Wednesday, May 21, 2014

သောက်သုံး ရေကန်များအား ပြန်လည် ဆယ်ယူ တူးဖော် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ဒလမြို့နယ် တုံးတင်ကန် (တောင်) ကျေးရွာအုပ်စု ရှမ်းကန်ကျေးရွာရှိ ဒေသခံ ပြည်သူများ အတွက် အလျားပေ ၂၃ဝ၊ အနံပေ ၁၂ဝ၊ အနက် ၁ဝ ပေရှိ ရေခန်းခြောက်နေသော စိတ္တသုခ သောက်သုံးရေကန် ဟောင်းအား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက မေ ၁၄ ရက်မှ စ၍ ဒေသခံ ပြည်သူများနှင့် အတူ အနက် ၂ ပေရှိ မြေသား ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြေကျင်းပေါင်း ၈၇၄ ကျင်း တူးဖော်ရမည့် အနက် မေ ၁၈ ရက်အထိ မြေကျင်းပေါင်း ၂၂၅ ကျင်းကို တူးဖော်ခဲ့ပြီး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကွမ်းခြံကုန်း မြို့နယ် အလယ်ကျေးရွာရှိ ဒေသခံ ပြည်သူများ အတွက် ရေငန်များ ဝင်ရောက်၍ ပျက်စီးနေသော အလျား ပေ ၃၂ဝ၊ အနံပေ ၁၂ဝ၊ အနက် ၈ ပေ၊ ရေသိုလှောင်နိုင်မှု ပမာဏ ၃ဝ၇၂ဝဝ ကုဗပေရှိ သောက်သုံး ရေကန်အား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက မေ ၁၄ ရက်မှ စ၍ ရေကန်ပတ်လည် တာပေါင်များ ပြန်လည် ပြုပြင်ခြင်း၊ ရေငန် ဝင်ရောက်ထားသော မြေသားများအား ထုံးဖြူး၍ ရေကောင်း ရေသန့် ရရှိစေရေး ပြန်လည် ပြုပြင်ခြင်းနှင့် မြေသား ပြန်လည် တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြီးစီးခဲ့သည်။ အဆိုပါ ရေကန်များအား တပ်မတော်သားများက ပြန်လည်ပြုပြင် တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးမှုကြောင့် လာမည့်နှစ်များတွင် ဒေသခံ ပြည်သူများ အနေဖြင့် သောက်သုံးရေ လုံလောက်စွာ ရရှိ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ မြ၀တီ

No comments: