Wednesday, August 27, 2014

ဦးစိုးမြင့် (မေတ္တာရှင်၊ ရွှေပြည်သာ)၏ အိမ်ထောင်ဖက်နှင့် ပတ်သက်၍ ထွက်ပေါ်သည့် သတင်းများ လုံးဝမှားယွင်းနေ သြဂုတ် ၂၇ ရက်၊ ၂၀၁၄ ခုနှစ် “ငါလူဝတ်လဲတဲ့ ရည်ရွယ်ချက်က လူမှုအကျိုးပြု ပရဟိတ အလုပ်တွေကို အားစိုက်ပြီး လုပ်ချင်လို့ လူဝတ်လဲလိုက်တာပါ၊ လောကီ ကာမဂုဏ် ခံစားချင်လို့ မဟုတ်ပါဘူး” ဦးစိုးမြင့် (မေတ္တာရှင်၊ ရွှေပြည်သာ) မကြာမီ ကာလကပင် လူဝတ်လဲသွားခဲ့သော ဦးစိုးမြင့်(မေတ္တာရှင်၊ ရွှေပြည်သာ)၏ အိမ်ထောင်ရေး နောက်ဆက်တွဲများနှင့် ပတ်သတ်၍ လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြနေသော အကြောင်းအရာများ အားလုံးမှာ လုံးဝ မှားယွင်းနေကြောင်းနှင့် လူဝတ်လဲခဲ့ပြီး ဖြစ်သော်လည်း ဦးစိုးမြင့် (အရှင်ဇ၀န-မေတ္တာရှင်၊ ရွှေပြည်သာ)မှာ ငါးပါးသီလ လုံစွာဖြင့်သာ ဘ၀ကို ရပ်တည်လျှက် ရှိနေကြောင်း ဦးစိုးမြင့်၏ ညီအရင်းဖြစ်သူ ဦးစိုးတင့်(ညီမေတ္တာ)မှ Tomorrow ဂျာနယ်သို့ တရားဝင် ပြောကြားခဲ့သည်။ “အခုချိန်မှာ လူဝတ်လဲသွားတဲ့ ကိစ္စအပေါ်မှာ ပြည်သူတစ်ချို့နဲ့ ဒကာ၊ ဒကာမတွေက အရမ်း စိတ်မကောင်းဖြစ်ပြီး ၀မ်းနည်းနေမှာ သိပါတယ်၊ ဒီလိုမျိုး အပြင်က ယုံကြည်ကြသူတွေ၊ ကိုးကွယ်ခဲ့သူတွေတောင် နှမြောတသ ၀မ်းနည်းနေတာ မိသားစုဆိုရင်တော့ စဉ်းစားသာကြည့်ပါတော့၊ ရင်နဲ့ မဆံ့အောင် ခံစားနေရဆဲပါပဲ၊ ဒီအချိန်မှာ အိမ်ထောင်ရေး အခြေဆိုတာကို ပြောကို မပြောချင်တာပါ၊ ဘာကြောင့်လဲဆိုတော့ အခုချိန်မှာ ထွက်ပေါ်နေသမျှ အားလုံးဟာ လုံးဝကို မှားယွင်းနေလို့ပါပဲ၊ ပြောနိုင်တာ တစ်ခုကတော့ ဦးစိုးမြင့်ရဲ့ အမျိုးသမီးဟာ ဗုဒ္ဓဘာသာဝင် အမျိုးကောင်း သမီးတစ်ဦး ဖြစ်ပါတယ်၊ လူမှုကွန်ယက်တွေမှာ ပြောဆိုနေသလိုမျိုး ကိစ္စရပ်တွေ လုံးဝမရှိပါဘူး”ဟု ဦးစိုးမြင့်၏ ညီ အရင်းဖြစ်သူ ဦးစိုးတင့်(ညီမေတ္တာ)မှ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းမှာ Tomorrow ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၃) စာမျက်နှာ (၂)တွင် ဖော်ပြပါရှိခဲ့သော သတင်းနှင့်ပတ်သတ်၍ Tomorrow ဂျာနယ်မှ တာဝန်ရှိသူများ သွားရောက်တွေ့စဉ် တရားဝင် ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်ကာ လူမှုကွန်ယက်တွင် ထွက်ပေါ်နေခဲ့သော ဦးစိုးမြင့်၏ အိမ်ထောင်ဘက်မှာ အိမ်ထောင်ရှိ၊ ကလေးနှစ်ယောက် မိခင်ဖြစ်သည်ဆိုသည့် သတင်းမှာ လုံးဝ မှားယွင်းနေကြောင်းနှင့် လူမှုစာမျက်နှာများတွင် ယင်းသို့ဖော်ပြနေခြင်းမှာ ဦးစိုးမြင့်၏ ဂုဏ်သိက္ခာအား ကျဆင်းစေကြောင်း၊ ဦးစိုးမြင့်၏ အိမ်ထောင်ဘက်မှာ ဦးစိုးမြင့်အား ကူညီပေးရန် အတွက်သာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စွပ်စွဲနေသကဲ့သို့ လုံးဝမဟုတ်ကြောင်းလည်း သိရသည်။ “အဲ့ဒီသတင်းကို မြင်တော့ ဦးစိုးမြင့်က တော်တော် စိတ်မကောင်း ဖြစ်သွားတယ်၊ အော် ငါဟာ ဒီသတင်းအရဆိုရင် ငါးပါးသီလတောင် မလုံသလို ဖြစ်နေပါရော့လားလို့ ဆိုပြီး အတော်လေး စိတ်ထိခိုက်သွားတယ်၊ လူဝတ်လဲဖြစ်တာကို အားလုံးကိုလည်း သူကိုယ်တိုင် ရှင်းပြပြီးသားပါပဲ၊ သူက ဂန္ဓ၀င် စာပေမျိုး ရေးချင်တယ်၊ အဲ့ဒီလိုရေးတဲ့ အခါမှာ ဘုန်းကြီးဝတ်နဲ့ဆိုရင် အစစ အရာရာမှာ ထိန်းပြီး ရေးသားရမှာဖြစ်တဲ့ အတွက် အရေးသားပိုင်းမှာ ရသမြောက်အောင် မရေးနိုင်မှာ စိုးရိမ်တယ်၊ သူလုပ်ချင်တာကလည်း ဂျာမနီမှာ စာအုပ်ထုတ်နိုင်တဲ့အထိ လုပ်ချင်တာလေ၊ နောက်တစ်ခုက အရင် ကတည်းက ၂၀၁၅အလွန်ကျရင် လူဝတ်လဲပြီး ဂျာမနီမှာ စာရေးပြီး စာအုပ်ထုတ်ဖို့ အစီစဉ်လည်းရှိပြီး ဖြစ်နေတာကြောင့်ရယ် အကြောင်းတွေ တိုက်ဆိုင်သွားလို့ တစ်ခါတည်းပဲ လူဝတ်လဲခဲ့ရတာပါ။ အားလုံး သိတဲ့အတိုင်းပါပဲ ဆရာတော်ဟာ အသက်ငါးဆယ်အရွယ်၊ ပြီးတော့ ခြေထောက်ကလည်း မသန်တဲ့သူပါ၊ အဲ့ဒီလို အခြေနေမှာ သူဖြစ်ချင်တဲ့ အရာတွေအတွက် အနားမှာ အစစ ဖေးကူပေးနိုင်မယ့်သူကို ရွေးချယ်ပြီးတော့ လက်တွဲဖြစ်ခဲ့တာပါ၊ သူကအခုပြောတယ်၊ “ငါလူဝတ်လဲတဲ့ ရည်ရွယ်ချက်က လူမှုအကျိုးပြု ပရဟိတ အလုပ်တွေကို အားစိုက်ပြီး လုပ်ချင်လို့ လူဝတ်လဲလိုက်တာပါ၊ လောကီ ကာမဂုဏ် ခံစားချင်လို့ မဟုတ်ပါဘူးတဲ့”ဟု ဦးစိုးတင့်(ညီမေတ္တာ)မှ ဆက်၍ ပြောကြားခဲ့သည်။ ဦးစိုးမြင့်နှင့် ပတ်သတ်၍ ထွက်ပေါ်နေသော သတင်းများတွင် အိမ်ထောင်ဘက်မှာ ဆရာဝန်မ ဖြစ်သည် ဆိုသည့် သတင်းများ၊ အိမ်ထောက်ဘက်မှာ ဆရာတော်အား အမျိုးစုံ သွေးဆောင်ကာ လူဝတ်လဲစေခဲ့သည်ဆိုသည့် သတင်းများ အားလုံးမှာ မှားယွင်းနေကြောင်း၊ ယင်းဖြစ်ရပ်များမှာ ဦးစိုးမြင့် လူဝတ်လဲခြင်းအပေါ် နှမြောတသ ဖြစ်ရာမှ ထင်မိမြင်ရာ ထွက်ပေါ်လာနေသော ကောလဟာလများသာ ဖြစ်ကြောင်းလည်း သိရသည်။ “ဦးဇင်း အနေနဲ့ အခု ကိစ္စနဲ့ ပတ်သတ်လို့ “အစင်ကြယ်ဆုံး ကုစားခြင်း”ဆိုတဲ့ ဆောင်းပါးမှာ ရေးသားထားတာတွေ အများကြီး ရှိပါတယ်၊ ဦးဇင်းတို့ဆိုရင် ဦးစိုးမြင့်ကို မြင်ယောင်ကြည့်တိုင်း ကိုယ့်ရဲ့ ဆရာသမား ဆရာတော် တစ်ပါး အဖြစ်သာ မျက်လုံးထဲမှာ မြင်ကျန်ရစ်နေဆဲပါ၊ ဒါပေမယ့် အခုချိန်မှာတော့ သူက လူတစ်ယောက် အနေနဲ့ ဖြစ်သွားပါပြီ၊ ဒါ့ကြောင့် သူ့ကို လူတစ်ယောက်ရဲ့ အခွင့်အရေး အတိုင်းသာ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်စေချင်ပါတယ်၊ သူဟာ ရဟန်း ဘ၀ စွန့်ချိန် ဘယ်လောက် စင်ကြယ်ခဲ့သလဲဆိုရင် ရဟန်းဘ၀က ရရှိထားတဲ့ အလှူငွေတွေကို တစ်စွန်းတစ်စမျှ မတို့မထိပဲ၊ အားလုံးကို စီစဉ်ပေးပြီး ထားရစ်လှူဒါန်းခဲ့တာပါ၊ သူ့ရဲ့ဆရာတော် ဘ၀က အရာရာကို စွန့်ထားရစ်ခဲ့ပါတယ်၊”ဟု မန္တလေး ကျောင်းတိုက်၊ ရွှေပြည်သာမှ တိုက်အုပ် ဆရာတော် ဦးဣန္ဒကမှ မိန့်ကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သတ်၍ ဦးစိုးမြင့်(မေတ္တာရှင်၊ ရွှေပြည်သာ)အား ယုံကြည်စွာ ကိုးကွယ်ခဲ့သူ တစ်ဦးမှလည်း “အဲ့ဒီ သတင်းတွေအပေါ် တစ်ကယ်ကို မယုံကြည်ခဲ့ပါဘူး၊ ပြောနေတာတော့ အမျိုးစုံကို ကြားနေရတာပါပဲ၊ ဆရာတော်ကို အခုထိ ယုံကြည်နေတုန်းပါ၊ ရေးသားထားတဲ့ စာပေတွေကိုလည်း လေးစားပါတယ်၊”ဟု ပြောကြားခဲ့သည်။ Tomorrow

No comments: