Sunday, January 1, 2017

တရုတ်နိုင်ငံသားများ တရားမ၀င် ဆေးကုသမှုကြောင့် စည်ပင်သာယာမှ သိမ်းယူထားသော်လည်း တော်ဝင်နှင်းဆီ ဆေးရုံကို ပြန်လည်ပေးအပ်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်


တရုတ်နိုင်ငံသားများ တရားမ၀င် ဆေးကုသမှုကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိမ်းယူထားသည့် တော်ဝင်နှင်းဆီဆေးရုံကို ပြန်လည် လွှဲပြောင်းရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

အဆိုပါ တော်ဝင်နှင်းဆီ ဆေးရုံကို ဒီဇင်ဘာ ၃၀ ရက်က သော့ပြန်လည် ဖွင့်ပေးခဲ့ပြီး လာမည့်ဇန်န၀ါရီ ၂ ရက်တွင် တရားဝင်ပြန်လည် အပ်နှံမည်ဟု သိရသည်။

စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက “အစိုးရအဖွဲ့ ဆုံးဖြတ်တာပါ။ တော်ဝင်နှင်းဆီဆေးရုံ ပြန်လည်ပေးအပ်ရမယ်ဆိုတာ ဟုတ်ပါတယ်။ အခုတော့ သော့ပြန်ဖွင့်ပေးထားပါတယ်” ဟု ဆေးရုံပြန်လည် အပ်နှံမည့် ကိစ္စနှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ တော်ဝင်နှင်းဆီဆေးရုံကို ညစ်ညမ်းစာပေများ ဖြန့်ဝေကြော်ငြာခြင်းနှင့် တရုတ်နိုင်ငံသားများ တရားမ၀င် ဆေးကုသခြင်းတို့ကြောင့် တရားစွဲခဲ့သလို အောက်တိုဘာ ၁၃ ရက် ညနေက စည်ပင်သာယာရေး ကော်မတီမှ ပြန်လည်သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ သိမ်းယူမှုနှင့် ပတ်သက်၍ စည်ပင်သာယာရေး ကော်မတီမှ ပြန်လည်သိမ်းယူထားသော တော်ဝင်နှင်းဆီဆေးရုံကို ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် ဦးတင်မောင်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တောင်းဆိုခဲ့ကြောင်း သိရပြီး ဆေးရုံပြန်လည် သိမ်းယူခြင်းနှင့် ပတ်သက်၍ တော်ဝင်နှင်းဆီ ဆေးရုံနေရာတွင် ပလာဇာအဖြစ် ငါးထပ်သာ ခွင့်ပြုသော်လည်း နှစ်ထပ်တိုးဆောက်ခဲ့ခြင်း၊ တတိယထပ်တွင် တရားမ၀င် တရုတ်နိုင်ငံသား ဆရာဝန်များ၊ သူနာပြုများဖြင့် ဆေးကုသခဲ့ခြင်း၊ ပလာဇာအဖြစ် ခွင့်ပြုခဲ့သော်လည်း စာချုပ်တွင် မပါဝင်သည့် ဆေးရုံကို ဖွင့်လှစ်ခဲ့ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ရာ စာချုပ်ပါ စည်းကမ်းများကို ဖောက်ဖျက်သောကြောင့် ဆေးရုံအဆောက်အအုံနှင့် မြေနေရာကို ပြန်လည်သိမ်းယူခြင်း ဖြစ်သည်ဟု စည်ပင်သာယာမှ ထုတ်ပြန် ကြေညာခဲ့သည်။

စာချုပ်ပါ စည်းကမ်းဖောက်ဖျက်မှုကြောင့် တော်ဝင်နှင်းဆီဆေးရုံကို စည်ပင်သာယာမှ သိမ်းယူခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အောက်တိုဘာ ၁၇ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရပြီး ယခုကဲ့သို့ ဆေးရုံပြန်လည် ပေးအပ်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

တော်ဝင်နှင်းဆီဆေးရုံ တတိယအလွှာတွင် Health News အထူးကုဆေးခန်း အမည်ဖြင့် တရုတ်နိုင်ငံသားများ တရားမ၀င် ဆေးကုသနေခြင်း၊ ညစ်ညမ်းစာ၊ ညစ်ညမ်းဓာတ်ပုံများပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေမှုများနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇန်န၀ါရီက အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ ဆေးရုံပိုင်ရှင်များဖြစ်သော ဂရိတ်ဝေါလ် ဦးတင်မောင် (ခ) လီစန်းရှင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကိုပါ ထည့်သွင်း တရားစွဲဆိုခဲ့သော်လည်း ဦးတင်မောင်မှာ တရားစွဲဆိုခံရသည့်အထဲ မပါဝင်တော့ဘဲ လွတ်မြောက်သွားသလို ဒေါ်နန်းလှစိန်ကိုလည်း အပြစ်မရှိသဖြင့် ကွင်းလုံးကျွတ် လွတ်စေရန် ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးစိန်ကြည်က အမိန့်ချခဲ့သည်။

Writer: 

ယဉ်မျိုးသွယ်

Eleven Media Group Co., Ltd

No comments: