အတွင်းက တိတိကျကျမှန်မှန်ကန် ဆောင်ရွက်ပေးနေတယ်။ ဥပဒေအပြင်မှာနေရင် ဥပဒေအပြင်ရဲ့ ဆိုးကျိုးကိုခံစားရမယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဆိုသည်။

အလားတူစွာပင် နိုင်ငံသားဖြစ်ထိုက်ဖြစ်သင့်သူများကို နိုင်ငံသားဖြစ်ခွင့် ပေးသည်မှာ ပြဿနာမရှိနိုင်ကြောင်း၊ ဥပဒေဘောင်အတွင်းမှာနေလျှင် ဥပဒေ၏အကျိုးကိုခံစားရမည် ဖြစ်ကြောင်းနှင့် လက်ရှိရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများနှင့် ပတ်သက်ပြီး နေရာချထားပေးရေး၊ နေအိမ်များဆောက်လုပ်ပေးရေး လုပ်ငန်းများကို အစီအစဉ်ဆွဲခြင်း မရှိသကဲ့သို့ စောင့်ကြည့်ဆဲသာ ဖြစ်ကြောင်း၊ မကြာခင်ကာလကလည်း မောင်တောမြို့နယ် တောင်ပိုင်းတွင် ပစ္စတိုသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပျားအုံကိုတုတ်ဖြင့် ထိုးလျှင် ပျားတုပ်နိုင်ကြောင်းနှင့် အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်းက မျက်နှာမလိုက်ဘဲ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း အဆိုပါတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားသည်။

လက်ရှိ မြေပုံမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့မှုများရှိနေပြီး ပြည်နယ်အဆင့်စိစစ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ လက်ရှိတွင်နိုင်ငံတကာ အဖွဲ့အစည်းများအား နေအိမ်များ ဆောက်လုပ်ငှားရမ်းထားရန် အစီအစဉ်ရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများတွင် နေအိမ်များလိုအပ်ချက်၊ ဂိုဒေါင်လိုအပ်ချက်များ ရှိနေသဖြင့် ထိုသို့စဉ်းစားရခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

“လက်ရှိရခိုင်ပြည်နယ်ရဲ့အနာဂတ်ဟာ အရေးကြီးလာပြီဖြစ်တယ်။ ဒါကြောင့် ပြည်ထောင်စုအဆင့် အရေးကြီးတဲ့နေရာအဖြစ် သတ်မှတ်ထားတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီအားလုံးကို နိုင်ငံသားဖြစ်မဖြစ် စစ်ဆေးမယ်ဆိုရင် အချိန်ကြာနေမှာဖြစ်တယ်။ Action Plan ထဲမှာပါတဲ့အတိုင်း လုပ်ကိုင်သွားမှာဖြစ်တယ်။ အကောင်းဆုံး ဖြစ်အောင်တော့ အားလုံးနဲ့ဆွေးနွေးပြီး လုပ်ကိုင်သွားမှာဖြစ်တယ်။ မကောင်းတဲ့စိတ်ကို ပယ်ဖျက်ဖို့လိုတယ်။ အတွေးအခေါ်ကောင်းတွေ မွေးဖွားဖို့လိုမယ်။ ဘာလုပ်သင့်တယ် ဆိုတာကို ထည့်တွက်စဉ်းစားရမယ်” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိရခိုင်အရေးသည် လွန်စွာစိတ်ဝင်စားမှု မြင့်မားနေကြောင်းနှင့် နိုင်ငံတကာဖိအားများလည်း ရှိလာနိုင်ကြောင်း ထို့ကြောင့် ယင်းကိစ္စများကို မေ့ထား၍ မရနိုင်သဖြင့် ကယ်ဆယ်ရေးစခန်းများအား ပယ်ဖျက်ပြီး ကျေးရွာအဖြစ်ထားလျှင် ကောင်းမကောင်းကိုလည်း စဉ်းစားနေကြရကြောင်းနှင့် အများလက်ခံနိုင်သည့် အတိုင်းအတာများကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံသားဖြစ်မဖြစ် စိစစ်ခြင်းလုပ်ငန်း အခြေအနေကို စောင့်ကြည့်ပြီးမှသာ လုပ်ကိုင်သွားရန် ရှိကြောင်းလည်း ပြောကြားခဲ့သည်။

သန်းလှိုင်(စစ်တွေ)

No comments: