Wednesday, August 27, 2014

အရှေ့တောင်အာရှနှင့် အကြမ်းဖက်မှု အန္တရာယ်


သြဂုတ် ၁၉ ရက်တွင် မလေးရှားရဲတပ်ဖွဲ့သည် အီရတ်နိုင်ငံအစွန်းရောက်ဂျီဟတ်အဖွဲ့ IS အဖွဲ့ဦးစီးသော အစ္စလာမ်မစ် စစ်သွေးကြွများ၏ ဗုံးပေါက်ကွဲမှုများ ပြုလုပ်မည့် အစီအစဉ်များကို ဟန့်တားလိုက်နိုင်ကြောင်း မလေးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းစစ်သွေးကြွ ၁၉ ဦးက ဧပြီလနှင့် ဇွန်လတွင် စားသောက်ဆိုင်များ၊ နိုက်ကလပ်များနှင့် မလေးရှားတွင် ဖွင့်လှစ်ထားသော ဒိန်းမတ်အခြေစိုက် ကားလ်စဘတ်ဘီယာစက်ရုံတို့ကို ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံရှိ နယ်မြေများတွင် အရှေ့တောင်အာရှ အစ္စလာမ်မစ် ဘာသာရေး နိုင်ငံတစ်နိုင်ငံတည်ထောင်ရန် ရည်ရွယ်နေသော သဘောထား တင်းမာပြီး မလေးရှားနိုင်ငံသားများ ပါဝင်ဖွဲ့စည်းထားသည့်အဖွဲ့သည် ဆီရီးယားနိုင်ငံသို့ သွားရောက်ကာ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS ထံမှ ဗုံးလုပ်နည်း၊ လက်နက်သင်တန်းများ တက်ရောက်ရန် ဆီးရီးယားသို့ ထွက်ခွာမည့် လူများ ဖြစ်သည်။

ထို့အပြင် မလေးရှားနှင့် အင်ဒိုနီးရှား အစိုးရများကလည်း အစ္စလာမ်မစ်စစ်သွေးကြွများ၏ အကြမ်းဖက်မှု အန္တရာယ်များ ပေါ်ပေါက်လာနိုင်သည်ဟု သတိပေးထားသည်။ အစ္စလာမ်မစ်နိုင်ငံတော် စစ်သွေးကြွများက မလေးရှားနှင့် အင်ဒိုနီးရှားတွင် ကျင့်သုံးနေသော နိုင်ငံရေးစနစ်သည် အစ္စလာမ်ဘာသာရေးအရ အုပ်ချုပ်သော ရှရီလာဥပဒေအပေါ် အခြေခံထားခြင်း မဟုတ်ဘဲ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားခြင်းကြောင့် ယင်းနှစ်နိုင်ငံမှ အစိုးရကို ပြုတ်ကျအောင် အကြမ်းဖက် တိုက်ခိုက်ရမည်ဟု ဆော်သြထားသည်။

ယင်းအချက်များကို ကြည့်ပါက အစ္စလာမ်မစ်အစွန်းရောက်များသည် တစ်နည်းမဟုတ်တစ်နည်း အရှေ့တောင်အာရှကို စိတ်ဝင်စားနေသည်မှာ ထင်ရှားသည်။ အီရတ်နှင့် ဆီးရီးယားတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့တွင် အရှေ့တောင်အာရှမှ နိုင်ငံသားတစ်ချို့ ပါဝင်တိုက်ခိုက်နေခြင်းကလည်း အရှေ့တောင်အာရှတွင် ၎င်းတို့၏ ကွန်ရက် ပျံ့နှံ့လာနေသည်ကို ဖော်ပြနေသည်။ သြစတြေးလျအပါအ၀င် မလေးရှား၊ အင်ဒိုနီးရှားမှ နိုင်ငံသားများ ပါဝင်နေခြင်းက ၎င်းတို့နှင့်အတူ အစ္စလာမ်မစ်အကြမ်းဖက် ကွန်ရက်ပျံ့နှံ့လာမည်ကို စိုးရိမ်နေရသည်။

ထို့ကြောင့် အရှေ့တောင်အာရှ အစိုးရများအနေဖြင့် အစိုးရအချင်းချင်းကြား အကြမ်းဖက်သမားများ သတင်းကို ဖလှယ်ခြင်း၊ ထိန်းချုပ်ခြင်း အပါအ၀င် အရှေ့တောင်အာရှသို့ ယင်းတို့ ကွန်ရက်တိုးချဲ့မလာအောင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းအဖွဲ့၏ အန္တရာယ်ကို သိမြင်သည့် အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်းဘန်းက အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာခေါင်းဆောင်များ အတူတကွ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

သြဂုတ် ၁၅ ရက်က ဖေ့ဘွတ်လူမှုကွန်ယက်တွင် We are Islamic State ဟု အမည်ပေးထားသော စာမျက်နှာမှ အင်ဒိုနီးရှားနိုင်ငံရှိ ကမ္ဘာကျော် ဗောရောဗုဓော စေတီတော်ကြီးကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့ကို တပ်လှန့်ထားရပြီး လုံခြုံရေးအစီအစဉ်များ တင်းကျပ်ထားရသည်။ ထို့အပြင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် ကွန်ရက်များ ရှိသော ဂျမားခ်ျအစ္စလာမ်မီးယားခ်ျအဖွဲ့နှင့် ဆက်စပ်မှုရှိနိုင်သည်။ ထို့အပြင် IS အဖွဲ့သည် သာမန်အကြမ်းဖက်အဖွဲ့များထက် ငွေကြေးအင်အား၊ နည်းပညာနှင့် အခြားအကြမ်းဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုတွင် ပိုမိုအားကောင်းသည်ကို တွေ့ရသည်။ ယင်းအဖွဲ့သည် ဘဏ္ဍာရေးအင်အား တောင့်တင်းသောကြောင့် တိုက်ပွဲဝင်သူများကို တစ်လလျှင် ဒေါ်လာ ၂၅၀ ခန့် လစာ ပေးထားနိုင်သည်။ အင်ဒိုနီးရှားမှ ၅၆ ဦးသည် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့တွင် ပါဝင်တိုက်ခိုက်နေပြီး အကယ်၍ ၎င်းတုံ့ပြန်လာပါက ၎င်းတို့နှင့်အတူ အကြမ်းဖက်ကွန်ရက်များ၊ အကြမ်းဖက် တိုက်ခိုက်မှု အတွေ့အကြုံများပါ ပါလာမည်ဖြစ်သည်။

အစ္စလာမ်မစ်နိုင်ငံတော် IS ဟု ယခု ခေါ်ဆိုနေသော ယင်းအဖွဲ့သည် ယခင်က အစ္စလာမ်မစ် အီရတ်နိုင်ငံတော်နှင့် မြေထဲပင်လယ်အနီးအနားရှိ နိုင်ငံများအဖွဲ့ISIS ဟု ယခင်က ခေါ်ပြီး ယင်းအဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအချို့ကို သိမ်းပိုက်ကာ တရားဝင် အသိအမှတ်ပြုခြင်း မခံရသော နယ်ပယ်တစ်ခုကို နိုင်ငံအဖြစ် တည်ထောင်ထားပြီး အစ္စလာမ်ဘာသာရေး ဥပဒေများဖြင့် သိမ်းပိုက်နယ်မြေများကို အုပ်ချုပ်နေသည်။ အထူးသဖြင့် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားနိုင်ငံများတွင် လှုပ်ရှားမှု လွှမ်းမိုးထားသော ဂျီဟတ် စစ်သွေးကြွအုပ်စု တစ်ခု ဖြစ်သည်။

အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့သည် အရှေ့တောင်အာရှမှ အတွေ့အကြုံကြွယ်ဝသော စစ်သွေးကြွများကိုသာမက ကမ္ဘာတစ်ဝန်းမှ စစ်သွေးကြွများကိုပါ စည်းရုံး ဆွဲဆောင်နေသည်။ အထူးသဖြင့် ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အာဖဂန်နစ္စတန်မှ စစ်သွေးကြွများကို ဆွဲဆောင်နေသည်။

ထို့ကြောင့် ၎င်းတို့သည် အင်ဒိုနီးရှားတွင်သာမက အခြားအရှေ့တောင်အာရှနိုင်ငံများတွင် အကြမ်းဖက်ခြေလှမ်းကို လှမ်းရန် ပြင်ဆင်နေသည်မှာ သိသာနေသည်။ ထို့ကြောင့်လည်း အင်ဒိုနီးရှားသမ္မတ ဆူဆီးလ်လိုဘန်ဘန် ယွတ်ဒိုယိုနို က အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်များအနေဖြင့် အစွန်းရောက်ဝါဒအား တိုက်ဖျက်ရေးတွင် စည်းလုံးညီညွတ်ကြရန်လည်း တိုက်တွန်းထားသည်။

အစွန်းရောက်များသည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားတွင် သတ်ဖြတ်မှု အများအပြား လုပ်ဆောင်နေကြပြီး ၎င်းတို့လုပ်ဆောင်နေသော အကြမ်းဖက်မှုအဆင့်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှကြောင်း သမ္မတ ယွတ်ဒိုယိုနိုက ဆိုခဲ့သည်။

အစ္စလာမ်မစ်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များသည် အရှေ့တောင်အာရှတွင် ယခုမှ ဖြစ်ပေါ်လာသည်တော့ မဟုတ်ပေ။ ၂၀၀၂ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က အယ်လ်ကိုင်ဒါများနှင့် အဆက်အစပ်ရှိသော ဂျမားအစ္စလာမ်မီးယားခ်ျအဖွဲ့သည် အင်ဒိုနီးရှား၏ နာမည်အပန်းဖြေကမ်းခြေဖြစ်သည့် ဘာလီတွင် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၂၀၂ ဦး သေဆုံးခဲ့ရသည်။ ၂၀၀၄ ခုနှစ်၊ ဂျကာတာမြို့တော်ရှိ သြစတြေးလျသံရုံး ဗုံးခွဲမှု၊ ၂၀၀၉ ခုနှစ် Ritz- Carlton ဟိုတယ် ဗုံးခွဲမှုများသည်လည်း ယင်းအကြမ်းဖက်အဖွဲ့၏ လက်ချက်ဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင် အဘူဆာရက်ဖ် အကြမ်းဖက်အဖွဲ့၊ ထိုင်းနိုင်ငံတောင်ပိုင်းခွဲထွက်ရေး လှုပ်ရှားမှုများသည်လည်း ရှိသေးသည်။

ယင်းအဖွဲ့များနှင့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် အရှေ့တောင်အာရှနိုင်ငံများ ပူးပေါင်းရမည် ဖြစ်သည်။ ထို့အပြင် အမေရိကန်အပါအ၀င် အနောက်အုပ်စု၏ အစ္စလာမ်မစ် အကြမ်းဖက်များအား တိုက်ဖျက်သည့် အစီအစဉ်များနှင့် ပူးပေါင်းရမည်ဖြစ်သည်။ နိုင်ငံသားများကိုလည်း အကြမ်းဖက်သမားများနှင့် မပူးပေါင်းရန် ပညာပေး စည်းရုံးရမည်ဖြစ်သည်။ သို့မှသာ အရှေ့တောင်အာရှအနေဖြင့် စစ်သွေးကြွများရန်ကို အတိုင်းတာတစ်ခုထိ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

No comments: