အထည်ချုပ်စက်ရုံ တစ်ခုမှ အမျိုးသမီးဝန်ထမ်းများအား အလုပ်နားချိန်တွင် တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
ပြည်သူတွေရဲ့ လက်သန်းတွေ မင်စွန်းခံပြီး ရွေးချယ်ခဲ့တဲ့ အစိုးရသစ် သက်တမ်းဟာ အခုဆိုရင် ကိုးလထဲ ရောက်ခဲ့ပါပြီ။
အခြေခံပြည်သူ အများစုက မဲပေးရွေးချယ်ခဲ့တဲ့အတွက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလို NLD ပါတီဟာ သောင်ပြိုကမ်းပြိုနိုင်ခဲ့ပါတယ်။
ဘာကြောင့် NLD ပါတီကို ပြည်သူတွေက တောင်ပြိုကမ်းပြိုနိုင်အောင် ရွေးချယ်ခဲ့ကြပါသလဲ။ မဲဆွယ်စည်းရုံးရေးကာလမှာ NLD ပါတီဆောင်ပုဒ်ဖြစ်တဲ့ “ပြောင်းလဲချိန်ပြီ” ဆိုတဲ့ အပေါ်မှာ အမှန်တကယ် ပြောင်းလဲချင်ခဲ့တဲ့ အခြေခံ ပြည်သူတွေက အားတက်သရော မဲပေးခဲ့ကြတာပါ။
တကယ်လည်း ပြည်သူတွေ ဘ၀ပြောင်းလဲဖို့အတွက် NLD ပါတီကသာ ပြောင်းလဲအောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အပြောင်းအလဲ လိုချင်တဲ့ အခြေခံ ပြည်သူတွေက မဲပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလို အပြောင်းအလဲ လိုချင်လို့ မဲပေးခဲ့ကြတဲ့ အခြေခံ ပြည်သူတွေရဲ့ ဘ၀တွေဟာ အစိုးရသစ်ရဲ့ သက်တမ်း ကိုးလအတွင်းမှာ တစ်စုံတစ်ရာ ပြောင်းလဲခဲ့ပြီလား။
အများကြီး မပြောင်းလဲခဲ့ရင်တောင် ပြည်သူတွေရဲ့ အခြေခံ အချက်တွေဖြစ်တဲ့ စားဝတ်နေရေးဆိုတဲ့ အရာဟာ ဘယ်လောက်ပြောင်းလဲခဲ့ပြီလဲ။
အခြေခံပြည်သူတွေရဲ့ အခြေခံအချက် သုံးချက်ဖြစ်တဲ့ အလုပ်အကိုင်၊ ကုန်ဈေးနှုန်းနဲ့ အိမ်ရာအခက်အခဲတွေကို အစိုးသစ်ရဲ့ သက်တမ်း ကိုးလအတွင်း ဘယ်လောက်ဖြည့်ဆည်းပေးနိုင်ခဲ့ပြီလဲ ဆိုတာကို ဆန်းစစ်ကြည့်ရအောင်ပါ။
အလုပ်လက်မဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်း
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သြဂုတ် ၂၉ ရက်က ထုတ်ပြန်လိုက်တဲ့ “လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ၀င်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်း စစ်တမ်းအစီရင်ခံစာ - ၂၀၁၅” အရ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သိရပါတယ်။
စစ်တမ်းအရ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ စုစုပေါင်း ၁၆၈၄၆၂ ယောက် ရှိနေပြီး ယောက်ျားလေး ၈၃၁၀၀ နဲ့ မိန်းကလေး ၈၅၃၆၂ ယောက်တို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ၀င်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်း စစ်တမ်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်းပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီကနေ မတ်လအထိ သုံးလကြာ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီလိုကောက်ယူရာမှာ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ သတ်မှတ်ခဲ့တဲ့ ကောက်ကွက် ရှစ်သောင်းကျော်ထဲက နမူနာကောက်ကွက် ၁၅၀၀ ကနေ အိမ်ထောင်စု ၄၀၀၀၀ ကို စာရင်းကောက်ယူခဲ့တာပါ။
ဒီစစ်တမ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုတော့ သြဂုတ် ၂၉ ရက်က နေပြည်တော်ရှိ ရွိုင်ရယ်အေစီအီး ဟိုတယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ရဲ့ စံနှုန်းအရ တစ်ပတ်ကို တစ်နာရီ အလုပ်လုပ်သူတွေပါ အလုပ်ရှိသူအဖြစ် ထည့်သွင်း တွက်ချက်ထားတာကြောင့် စံနှုန်းသတ်မှတ်ချက်အရ အလုပ်လက်မဲ့ ဦးရေဟာ ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် စစ်တမ်းအရ မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေ ၆ ဒသမ ၉ ရာခိုင်နှုန်းဟာ အလုပ်ရှာနေဆဲ လူဦးရေဖြစ်တာကြောင့် သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
အလုပ်လက်မဲ့ပြဿနာ
“လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ၀င်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်း စစ်တမ်းအစီရင်ခံစာ - ၂၀၁၅” မှာ အလုပ်လက်မဲ့နှုန်း ၀ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ ရန်ကုန်မြို့တစ်မြို့တည်းမှာတင် အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ အများအပြား ရှိနေပါတယ်။
“အစ်မက အရင်ကတော့ PCO လမ်းဘေးဖုန်းမှာ စာရေးလုပ်တယ်။ နောက်ပိုင်း ခေတ်ပြောင်းလာတော့ အစ်မတို့ PCO ဖုန်းဆိုင်တွေက အခြေအနေမကောင်းတော့ဘူး။ အဲဒါနဲ့ အဲဒီအလုပ်က ထွက်ပြီးနေနေတာ။ ခုဆို သုံးနှစ်လောက်တော့ ရှိပြီ။ လက်ရှိမှာတော့ အစ်မအမျိုးသားရဲ့ ၀င်ငွေတစ်ခုတည်းနဲ့ပဲ ရပ်တည်နေတာပေါ့။ ကလေးလည်း ယူလိုက်တဲ့အတွက် အလုပ်မလုပ်နိုင်တော့တာလည်း ပါပါတယ်” လို့ ရန်ကုန်မြို့က အလုပ်လက်မဲ့ အိမ်ထောင်ရှင်မ တစ်ယောက်က ဆိုပါတယ်။
ရန်ကုန်မှာ လက်ရှိအခြေအနေအရ စီးပွားရေး ကျပ်တည်းမှုတွေ ရှိနေတဲ့အတွက် အလုပ်ရှင်တွေဘက်က အလုပ်သမား ခေါ်ယူမှု အပိုင်းမှာ လှုပ်ရှားမှုတွေ လျော့နည်းနေတယ်လို့ အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။
“ကျွန်တော် အလုပ်တော်တော်များများကို သွားလျှောက်ဖူးတယ်။ အလုပ်က ၀န်ထမ်းခေါ်တာက ၁၀ ယောက်ဆို လာလျှောက်တဲ့သူက အယောက် ၂၀၀ လောက် ရှိတယ်။ အင်တာဗျူးဖြေ၊ ပြီးရင် အဲဒီခေါ်တဲ့ ၀န်ထမ်းကို ဘယ်အချိန်မှာ ခေါ်သွားမှန်း မသိလိုက်ရတာ များတယ်” လို့ အလုပ်အင်တာဗျူးတွေကို လိုက်လံလျှေက်ခဲ့ဖူးတဲ့ ပုဇွန်တောင်မြို့နယ်က ကိုကျော်ကျော်ဌေးက ဆိုပါတယ်။
လှိုင်သာယာကနေ မြို့ထဲမှာ ဆိုက္ကားလာနင်းနေတဲ့ ကိုသီဟက “ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်ရဖို့ မလွယ်ဘူး။ ကိုယ်က အတန်းပညာကလည်း မရှိတော့ အလုပ်လျှောက်ဖို့ဆိုရင် မရဖို့ကများတော့ ကိုယ့်ဘာသာကိုယ် ဆိုက္ကားနင်းနေတာ။ အုံနာဖိုးပေးတာနဲ့ဆို တစ်နေ့ သုံး၊ လေး၊ ငါးထောင်လောက်တော့ ရပါတယ်။ ဆွဲမကောင်းတဲ့ နေ့တွေဆို တစ်ထောင်၊ နှစ်ထောင်လောက်နဲ့ အိမ်ပြန်ရတာလည်း ရှိတယ်။ ဒီလိုပဲ ကြုံသလို လုပ်စားရတာပေါ့။ သူများဆီမှာ သွားလုပ်ရင်တောင် အဲဒီလောက်ရဖို့က ကိုယ့်လိုပညာမတတ်တဲ့သူ အတွက်က မလွယ်ဘူး။ မိသားစုလည်း ရှိနေတော့ ဒီဆိုက္ကားနင်းတဲ့ အလုပ်လေးကိုပဲ ဆွဲကောင်းကောင်း မကောင်းကောင်း လုပ်နေရတာပေါ့။ ကိုယ်တို့က လှိုင်သာယာမှာ အိမ်ငှားနေတာလေ။ ပိုက်ဆံ အဆင်မပြေတဲ့ အချိန်ဆိုရင်တော့ အတိုးနဲ့ယူပြီး ချေးငှားသုံးရတာပေါ့” လို့ ဆိုပါတယ်။
လက်ရှိ အခြေခံလူတန်းစားတွေ ပြောပုံအရ အပြင်ပုဂ္ဂလိက အလုပ်မှာ အလုပ်အကိုင်ရရှိဖို့က မလွယ်ကူတဲ့ အနေအထားကို တွေ့ရပါတယ်။ အောက်ဆုံးအဆင့် လုံခြုံရေးတောင်မှ တချို့ကုမ္ပဏီတွေက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေကိုသာ ခေါ်ယူနေတာကို တွေ့ရမှာပါ။
ပညာခေတ်လို့ ဆိုပေမယ့် မြန်မာနိုင်ငံမှာ ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်နေသူတွေလည်း ရှိနေပါသေးတယ်။ ကုမ္ပဏီတွေ အနေနဲ့ အလုပ်ခေါ်ရာမှာ ဘွဲ့ရရှိရုံနဲ့ မလုံလောက်တော့ပါဘူး။ အခြားအတတ်ပညာ တစ်ခုခုကိုပါ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်မှသာ အလုပ်အကိုင်ရဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဘွဲ့ရပြီး နှစ်နှစ်ကျော်ကြာတဲ့အထိ အလုပ်မရသေးတဲ့ ကိုမျိုးကျော်သက်က “ဘွဲ့က ရထားတာ နှစ်နှစ်ကျော်လောက်ရှိပြီ။ မြန်မာစာနဲ့ ပြီးထားတာ။ ဘွဲ့ရထားတယ် ဆိုပေမယ့် အလုပ်သွားလျှောက်တဲ့အခါ ကျွန်တော်တို့ ရထားတဲ့ဘွဲ့က ဘာမှမဟုတ်သလို ဖြစ်နေတယ်။ အလုပ်တစ်ခု သွားလျှောက်မယ်ဆို အနည်းဆုံး တခြားအတတ်ပညာလေး တစ်ခုလောက်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားမှ လူရာဝင်သလို ခံစားရတယ်” လို့ ဆိုပါတယ်။
ဒီလို အလုပ်လက်မဲ့ ပြဿနာ ဟာ ၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူဦးရေ ခုနစ်သန်းသုံးသိန်းကျော် နေထိုင်တဲ့ ရန်ကုန်တစ်မြို့တည်းတင်လား ဆိုတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှာ အလုပ်အကိုင် ရှားပါးမှုတွေကို ကြုံတွေ့နေကြရတာပါ။ နယ်ဘက်တွေမှာဆို သဘာဝ ဘေးအန္တရာယ်ကြောင့် စိုက်ခင်းတွေ ဆုံးရှုံးပျက်စီးခဲ့တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလာပါတယ်။
ဒါ့ပြင် ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ရှိနေတာကြောင့် တိုင်းနဲ့ ပြည်နယ်အသီးသီးက ဒေသခံတွေရဲ့ နောက်ဆုံးပစ်မှတ်ဟာ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဆီ ခြေဦးလှည့်လာကြပါတယ်။
ဒီလို မြန်မာပြည်ရဲ့ အနယ်နယ် အရပ်ရပ်ကနေ အလုံးအရင်းနဲ့ ၀င်ရောက်လာတာကြောင့် ရန်ကုန်မြို့ဟာ လူဦးရေ ဖောင်းပွမှုတွေ ဖြစ်ပေါ်နေပြီး အလုပ်ခေါ်ယူမှုနဲ့ လုပ်သားအင်အား မမျှတမှုကြောင့် ရန်ကုန်မြို့မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာ ဖြစ်ပါတယ်။
“အစ်မတို့က အညာဘက်က နေလာတာ။ ရန်ကုန်ကို စရောက်တော့ ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ နောက်ဆုံး ကြံရာမရတာနဲ့ ကွမ်းယာဆိုင်လေး ဖွင့်မယ်ဆိုပြီး ဖွင့်ဖြစ်ရင်းကနေ ခုတော့အထိုင်ကျသွားပါပြီ။ အိမ်ကတော့ ငှားနေတာပေါ့။ အစ်မအမျိုးသားက ဆိုက္ကားလေးလည်း နင်းတော့ မဆိုးပါဘူး။ ရွာမှာတော့ အလုပ်အကိုင်က ရှားတယ်လေ။ အဲဒါနဲ့ အမျိုးတွေရှိတဲ့ ရန်ကုန်ကို တက်လာပြီး အခြေချနေလိုက်တာ” လို့ အညာက ရန်ကုန်မြို့ဆီ တက်လာပြီး တာမွေမြို့နယ်မှာ ကွမ်းယာဆိုင်ဖွင့်ထားတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဒါ့ပြင် နယ်ကနေ ရန်ကုန်မြို့ဆီ လာရောက် လုပ်ကိုင်နေကြတဲ့သူတွေ ရှိသလို နိုင်ငံ့ပြင်ပထွက်ပြီး လုပ်ကိုင်ရှာဖွေ စားသောက်နေကြတဲ့သူတွေလည်း ရှိနေပါသေးတယ်။
နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုနဲ့ လုပ်ခလစာ နည်းပါးမှုကြောင့် မြန်မာနိုင်ငံရဲ့ လုပ်သားယိုစီးမှုဟာ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ နိုင်ငံတွေကစလို့ အာရှ၊ ဥရောပနိုင်ငံကြီးတွေအထိ အခြေချ လုပ်ကိုင်နေရကြပါတယ်။ ဒီလို တစ်ခြားနိုင်ငံတွေထံ သွားရောက် လုပ်ကိုင်ရာမှာ တရားဝင် သွားရောက် လုပ်ကိုင်နေကြတဲ့သူတွေ ရှိသလို တရားမ၀င် သွားရောက်လုပ်ကိုင်နေကြတဲ့ သူတွေလည်း ရှိနေပါတယ်။
လက်ရှိ အနေအထားအရ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက လုပ်သားအများစုဟာ အများဆုံးသွားရောက် လုပ်ကိုင်နေကြတယ်လို့ သိရှိရပါတယ်။ ဒီလို သွားရောက်လုပ်ကိုင်ကြတဲ့ နေရာမှာ တရားမ၀င်သွားရောက် လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေ များပြားတဲ့အတွက် လုပ်အားခ ခေါင်းပုံဖြတ်မှုကိစ္စ၊ လျော်ကြေးငွေကိစ္စ၊ မတရား ရဲဖမ်းခံရတဲ့ကိစ္စ၊ မှတ်ပုံတင် အခက်အခဲ ဖြစ်နေတဲ့ကိစ္စ၊ ခရီးသွားလာမှု ခက်ခဲတဲ့ကိစ္စ၊ လူကုန်ကူးမှုကိစ္စ၊ ကျွန်ပြုခိုင်းစေခံနေရတဲ့ကိစ္စ စတဲ့ ကိစ္စရပ်တွေမှာ အလုပ်သမားတွေဟာ ဖိနှိပ်ခံ၊ အနှိမ်ခံပြီး လုပ်ကိုင်နေကြရတာပါ။
ဒီလို ပြည်ပအလုပ်သမားတွေရဲ့ ပြဿနာပေါင်းစုံက အစိုးရသစ်ကို အကျပ်ရိုက်စေတာတော့ အမှန်ပါပဲ။ လက်ရှိ အခြေအနေအရ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား နှစ်သန်းကျော်ရှိပြီး MoU စနစ်နဲ့ တရားဝင်လုပ်ကိုင်သူဦးရေ လေးသိန်းကျော်သာ ရှိတယ်လို့ သိရပါတယ်။
အနိမ့်ဆုံး လုပ်ခလစာ
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်း ရလဒ်အရ အသက် ၁၅ နှစ်မှ ၆၄ နှစ်အကြား အလုပ်လုပ်ကိုင်နေသူ ၂၁ သန်းကျော် ရှိပါတယ်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ထွက်ရှိထားပေမယ့် ၂၀၁၅ ခုနှစ် ဇွန် ၂၉ ရက်မှာ တစ်ရက် အနည်းဆုံး အခကြေးငွေကျပ် ၃၆၀၀ ကို သတ်မှတ်နိုင်ခဲ့တာပါ။
ဒီလို သတ်မှတ်နိုင်ဖို့ အခြေခံ အလုပ်သမားတွေဟာ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ရပါတယ်။ အရင်အစိုးရ လက်ထက်မှာ ဒီလို ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်တဲ့ အလုပ်သမား ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တရားစွဲဆို ထောင်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စက်မှုဇုန်က အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဟာ အနည်းဆုံး အခကြေးငွေ မသတ်မှတ်နိုင်သေးတဲ့ ကာလတွေမှာ နည်းပါးတဲ့ လုပ်ခလစာနဲ့ ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ နေ့စဉ် အလုပ်ချိန် နံနက် ၇ နာရီခွဲကနေ ည ၇ နာရီ (အချိန်ပို အပါအ၀င်) အထိ အလုပ်လုပ်ကိုင်ကြရပေမယ့် အခြေခံလစာ၊ အချိန်ပိုကြေး၊ လုပ်သက်ဆုကြေး၊ ကားခ၊ ရက်မှန်ကြေးနဲ့ ရှားပါးစရိတ် အပါအ၀င်ရရှိတဲ့ လစာက တစ်လကို တစ်သိန်းနီးပါးသာ ရှိပါတယ်။
စက်ရုံပိုင်ရှင်ဘက်က အဆောင် မပေးတာကြောင့် နယ်ကနေ လာရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေဟာ ကျောတစ်ခင်းစာနေရာ အတွက် အဆောင်တွေကို သူတို့ရဲ့ လစာထဲကနေ ငှားရမ်း နေထိုင်ကြရပါတယ်။ ဒီလို ကုန်ကျစရိတ်တွေကြောင့် ဘယ်လိုမှ လောက်ငှမှု မရှိတဲ့အပြင် နေထိုင်မကောင်းဖြစ်ရင် ကုသဖို့ငွေကြေး မတတ်နိုင်တဲ့အတွက် ရောဂါကို ကြိတ်မှိတ်ခံစားနေရတဲ့ အလုပ်သမားတွေလည်း ရှိခဲ့ပါတယ်။
ဖြစ်ရပ်တစ်ခု
ထိတ်လန့်တုန်လှုပ် ချောက်ချားဖွယ်ရာ ဖြစ်ရပ်တစ်ခု နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဘယ်လိုထိတ်လန့်တုန်လှုပ် ချောက်ချားဖွယ်ရာ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါသလဲ။
အိမ်စရိတ် တစ်နေ့ ၂၅၀၀ ကို ပုံမှန်မပေးနိုင်လို့ အနှေးယာဉ် လုပ်သားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချပြီး သတ်သေသွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်သွားခဲ့တာပါ။ သူသေဆုံးချိန်မှာ ဇနီးနဲ့ သားသမီးငါးယောက် ကျန်ခဲ့ပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုကြောင့် မိသားစု စားဝတ်နေရေး မပြေလည်မှုကနေ မိမိကိုယ်ကိုယ်ဆွဲကြိုးချ သတ်သေတဲ့အထိ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။
ဒီဖြစ်စဉ်ဟာ အစိုးရသစ်လက်ထက် ပြည်သူတွေရဲ့ ပါးစပ်ဖျားမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သတင်းတစ်ပုဒ်အဖြစ် ရေပန်းစားခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေအပေါ် မှာ စားဝတ်နေရေးဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက တစ်နေ့တခြား ပိုပြီးကြီး ထွားလာပါတယ်။ မနက်လင်းလို့ မျက်လုံးနှစ်လုံး ဖွင့်ပြီဆိုတာနဲ့ ၀မ်းစာအတွက် မိသားစုတိုင်းမှာရှိတဲ့ မိသားစုဝင် အားလုံးဟာ နေ့စဉ်ရုန်းကန် လှုပ်ရှားနေရပါတယ်။
သမုဒ္ဒရာ ၀မ်းတစ်ထွာလို့ ဆိုပေမယ့် တစ်ထွာလောက်သာရှိတဲ့ ၀မ်းရေးအတွက် အိမ်ရှိလူအကုန် အလုပ်လုပ်တာတောင် လက်ရှိခေတ်ကာလမှာ စားလောက်ရုံသာရှိတာပါ။ ဒါတောင် တုံးလုံးစာအတွက်က မသေချာပါဘူး။ မိသားစုဝင် တစ်ယောက်ယောက်က နေထိုင်မကောင်းလို့ပဲ ဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာ ရရှိလို့ပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် အဲဒီမိသားစု စားဝတ်နေရေးဟာ မျက်ကလဲဆန်ပျာဖြစ်ပြီး ၀ရုန်းသုန်းကား နိုင်သွားနိုင်ပါတယ်။
ဒီလိုဖိစီးမှုတွေများလာတဲ့အတွက် ရှင်ရေးမှာ စိတ်ဓာတ်မခိုင်မာသူတွေ အတွက်တော့ သေရေးကသာ လွတ်မြောက်ရာလမ်းလို့ ထင်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ဖြစ်လာပါတယ်။
“စီးပွားရေးကတော့ အဓိကပေါ့။ စီးပွားရေးကျပ်လာတာနဲ့ လူတွေမှာ လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရရင်တော့ ဒီလောက်အထိမဖြစ်ဘူး။ လွယ်လွယ်ကူကူ ဖြေရှင်းလို့မရတော့ ကျပ်တည်းသွားတဲ့အခါမှာ လူတွေက ထွက်ပေါက်မရှိတော့ ဒီလိုဆွဲကြိုးချသေတာမျိုးတွေနဲ့ ထွက်ပေါက်ရှာသွားနိုင်တယ်။ အခုက ကုန်ဈေးနှုန်းတွေလည်း ကြီးလာပြီ။ နိုင်ငံရေးကလည်း ဟိုတစ်စ၊ ဒီတစ်စ သိပ်ပြီးတော့ မတည်မငြိမ်သလို ဖြစ်နေတော့ လူတွေရဲ့ စိတ်တွေက ပြောင်းလဲလာတယ်” လို့ နိုင်ငံရေးကဗျာတွေ ရေးသားနေတဲ့ ကဗျာဆရာ မောင်မိုးပွင့် (ရေကြည်) က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ မကုန်ခင်မှာပင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ၁၂ မှု ရှိတယ်လို့ သိရပါတယ်။ အဲဒီ ၁၂ မှုအနက် ကိုးမှုက စားဝတ်နေရေး မပြေလည်မှုကြောင့်ဖြစ်ပြီး ကျန်တာတွေက အိမ်ထောင်ရေး အဆင်မပြေမှုနဲ့ စိတ်ဖောက်ပြန်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ စာရင်းတွေအရ နှစ်ရက်ကို တစ်ဦးနှုန်း မိမိကိုယ်ကိုယ်သေကြောင်းကြံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက သေကြောင်းကြံစည်မှု အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၁၄ ခုနှစ်မှာ ၁၉၂ ဦး၊ ၂၀၁၅ ခုနှစ်မှာ ၁၈၁ ဦးနဲ့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း သေကြောင်းကြံစည်မှု ၂၁၀ မှုရှိတယ်လို့ သိရပါတယ်။
နှစ်အလိုက် စာရင်းတွေကို ကြည့်မယ်ဆိုရင် ၂၀၁၆ ခုနှစ်မှာ တစ်နှစ်ပြည့်ဖို့ တစ်လအလိုမှာတင် အရင်နှစ်တွေထက် သေကြောင်းကြံစည်မှု ပိုများလာတာကို တွေ့ရမှာပါ။ ဒီစာရင်းတွေအရ ၂၀၁၆ ခုနှစ် ၁၁ လအတွင်း ဖြစ်ပွားခဲ့တဲ့ သေကြောင်းကြံစည်မှုတွေကို တွက်ကြည့်မယ်ဆိုရင် တစ်လကို လူ ၂၀ နှုန်းနီးပါး သေကြောင်းကြံစည်ပြီး သေဆုံးခဲ့တာ တွေ့ရပါတယ်။
“မြို့နယ်မှူးတွေလည်း ဆင်းပြီးတော့ ရပ်ကွက်တွေထဲမှာ ဟောပြောပွဲတွေ လုပ်တာပါပဲ။ ပတ်ဝန်းကျင်တွေက သူတို့အနေအထားအရလည်းပဲ ဖေးမကူညီဖို့တော့ သင့်တာပေါ့။ ရဲကလည်း ဖြစ်တတ်တဲ့ အမှုအခင်းတွေကို မီဒီယာတွေနဲ့ ပူးပေါင်းပြီး ထည့်တာပဲ။ တကယ်တမ်း ဖြစ်တဲ့သူတွေက စဉ်းစားတွေးခေါ်မှု နည်းတယ်။ ပညာရည်နည်းပါးတဲ့သူတွေ များတယ်။ အဲဒါတွေကြောင့် ဖြစ်ရတယ်လို့ သုံးသပ်တယ်” လို့ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တစ်နှစ်ကို အနည်းဆုံး လူဦးရေတစ်သိန်းမှာ နှစ်ဦးကနေ သုံးဦးအကြား အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ရှိနေတယ်လို့ စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) မှ သိရပါတယ်။
မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေက အသက် ၂၅ နှစ်ကနေ ၄၀ အကြား အသက်အုပ်စုတွေမှာ အများဆုံးဖြစ်နေပြီး အဆုံးစီရင်ရတဲ့ အကြောင်းရင်းတွေထဲက စိတ်ရောဂါ၊ အရက်၊ မူးယစ်ဆေးစွဲ ပြဿနာ၊ လူမှုရေး၊ စီးပွားရေးပြဿနာ၊ လူမှု ပတ်ဝန်းကျင်မှာ ၀င်ဆံ့မှု ပြဿနာ၊ နေရာ ဒေသအလိုက် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု၊ ယုံကြည်မှုဆိုင်ရာ အကြောင်းအရာတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။
“ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေကတော့ အရင်ကတည်းက ရှိပါတယ်။ အခုနောက်ပိုင်းမှ များလာတယ် ဆိုတာကတော့ ပြောလို့မရပါဘူး။ မှုခင်းဖြစ်စဉ်တွေကိုကြည့်ရင် အရက်သောက်ထားတာ၊ မူးယစ်ဆေးဝါး သုံးထားတာမျိုးတွေ တစ်ခုခုတော့ ရှိနေတာမျိုး တွေ့ရတယ်။ ဒါမှမဟုတ် သူ့မှာနဂိုကတည်းက တခြားစိတ်ပိုင်းဆိုင်ရာရောဂါ တစ်ခုခု ဒါမှမဟုတ် မကျေနပ်မှုတစ်ခုခု ရှိနေတာမျိုး တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာကလည်း အကြောင်းမျိုးစုံ ရှိပါတယ်။ တချို့ကျတော့ စီးပွားရေး အကျပ်အတည်း ဖြစ်တဲ့အချိန်မှာ ချီတုံချတုံ ဘယ်လိုလုပ်ရမှန်း မသိတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆုံးဖြတ်ရခက်တဲ့ အခါမျိုးမှာ လုပ်ကြတာတွေလည်း ရှိပါတယ်။ နောက်တစ်ခုက အရှက်တရားကြောင့် သတ်သေသွားကြတာလည်း ရှိကြတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်ဆိုတာက စိတ်ဓာတ်ကျရောဂါတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ စိတ်ရောဂါ၊ အရက်စွဲတာ၊ မူးယစ်ဆေးစွဲတာတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ လူမှုရေး ပြဿနာ တွေနဲ့လည်း ဆက်စပ်မှု ရှိပါတယ်” လို့ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) စိတ်ကျန်းမာရေး စီမံချက် မန်နေဂျာ ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာတင်ဦးက ပြောကြားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ ၀င်ငွေအသင့်အတင့်နဲ့ ၀င်ငွေနိမ့်တဲ့နိုင်ငံတွေမှာ အသက် ၂၀ ၀န်းကျင်က ဖြစ်ပွားမှုများပြီး ၀င်ငွေမြင့်တဲ့ နိုင်ငံတွေမှာ အသက် ၅၀ အရွယ်မှာ ဖြစ်ပွားမှု များတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အသက် ၂၅ နှစ်ကနေ ၄၀ အုပ်စုမှာ ၃၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး အသက် ၄၀ အထက်မှာ ၂၇ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀၊ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အကြားမှာ ရာခိုင်နှုန်း ၂၀ ကနေ ၂၂ ရာခိုင်နှုန်း၊ အသက် ၁၀ နှစ်ကနေ ၁၈ နှစ် အကြားမှာ ခုနစ်ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။
ဆင်းရဲမွဲတေနေတဲ့ နိုင်ငံ
Asia Ranking ရဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံကို အာရှရဲ့ ဒုတိယ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တစ်ဦးချင်းစီရဲ့ ဂျီဒီပီ ၁၇၁၁ ဒေါ်လာနဲ့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ဖြစ်စေတဲ့ အကြောင်းရင်းအဖြစ် အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု လွဲမှားနေတာတွေကို ဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် တစ်ဦးချင်းစီရဲ့ ဂျီဒီပီကို အမှီပြုထားပြီး Purchasing Power Parity ကို အခြေခံတဲ့ Global Finance Magazine ရဲ့ နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို တွက်ချက်ထားတဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၅၅ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ Per Capital GDP တစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုးဟာ ၂၀၁၀ ပြည့်နှစ်မတိုင်မီ အာဆီယံနိုင်ငံများအနက် အနိမ့်ကျဆုံး ဖြစ်ခဲ့ပြီး နှစ်စဉ် တစ်ဦးကို ဒေါ်လာ ၂၀၀၀ ၀န်းကျင်သာ ရှိခဲ့တယ်လို့ CIA Facebook က ကိန်းဂဏန်းတွေက ညွှန်ပြထားပါတယ်။
၂၀၁၃ ခုနှစ်မှာ နှစ်ဆကျော်ဖြစ်တဲ့ ဒေါ်လာ ၄၄၀၀ အထိ မြင့်မားတိုးတက်ခဲ့ပြီး နောက်ဆုံးရရှိတဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၄ ခုနှစ်မှာ နှစ်စဉ် တစ်ဦးကို ဒေါ်လာ ၅၂၀၀ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ Per Capital GDP ဆိုတာ တစ်နိုင်ငံလုံး စုစုပေါင်း GDP ကို တိုင်းပြည်လူဦးရေနဲ့ စားထားတဲ့ ကိန်းသာဖြစ်တာကြောင့် နိုင်ငံတိုးတက်ခြင်းကိုတော့ Per Capita GDP ကိန်းတစ်မျိုးတည်း အပေါ်မှာ အခြေခံလို့ မရပါဘူး။ ဒီကိန်းမြင့်မားလာခြင်းက နိုင်ငံအတွင်းရှိ ပြည်သူလူထုတွေအတွက် အကျိုးကျေးဇူး ဘယ်လောက်ရှိတယ် ဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အခြေအနေကို ထင်ရှားစွာ ဖော်ပြတဲ့ ကိန်းကတော့ Percentage of people living below poverty line ခေါ် အဆင်းရဲဆုံး အခြေအနေထက် ပိုမိုနိမ့်ကျစွာ နေထိုင်ကြရသူတွေရဲ့ ရာခိုင်နှုန်းကိန်းပဲ ဖြစ်ပါတယ်။
ဒီကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အဆင်းရဲဆုံး အခြေအနေထက် ပိုမိုနိမ့်ကျစွာ နေထိုင်ကြရသူတွေရဲ့ ၃၂ ရာခိုင်နှုန်းခန့် ရှိတာကြောင့် အာဆီယံ ဒေသအတွင်းမှာ အမြင့်မားဆုံး ဖြစ်ရုံမက ကမ္ဘာပေါ်မှာလည်း ဆင်းရဲမှု မြင့်မားတဲ့ နိုင်ငံအဖြစ် ပါဝင်ပါတယ်။
ပြည်ပပို့ကုန်အဖြစ် မြန်မာနိုင်ငံကနေ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တော စတဲ့ သယံဇာတတွေကို တင်ပို့မှုတွေ ရှိနေတာကြောင့် ပို့ကုန်ပစ္စည်း ထုတ်လုပ်ရာမှာ လုပ်သားအင်အား မလိုအပ်တဲ့အတွက် နိုင်ငံအတွင်း အလုပ်အကိုင် များပြားခြင်း မရှိဘဲ အလုပ်အကိုင် ရှားပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအချက်ကြောင့်ပဲ ဆင်းရဲမွဲတေမှုဟာ ဆက်လက် မြင့်တက်လို့ နေပါတယ်။
မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆင်းရဲနွမ်းပါးမှု ၈၄ ရာခိုင်နှုန်း ရှိနေပြီး ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၄၄ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းမှာ ၃၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်က ၃၃ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းက ၃၂ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
ဆင်းရဲတဲ့နိုင်ငံမှာ တက်နေဆဲ ကုန်ဈေးနှုန်း
မြန်မာနိုင်ငံလို အဆင်းရဲဆုံး နိုင်ငံမှာ အခြေခံ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုက ၂၀၁၃ ခုနစ် ဇွန်လက စခဲ့ပါတယ်။ ဒီလိုမြင့်တက်ခဲ့ရာမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် သုံးနှစ်တာကာလအတွင်း ဈေးနှုန်းနှစ်ဆကျော် မြင့်တက်ခဲ့တာပါ။ NLD အစိုးရသစ်လက်ထက် ကိုးလတာ ကာလအတွင်းမှာလည်း ကုန်ဈေးနှုန်းက ကျဆင်းသွားခြင်းမရှိဘဲ စံချိန်တင် မြင့်တက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
မြင့်တက်ခဲ့တဲ့ အခြေခံ စားသောက်ကုန်တွေကတော့ ဆန်၊ ဆီ၊ သားငါး၊ ကြက်သွန်၊ ကုန်စိမ်းတွေဖြစ်ပြီး တရိပ်ရိပ်နဲ့ ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။
ကုန်ဈေးနှုန်း စတင်မြင့်တက်ရတဲ့ အဓိက အကြောင်းရင်းတွေကတော့ အရင်အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ ၀န်ထမ်းလစာတိုးမြှင့်ခြင်း၊ ပိုးကျမှုကြောင့် ဆန်အထွက်နည်းခြင်း၊ ဒေါ်လာဈေးမြင့်တက်မှုတွေ ရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
အစိုးရသစ် လက်ထက်အထိ ဈေးနှုန်း ကျဆင်းရှိခဲ့သယောင် ရှိပေမယ့် ၂၀၁၆ ဧပြီလက ဈေးနှုန်းမငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၆ ဧပြီလကစလို့ ကုန်ဈေးနှုန်း မြင့်တက်လာပြီး ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင်လများ အတွင်းမှာတော့ ဈေးနှုန်းမြင့်တက်မှုတွေဟာ အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပါတယ်။ ဆန်ဈေးနှုန်းကလွဲပြီး ကျန်တဲ့စားသောက်ကုန်စည်တွေက ဈေးနှုန်းကျဆင်းခြင်း မရှိခဲ့ပါဘူး။
၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ဆန်တစ်ပြည်ကို ကျပ် ၁၀၀ ၀န်းကျင်သာ ကျဆင်းခဲ့တာကြောင့် ၂၀၁၃-၂၀၁၄ ခုနှစ်တုန်းက ဆန်ဈေးအတိုင်းသာ ရှိနေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် သားငါးဈေးနှုန်းတွေက ကြက်သားတစ်ပိဿာကို ကျပ် ၇၀၀၀ ကနေ ၁၂၀၀၀၊ ၀က်သားတစ်ပိဿာ ကို ကျပ် ၇၀၀၀ ကနေ ၁၂၀၀၀၊ အမဲသားတစ်ပိဿာကို ကျပ် ၈၀၀၀ ကနေ ၁၃၀၀၀ အထိ ဈေးနှုန်းတက်ခဲ့ပါတယ်။
ငါးဈေးနှုန်းတွေကတော့ ငါးရံ့တစ်ပိဿာကို ကျပ် ၁၀၀၀၀ ကနေ ကျပ် ၁၂၀၀၀၊ ငါးကြင်းတစ်ပိ ဿာကို အရင်က ကျပ် ၆၀၀၀ ကနေ ၆၅၀၀ အတွင်း ရှိခဲ့ရာက လက်ရှိ အချိန်မှာ တစ်ပိဿာ ကျပ် ၇၀၀၀ ကနေ ကျပ် ၈၀၀၀ အထိဖြစ်ခဲ့သလို ငါးခူတစ်ပိဿာကို အရင်က ကျပ် ၁၀၀၀၀ ကနေ ကျပ် ၁၂၀၀၀ အတွင်း ရှိခဲ့ရာက လက်ရှိအချိန်မှာ တစ်ပိဿာကို ကျပ် ၁၅၀၀၀ အထိ ဈေးတက်ခဲ့ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလအတွင်း ဒေါ်လာဈေး စံချိန်တင် မြင့်တက်နေတာကြောင့် မလေးရှားနိုင်ငံကနေ အဓိက တင်သွင်းတဲ့ စားအုန်းဆီဈေးနှုန်းဟာ အရင်က တစ်ပိဿာ ကျပ် ၁၈၀၀ ကနေ ကျပ် ၂၀၀၀ သာရှိခဲ့ရာက လက်ရှိအချိန်မှာတော့ တစ်ပိဿာ ကျပ် ၂၃၀၀ ကနေ ကျပ် ၂၅၀၀ အထိ ဈေးနှုန်း မြင့်တက်လျက် ရှိပါတယ်။ လက်ရှိ ကြက်သွန်ဈေးနှုန်းကလည်း မြင့်တက်မှုတွေ ရှိနေပြီး တစ်ပိဿာ ကျပ် ၇၀၀ ကနေ ၁၃၀၀ အထိ ပေါက်ဈေး ရှိနေပါတယ်။ လက်ရှိအချိန်မှာ အဓိက တက်နေတာက အသီးအရွက် ဈေးနှုန်းပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကန်စွန်းရွက် တစ်စည်းကို ကျပ် ၃၀၀ အထိ မြင့်တက်နေတဲ့အတွက် အသားငါး မစားနိုင်တဲ့ အခြေခံ လက်လုပ်လက်စားတွေ အတွက်တော့ အသီးအရွက်တောင် နပ်မမှန်ချင်တော့ပါဘူး။
“ကန်စွန်းရွက် တစ်စည်းကို ၃၀၀ ပေးပြီး ၀ယ်ရတယ်။ တစ်စည်းဝယ်လို့ မိသားစု မလောက်ငှဘူး။ အနည်းဆုံး နှစ်စည်းနဲ့ သုံးစည်းလောက် ၀ယ်မှရတာ။ အဲဒီမှာတင် ကန်စွန်းရွက်ဖိုးချည်း ကျပ် ၁၀၀၀ လောက် သွားနေပြီ။ ကျန်တာ ဘာမှမပါသေးဘူး။ ၀င်ငွေကသာ တိုးမလာတာ ကုန်ဈေးနှုန်းက တက်နေတော့ ကြာရင် အသီးအရွက်တောင် နပ်မှန်ပါ့မလား မသိဘူး” လို့ အိမ်ရှင်မတစ်ယောက်က ဆိုပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်က ပန်းရန်လုပ်သား တစ်ယောက်ကတော့ “မိသားစုတစ်ခုမှာ လူတစ်ယောက်တည်းရဲ့ ၀င်ငွေနဲ့ အခုခေတ်ကြီးမှာ ရပ်တည်လို့ မရတော့ဘူး။ အိမ်မှာရှိတဲ့ မိသားစုအကုန် အလုပ်ထွက်လုပ်မှ စားဝတ်နေရေး အဆင်ပြေမှာ။ အခုခေတ်ကုန်ဈေးနှုန်းက သိတဲ့အတိုင်းပဲ။ အကျမရှိဘူး။ အတက်ပဲ။ အခုအစိုးရသစ် လက်ထက်မှာဆိုရင် အောက်ခြေလူတန်းစား ပြည်သူတွေ အကုန်လုံးနီးပါးက ကုန်ဈေးနှုန်းကိုပဲ ကျစေချင်တယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းက မကျတဲ့အပြင် ထပ်တောင် တက်နေသေးတယ်။ ပြည်သူတွေမှာ ကန်စွန်းရွက်တောင် ၀ယ်မစားနိုင်တော့တဲ့ အခြေအနေမျိုး ရောက်နေပြီ။ အပေါင်ဆိုင်တွေမှာလည်း တစ်နေ့တစ်နေ့ လာလိုက်တဲ့လူတွေ နည်းတာမဟုတ်ဘူး။ ကျွန်တော်တို့လည်း အပေါင်ဆိုင်ကို သွားရတာပဲ။ မရှိရင် ပေါင်နှံပြီးစားရတာ။ မစားဘဲ အငတ်နေလို့မှ မရတာ။ အခုကတော့ ပိုက်ဆံရှိပြီးသား လူတွေကပဲ ရှိပြီးရင်း ရှိနေတာ။ အောက်ခြေပြည်သူတွေမှာ ဆန်တစ်ပြည် ၁၀၀၀ တန်တောင် မစားနိုင်တဲ့သူတွေ ရှိနေသေးတယ်ဆိုတာ လက်ရှိအစိုးရကို သိစေချင်တယ်။ ကြက်ဥ၊ ဘဲဥတစ်လုံးကျပ် ၂၀၀၊ ကန်စွန်းရွက်တစ်စည်း ကျပ် ၃၀၀ ဆိုတဲ့ အနေအထားက ကြောက်ဖို့ကောင်းနေပြီ။ ဆင်းရဲတဲ့အိမ်တွေမှာ ဘဲဥဟင်းချက်ရင်တောင်မှ တစ်ယောက်တစ်လုံး မစားနိုင်ဘူး” လို့ ပြောပါတယ်။
ဒီလို အောက်ခြေက ပြည်သူတွေမှာ ၀င်ငွေက တိုးတက်လာမှု မရှိပေမယ့် တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် စားဝတ်နေရေး ပြဿနာဟာ တစ်နေ့တခြား ပိုမိုကြီးထွားလို့ လာနေပါတယ်။
“ကျွန်တော်တို့ ပြည်သူတွေက တစ်နေ့ထက်တစ်နေ့ ၀င်ငွေနဲ့ထွက်ငွေက မမျှဘူးဖြစ်နေတယ်။ ဥပမာ လူတစ်ယောက်က တစ်နေ့ ၅၀၀၀ ရရင် အိမ်အသုံးစရိတ်က ၅၀၀၀ မကဘူး ကုန်နေတယ်။ အဲဒီ ၅၀၀၀ ကိုင်ပြီး ဈေးထဲသွား၊ ပြန်လာရင် တစ်ကျပ်မှ ပါမလာဘူး။ ကုန်ဈေးနှုန်း ကြီးမြင့်မှုဟာ ပြည်သူလူထုအတွက် အရမ်းကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးကြီးပါ။ သူတို့မှာ မိသားစုစားဝတ်နေရေး အတွက် တစ်နေ့ထက်တစ်နေ့ ရုန်းကန်နေရတယ်။ တက္ကစီမောင်းတဲ့ သူကလည်း တက္ကစီမောင်းတဲ့သူအလျောက်၊ ကျပန်းလုပ်တဲ့သူကလည်း ကျပန်းလုပ်တဲ့သူအလျောက် ရုန်းကန်နေရတယ်။ ပြီးခဲ့တဲ့ရက်က ယုဇနမှာ ဆိုက်ကားနင်းတဲ့သူတစ်ယောက် သူ့မိသားစု စားဝတ်နေရေးကို မဖြေရှင်းနိုင်လို့ ဆွဲကြိုးချ သေသွားတယ်။ ဘယ်လောက်ရှက်ဖို့ ကောင်းလဲ” လို့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) မှ ကိုမှတ်ကြီးက ပြောပါတယ်။
သာမန် လက်လုပ်လက်စား လူသုံးယောက်ရှိတဲ့ မိသားစုတစ်စုရဲ့ စားစရိတ်၊ နေစရိတ်တွေကို တွက်ကြည့်မယ်ဆိုရင် အနည်းဆုံး တစ်လကို သုံးသိန်းဝန်းကျင်မှာ ရှိနေပါတယ်။ ဒါတောင် ကလေးရဲ့ နို့မှုန့်ဖိုး၊ မုန့်ဖိုးနဲ့ ကျောင်းစရိတ်တွေ မတွက်သေးပါဘူး။ မိခင်ဖြစ်သူက ကလေးတစ်ဖက်နဲ့ စီးပွားမရှာနိုင်ခဲ့ဘူးဆိုရင် ဖခင်တစ်ဦးတည်းရဲ့ ၀င်ငွေနဲ့သာ ရပ်တည်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လုပ်ခလစာအဖြစ် ကျပ် ၃၆၀၀ သာ သတ်မှတ်ထားတာကြောင့် လူတစ်ယောက်ရဲ့ လစဉ်ဝင်ငွေဟာ တစ်သိန်းကျော်သာ ရှိပါတယ်။
ဒါဆို ဒီမိသားစုအနေနဲ့ ဘယ်လိုရပ်တည်ပါ့မလဲ။ ဒီလိုမိသားစုမျိုး မြန်မာနိုင်ငံမှာ အများအပြား ရှိနေပါတယ်။ ဒါကြောင့်လည်း ဆန်၊ ဆီ၊ ကြက်သွန်စတဲ့ အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူ ဒါန်းရာမှာ လာရောက်တန်းစီသူ များပြားခဲ့ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် (၂) လမ်းမှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ ရက်က ရပ်ကွက်နေ ပြည်သူတွေနဲ့ စားဝတ်နေရေး အခက်အခဲရှိသူတွေကို ဆန်၊ ဆီ၊ ကြက်သွန်တွေ ပေးဝေလှူဒါန်းမှုကို နှစ်တိုင်းပြုလုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လာရောက်တန်းစီသူ ပိုမိုများပြားခဲ့တာပါ။
“ဒီလိုလှူတာ သုံးနှစ်ရှိပြီ။ ဒီနှစ်က လာတန်းစီတဲ့သူ မနှစ်ကထက် သုံးဆလောက်များတယ်။ လူတွေက စားဝတ်နေရေး ကျပ်တည်းလာတော့ လာယူတဲ့သူတွေက ပိုများလာတယ်။ တခြားပစ္စည်း လှူတဲ့သူတွေက များတယ်။ ဆန်ကျတော့ မိသားစုတိုင်းအတွက် အရေးပါမလား ဆိုပြီးတော့ ရွေးပြီးလှူပေးတာပါ” လို့ ငမိုးရိပ်ရပ်ကွက်အတွင်း နေထိုင်သူ အလှူရှင် ဦးချစ်မောင်မြင့်က ပြောပါတယ်။
ဒီလို လှူဒါန်းမှုကို လာရောက် တန်းစီရာမှာ သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက်နေပြည်သူတွေ သာမက တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွာသာကြီးစတဲ့ နေရာတွေကလည်း လာရောက် တန်းစီသူတွေ ရှိခဲ့ပါတယ်။
“အဘွားက ဒီငမိုးရိပ်ရပ်ကွက်မှာ ဆန်၊ ဆီ၊ ဆား လှူမယ်ကြားလို့ မနက်ကတည်းက လာတန်းစီနေတာ။ အိမ်မှာ မိသားစုခြောက်ယောက် ရှိတယ်။ အဘွားက ဈေးရောင်းတာပါ။ ပုံမှန်ဆိုရင် ဈေးရောင်းရတဲ့ငွေနဲ့ မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းရတာ မလွယ်ကူဘူးလေ။ အဲဒါကြောင့် ဒီလိုလှူတယ်ကြားတော့ ဆန်၊ ဆီရလည်း မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေတာပေါ့” လို့ ရွာသာကြီးရပ်ကွက်ကနေ လာရောက်တန်းစီတဲ့ ဒေါ်လှရီက ဆိုပါတယ်။
တောင်ဒဂုံမြို့နယ်ကနေ လာရောက်တန်းစီတဲ့ မခင်မြင့်က “အိမ်မှာက မိသားစုရှစ်ယောက် ရှိတယ်။ ဒီလိုမျိုးတွေ လှူတယ်ကြားရင် လာတန်းစီလိုက်တာပဲ။ ဆန်ဆိုတော့ ဘာပဲပြောပြော မိသားစုတွေ တစ်နပ်စာ အဆင်ပြေတယ်လေ။ အခုအစ်မ ဆန်ရတယ်၊ ခွက်တွေ၊ ခြင်းတွေ၊ တံမြက်စည်းတွေ ပါရတယ်။ နေ့လယ် ၁၂ နာရီ ကတည်းက တိုကင်လာတန်းစီရတယ်။ အခု ဒီဆန်ပေးတာကျ တိုကင်နဲ့ မဟုတ်ဘူး။ ဒီတိုင်း တန်းစီရတာပါ၊ ကလေးတွေပါပါတော့ ဆန်သုံးအိတ် ရလိုက်ပါတယ်” လို့ ပြောပါတယ်။
ဒေါ်လာဈေး၊ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ဘတ်ဂျက်လိုငွေ
NLD အစိုးရသစ်လက်ထက်မှာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင် ရောက်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင် ရောက်ရှိလာပြီး ၁၀ ရက်အတွင်း တစ်ဒေါ်လာကို ကျပ် ၅၀ ကျော် မြင့်တက်လာခဲ့တာပါ။
အမေရိကန် ရွေးကောက်ပွဲနောက်ပိုင်း ပြည်တွင်းဈေးကွက်မှာ နိုဝင်ဘာ ၁၀ ရက်က စတင်ကာ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာပြီး နိုဝင်ဘာ ၁၀ ရက်မှာ ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ၁၃၀၂ ကျပ်၊ နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ၁၃၀၄-၁၃၀၆ ကျပ်ကြား၊ နိုဝင်ဘာ ၁၆ ရက်မှာ ၁၃၁၀ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်မှာ ၁၃၁၆ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်မှာ ၁၃၂၂ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်မှာ ၁၃၂၃ ကျပ်၊ နိုဝင်ဘာ ၂၀ ရက်မှာ ၁၃၂၄ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်မှာ ၁၃၃၈ ကျပ်အထိ ဖြစ်ပေါ်ခဲ့တာပါ။
နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းမှာတော့ ၁၃၃၅ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ အဲဒီနေ့ မွန်းလွဲပိုင်းရောက်ချိန်မှာ ၁၃၅၄ ကျပ်အထိ ခုန်တက်ခဲ့ပြီး ၁၀ ရက်အတွင်း ကျပ် ၅၀ ကျော် မြင့်တက်လာပေမယ့် ညနေပိုင်းမှာတော့ ကျပ် ၁၃၅၀ အထိ ပြန်လည် ကျဆင်းခဲ့ပါတယ်။
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်းဆက်တိုက် မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သူ့ရဲ့ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို နိုဝင်ဘာ ၂၁ ရက်က တစ်ဒေါ်လာ ကျပ် ၁၃၀၀ အဖြစ် ငါးကျပ် တိုးမြှင့်ခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အထိ ၁၂၈၅ ကျပ်၊ နိုဝင်ဘာ ၁၆ ရက်မှာ ၁၂၈၇ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်မှာ ကျပ် ၁၂၉၀၊ နိုဝင်ဘာ ၁၈ ရက်မှာ ၁၂၉၂ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်မှာ ၁၂၉၅ ကျပ်၊ နိုဝင်ဘာ ၂၂ ရက်မှာ ကျပ် ၁၃၀၀ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအစိုးရ စတင်တက်ခဲ့တဲ့ ဧပြီ ၁ ရက်က နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိအစိုးရ လက်ထက် အနိမ့်ဆုံး ဒေါ်လာဈေးနှုန်းကတော့ ဧပြီ ၂၄ ရက်က ၁၁၅၃ ကျပ်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်သော ဒေါ်လာဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ၂၀၁ ကျပ်အထိ မြင့်တက်လာတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၁၇ ဒသမ ၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ဒါ့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် မူလခန့်မှန်းခြေ ငွေစာရင်းမှာ လိုငွေက ကျပ် ၃၂၈၇ ဒသမ ၆၄၉ ဘီလျံဖြစ်ပေမယ့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းရဲ့ လိုငွေက ကျပ် ၄၀၂၅ ဒသမ ၁၃ ဖြစ်တာကြောင့် မူလခန့်မှန်းခြေထက် ကျပ် ၇၃၇ ဒသမ ၄၈၁ ဘီလျံ တိုးမြင့်သွားသလို ဂျီဒီပီတန်ဖိုးကလည်း လျော့ကျသွားပါတယ်။
ပြည်ထောင်စုရဲ့ မူလခန့်မှန်း ခြေငွေစာရင်းမှာ စုစုပေါင်းရငွေကျပ် ၁၆၉၇၈ ဒသမ ၉၉၁ ဘီလျံဖြစ်ပြီး စုစုပေါင်းသုံးငွေကျပ် ၂၀၂၆၆ ဒသမ ၆၄ ဘီလျံဖြစ်တာကြောင့် လိုငွေမှာ ကျပ် ၃၂၈၇ ဒသမ ၆၄၉ ဘီလျံဖြစ်ကြောင်း၊ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၈၄၁၂၈ ဒသမ ၁၂၇ ဘီလျံဖြစ်လို့ လိုငွေနဲ့ ဂျီဒီပီအချိုးမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းမှာ စုစုပေါင်းရ ငွေကျပ် ၁၇၁၅၂ ဒသမ ၅ ဘီလျံဖြစ်ပြီး စုစုပေါင်းသုံးငွေကျပ် ၂၁၁၇၇ ဒသမ ၆၃ ဘီလျံဖြစ်ကာ လိုငွေမှာ ကျပ် ၄၀၂၅ ဒသမ ၁၃ ဘီလျံဖြစ်ကြောင်း၊ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၈၁၀၆၄ ဒသမ ၃၃၉ ဘီလျံဖြစ်၍ လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၉၇ ဖြစ်ကြောင်း သိရပါတယ်။
“ဂျီဒီပီတန်ဖိုးအား လျှော့ချခန့်မှန်းရသည့် အကြောင်းရင်းမှာ ယခင်နှစ် ပထမခြောက်လတွင် ကမ္ဘာတစ်ဝန်းလုံးတွင် ကုန်စည်ဈေးနှုန်းများ အားပျော့နေခြင်း၊ ကမ္ဘာသုံး ငွေကြေးဖြစ်သော အမေရိကန်ဒေါ်လာ မြင့်တက်ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်ခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် စီးပွားရေး အခြေအနေအရ ကုန်သွယ်မှု ကျဆင်းရခြင်း၊ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်ခဲ့ရပြီး ပြင်ဆင်သည့် ဥပဒေကို သြဂုတ်လတွင် အတည်ပြုနိုင်ခဲ့သဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်များ ပထမ ခြောက်လတွင် များစွာသုံးစွဲမှု မရှိသေးခြင်း၊ သဘာဝ ဘေးဒဏ်ခံစားရသည့် ဒေသများတွင် ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း စသည်တို့ကြောင့် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လိုငွေနှင့် ဂျီဒီပီအချိုးမှာ မူလခန့်မှန်းခြေ ငွေစာရင်းတွင် ၃ ဒသမ ၉ ဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် ၄ ဒသမ ၉၇ ရာခိုင်နှုန်း ဖြစ်ပါတယ်” လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၁၃၅၄ ဒသမ ၆၁၄ ဘီလျံ တင်ပြ တောင်းခံထားတဲ့ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို နိုဝင်ဘာ ၁၆ ရက်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပြီး ဗဟိုအဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်က လွှတ်တော်မှာ လာရောက် ရှင်းလင်း တင်ပြခဲ့ပါတယ်။
လွှတ်တော်ဘတ်ဂျက်လိုငွေတွေက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ် ၂၁၅၉ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ် ၁၉၅၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ် ၂၉၂၆ ဘီလျံ၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လို ငွေစုစုပေါင်း ကျပ် ၂၇၅၁ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပထမအကြိမ်အရ ဘတ်ဂျက်လိုငွေကျပ် ဘီလျံ ၃၆၀၀ ကျော်ရှိတဲ့အတွက် ဝေဖန်မှုတွေက မြင့်တက်လာခဲ့ပါတယ်။
လက်ရှိအစိုးရသစ် လက်ထက်မှာလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းမှာ မူလခန့်မှန်းခြေလိုငွေထက် ကျပ် ၇၃၇ ဒသမ ၄၈၁ ဘီလျံ တိုးမြင့်လာတဲ့အတွက် လွှတ်တော်ဘတ်ဂျက်လို ငွေပြမှုတွေဟာ အစိုးရသစ်လက်ထက်မှာ ဆက်လက် ရှိနေပါတယ်။
တိုင်းပြည်အတွင်း နှစ်စဉ်ဘတ်ဂျက်လိုငွေပြမှုတွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးမှာ စိုးရိမ်ဖွယ်ရှိနေတဲ့အတွက် အစိုးရအနေနဲ့ တိုင်းပြည်ဘဏ္ဍာငွေဖြည့်ဖို့ နည်းလမ်းတွေ ရှာဖွေရမှာဖြစ်ပေမယ့် ငွေစက္ကူ ရိုက်ထုတ်နေတဲ့ နည်းလမ်းကို သုံးမယ်ဆိုရင် မှန်ကန်မှု မရှိဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ် ပြောဆိုကြပါတယ်။
“အသုံးစရိတ်တွေက တိုးလာတယ်။ ရငွေတွေက ထူးထူးခြားခြား တိုးမလာဘူး။ လိုငွေပြတယ်ဆိုလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ဒီငွေကို ဘယ်လိုရှာမလဲဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့ အကျိုးသက်ရောက်မှု ရှိရမှာပေါ့။ အခွန်တွေ တိုးကောက်ပြီး ရှာမလား။ အဲဒီလိုမှ မဟုတ်ဘဲ ငွေစက္ကူ တွေ ရိုက်ထုတ်ပြီး ရှာမယ်ဆိုရင်တော့ တိုင်းပြည်ထဲမှာ ကုန်ဈေးနှုန်းတွေ တက်လာမယ်” လို့ နိုင်ငံတော် ဘတ်ဂျက်လေ့လာသူ စီးပွားရေး ပညာရှင်တစ်ဦးက ဆိုသည်။
အခုလို တိုင်းပြည်မှာ ဘတ်ဂျက်လိုငွေများ မြင့်တက်လာတာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပါတယ်။ ဒီလို ငွေကြေးဖောင်းပွမှုကြောင့် အခြေခံ စားသောက်ကုန်တွေ ဈေးနှုန်းကြီးမြင့်လာတဲ့အတွက် အခြေခံလူတန်းစား လက်လုပ်လက်စားတွေရဲ့ ဘ၀ကလည်း တဖြည်းဖြည်း ကျပ်တည်းလို့ လာပါတယ်။
“ငွေကြေးဖောင်းပွတာပေါ် အခြေခံပြီး ဈေးနှုန်းတွေက ကြီးမြင့်လာရင် ဘာပဲပြောပြော ၀င်ငွေနဲ့ ထွက်ငွေ မမျှတဲ့အခါမှာ အခက်အခဲတွေ ဖြစ်လာမှာပဲ။ ဒီလိုအခက်အခဲတွေ ဖြစ်လာတဲ့အခါမှာ အစိုးရအနေနဲ့ ဘာလုပ်သင့်လဲ။ အစိုးရအနေနဲ့လည်း ငွေကြေးဖောင်းပွတာကို နည်းပညာသုံးပြီး အထိုက်အလျောက် လုပ်ဆောင်မယ်လို့ ထင်ပါတယ်။ ငွေကြေးဖောင်းပွမှု တည်ငြိမ်မှလည်း ကုန်ဈေးနှုန်းက ထပ်ပြီးကြီးမြင့်ဖို့ မရှိဘဲ ပြန်ပြီးတည်ငြိမ်လာမှာပါ။ အစိုးရ အနေနဲ့ကတော့ လတ်တလော အနေအထားမှာ ပြောရမယ်ဆိုရင် Open Types လုပ်ထားပေမယ့် စီးပွားရေး လုပ်ငန်းရှင်တွေလည်း မထိခိုက်အောင်၊ ပြည်သူတွေအပေါ်မှာလည်း ထိခိုက်မှုမရှိအောင် လုပ်ဆောင်ရမှာပါ” လို့ မြန်မာနိုင်ငံ ပဲကုန်သည်၊ နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက သုံးသပ် ပြောကြားပါတယ်။
မြန်မာနိုင်ငံရဲ့ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အစားအစာဈေးနှုန်းများ တက်ခဲ့ရာက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလမှာ ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဒုတိယကာလတို ငါးနှစ်စီမံကိန်းမှာ ဖော်ပြထားပါတယ်။
အိမ်ရာလိုအပ်ချက်
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားနေတဲ့အတွက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံမှုအရ နိုင်ငံရဲ့ စုစုပေါင်း လူဦးရေဟာ ၅၁ သန်းကျော် ရှိလာပါတယ်။ မြို့ပြမှာ နေထိုင်တဲ့ လူဦးရေဟာ ၂၀၁၄ ခုနှစ်မှာ ရာခိုင်နှုန်း ၃၀ အထိ သိပ်သည်းလာတာကြောင့် မြို့ပြနေ ပြည်သူတွေရဲ့ အိမ်ရာ လိုအပ်ချက်ဟာ မြင့်မားလာခဲ့ပြီး အခြေခံ အဆောက်အအုံ လိုအပ်ချက် ပြဿနာဟာလည်း ပိုမိုကြီးမားလာပါတယ်။ ရန်ကုန်မြို့ တစ်ခုတည်းမှာတင် မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၀ ပုံ တစ်ပုံဖြစ်တဲ့ လူဦးရေ ငါးသန်းကျော် နေထိုင်နေပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့ပြလူဦးရေဟာ ၂၀၀၀ ပြည့်နှစ်မှာ ၂၆ ဒသမ ၂၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာ ရာခိုင်နှုန်း ၃၀ နီးပါးအထိ ရှိလာတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် တိုးတက် များပြားလာတာကို တွေ့ရမှာပါ။ မြန်မာနိုင်ငံရဲ့ ကျေးလက်နေ လူဦးရေကတော့ ၂၀၀၀ ပြည့်နှစ်တုန်းက ၇၃ ဒသမ ၇၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာ ရာခိုင်နှုန်း ၇၀ သာ ရှိတော့တယ်လို့ မှတ်တမ်းတွေကဆိုတဲ့ အတွက် ကျေးလက်နေ လူဦးရေနှုန်းဟာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့ပြီး မြို့ပြနေ လူဦးရေကတော့ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးတက် များပြားလာခဲ့တာကြောင့် မြို့ပြနေလူဦးရေ သိပ်သည်းမှုအလိုက် အိမ်ရာတွေ ထပ်မံတိုးချဲ့ တည်ဆောက်ဖို့ လိုအပ်လာပါတယ်။
အစိုးရသစ် ရက် ၁၀၀ စီမံချက်နဲ့ သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာ
ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော်မှုကို အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ပထမအဆင့်အဖြစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ လမ်း၊ တံတား လေလံဂိတ်တွေကို ဂိတ်ကြေးကောက်ခံမှု ဖြေလျှော့ပေးခဲ့ပြီး ဒုတိယအဆင့် အနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ယာဉ်မတော်တဆဖြစ်မှု လျှော့ချရေး စီမံချက်ကို ဧပြီ ၃၀ ရက်က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ရက် ၁၀၀ စီမံချက်ရဲ့ တတိယ အဆင့်ကတော့ ပြည်သူတွေနေရေး၊ ထိုင်ရေး အဆင်ပြေစေရေးအတွက် ပြည်သူ့အိမ်ရာ စီမံကိန်း၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို ရက် ၁၀၀ အတွင်း အကောင်အထည် ဖော်ခဲ့တယ်လို့ သိရပါတယ်။
“ပြည်သူ့အိမ်ရာ လုပ်ငန်းတွေ အရင်တုန်းက ဆောက်ခဲ့တဲ့ဟာမှာ တန်ဖိုးနည်းအိမ်ရာဆိုပြီး တန်ဖိုးက မနည်းဘူး ဖြစ်နေတယ်။ ပြည်သူလူထုတွေ မတတ်နိုင်တဲ့ တန်ဖိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ ရက် ၁၀၀ စီမံကိန်းထဲမှာ ငါးထပ်အခန်း ၄၀ ပါတဲ့ စံနမူနာဖြစ်တဲ့ တန်ဖိုးနည်း အိမ်ရာတစ်ခုကို ဆောက်မှာပါ” လို့ ရက် ၁၀၀ စီမံချက်နဲ့ ပတ်သက်လို့ ဇွန် ၇ ရက်က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာနရဲ့ ၀န်ကြီးဦးဝင်းခိုင်က ပြောကြားခဲ့ပါတယ်။
အမှန်တကယ် တန်ဖိုးနည်းအိမ်ရာအတွက် ဈေးနှုန်း သတ်မှတ်နိုင်ရေး စံနမူနာ တန်ဖိုးနည်းအိမ်ရာတစ်ခု တည်ဆောက်ပြီးစီးတဲ့အခါ အဲဒီအိမ်ရာက ပေါ်ထွက်လာမယ့် အခန်းတွေကို တစ်ခန်း ကျပ်သိန်း ၁၀၀ အောက်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာ တိုက်ခန်း တစ်သိန်းရှစ်သောင်းလောက် တည်ဆောက်သွားဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက မျှော်မှန်းထားတယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ဇွန် ၇ ရက် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာ နှစ်နှစ်အတွင်း အခန်းပေါင်း ၈၀၀၀ ပါဝင်မယ့် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ တစ်ခုကို လုပ်ဆောင်သွားမှာဖြစ်ပြီး ရန်ပုံငွေ ရရှိမှု၊ မြေရရှိမှုအပေါ် မူတည်လို့ တစ်နိုင်ငံလုံး အိမ်ရာယူနစ် အခန်းပေါင်း တစ်သိန်းရှစ်သောင်းလောက် ဆောက်လုပ်ဖို့ မျှော်မှန်းထားတယ်လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့အနီး ဒဂုံမြို့သစ်နဲ့ လှိုင်သာယာမြို့နယ်ရှိ မြေဧက ၂၃၂ ဧကပေါ်မှာ အခန်းပေါင်း ၈၀၀၀ လောက် ပါဝင်မယ့် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာတစ်ခုကို ဆောက်လုပ်ရေး ၀န်ကြီးဌာနက တည်ဆောက်ဖို့ စီစဉ်နေသလို နေပြည်တော်မှာလည်း တန်ဖိုးနည်းအိမ်ရာ စမ်းသပ် တည်ဆောက်နေပြီ ဖြစ်ပါတယ်။
“လက်တွေ့ နေပြည်တော်မှာ နှစ်လုံးဆောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တန်ဖိုးနည်းအိမ်ရာ အမှန်တကယ်ဖြစ်အောင်၊ ကုန်ကျစရိတ် စံနှုန်းတစ်ခုရဖို့ ဒါကအရေးကြီးနေပါတယ်။ ဆောက်လုပ်ရေး ၀န်ကြီးဌာနက တစ်လုံးကို Steel နဲ့ ဆောက်တယ်။ တစ်လုံးကို ပုံမှန်အားဖြင့် ကွန်ကရစ်နဲ့ ဆောက်တယ်။ ဒီနှစ်လုံးရဲ့ကုန်ကျစရိတ် အတိအကျ၊ ကြာမြင့်ချိန်တို့ကို Model စံနှုန်းတစ်ခုဖြစ်အောင် စံနှုန်းတွေရပြီဆိုရင် ဟို ၂၃၂ ဧကမှာ ဒီမော်ဒယ်လ် ဒီစံနှုန်းတွေနဲ့ ဆောက်မှာဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရာမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲက မြေနေရာ ရရှိဖို့ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရသစ် ဖော်ဆောင်ရတော့မယ့် အချက်သုံးချက်
မြန်မာနိုင်ငံက အခြေခံ ပြည်သူတွေရဲ့ အရေးတကြီး လိုအပ်နေတဲ့ အချက်သုံးချက်ကတော့ အထက်ကပြောခဲ့တဲ့ အကြောင်းအရာတွေပါပဲ။ ဒါပေမဲ့ အစိုးသစ်ရဲ့သက်တမ်း ကိုးလအတွင်းမှာ ဒီအချက်တွေ သုံးချက်ကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးတဲ့အတွက် အခြေခံ ပြည်သူတွေရဲ့ဘ၀က ပိုပြီးကျပ်တည်းလာရပါတယ်။ လက်ရှိအချိန်မှာ ဒေါ်လာဈေး အဆမတန် မြင့်တက်နေတာကြောင့် အနည်းဆုံး လုပ်ခလစာ ၃၆၀၀ နဲ့ တွက်ရင် မြန်မာပြည်က အခြေခံ လူတန်းစားတွေရဲ့ ၀င်ငွေက တစ်နေ့ကို သုံးဒေါ်လာတောင် မပြည့်တော့ပါဘူး။
ဒီလို ၀င်ငွေလျော့နည်းလာပေမယ့်လည်း အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အခြေခံပြည်သူတွေဟာ ရရာအလုပ်မှာပဲ တွယ်ကပ်ကာ လုပ်ကိုင်နေကြရပါတယ်။
တကယ်လို့သာ ၀င်ငွေမကောင်းလို့ အလုပ်ထွက်မယ်ဆိုရင် အလုပ်လက်မဲ့ ဖြစ်သွားနိုင်တဲ့အတွက် မရှိ၊ ရှိတဲ့ အလုပ်ကိုသာ မှေးလုပ်ရင်းနဲ့ ဘ၀ကို ကျပ်ကျပ်တည်းတည်း ဖြတ်သန်းနေကြရတာပါ။
ဝင်ငွေ နည်းသထက် နည်းလာချိန်မှာ မြန်မာနိုင်ငံလို သွင်းကုန်သာရှိပြီး ထုတ်ကုန်မရှိတဲ့ နိုင်ငံအတွက် ဒေါ်လာဈေးတက်တာနဲ့အမျှ ပြည်သူတွေ မဖြစ်မနေ ၀ယ်သုံးနေရတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း ဆက်လက် မြင့်တက်နေပါတယ်။ စားသောက်ကုန်၊ အသုံးအဆောင် ပစ္စည်းတွေ အစစအရာရာ ဈေးတက်နေတဲ့ အတွက် တစ်နေ့လုပ်မှ တစ်နေ့စားနေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘ၀ကတော့ လှော်ရင်းနစ်သလို ဖြစ်နေပါတယ်။
ဒါ့ပြင် ရန်ကုန်မြို့မှာ အိမ်ငှားဈေးနှုန်းတွေက အစိုးရဟောင်းသက်တမ်း ငါးနှစ်တာအတွင်း ကြောက်စရာကောင်းအောင် ထိုးတက်သွားခဲ့ပြီး ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ရဲ့ လူနေထူထပ်တဲ့ ကမာရွတ်၊ ဗဟန်း၊ စမ်းချောင်းတို့လို နေရာတွေမှာ နှစ်သိန်းဝန်းကျင်လောက်ပဲရှိတဲ့ တိုက်ခန်းငှားခဟာ ၂၀၁၅ နှစ်ကုန်ပိုင်းမှာတော့ လေးသိန်းဝန်းကျင်အထိ ရှိလာပါတယ်။ ငါးနှစ်တာအတွင်းမှာ အိမ်ခန်းငှားခတွေဟာ အနိမ့်ဆုံး နှစ်ဆကနေ သုံး၊ လေး၊ ငါးဆအထိ ကြောက်စရာကောင်းအောင် မြင့်တက်ခဲ့တာပါ။
မြို့စွန်တွေဖြစ်တဲ့ တောင်ဒဂုံနဲ့ မြောက်ဒဂုံစတဲ့ နေရာတွေမှာ ၂၀၁၀ တုန်းက ကျပ် ၃၀၀၀၀ နဲ့ ငှားလို့ရတဲ့ အိမ်တစ်လုံးဟာ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ တစ်သိန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။ ဒီအိမ်ငှားခ ဈေးနှုန်းတွေဟာ သာမန်ကုမ္ပဏီဝန်ထမ်း၊ အစိုးရ၀န်ထမ်းတစ်ဦးရတဲ့ လစာနဲ့ယှဉ်ရင် သူ့ရဲ့ လစာက အိမ်ငှားစရိတ်နဲ့တင် ကုန်သွားမှာ ဖြစ်ပါတယ်။ ဒါတောင်နေရာ၊ အထပ်အမြင့် အကျယ်အ၀န်းအပေါ်လိုက်ပြီး ဈေးက အမျိုးမျိုး အစားစား ရှိပါသေးတယ်။ လစာ သုံးသိန်းလောက်ရတဲ့ ၀န်ထမ်းတစ်ဦးတောင် သူ့ရဲ့ဝင်ငွေနဲ့ ရန်ကုန်မြို့တွင်း Downtown ခြောက်မြို့နယ်မှာ အိမ်ခန်းငှားဖို့ဆိုတာ မလွယ်လှပါဘူး။
အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးနှုန်းတွေကတော့ ၂၀၁၀ နောက်ပိုင်းမှာ နှစ်ဆသုံးဆ ခုန်တက်ခဲ့ပြီး အခု ၂၀၁၅ နှစ်ကုန်ပိုင်း အရောက်မှာ နိုင်ငံရေး အပြောင်းအလဲကြောင့် ဈေးနှုန်းမြင့်တက်မှု ရပ်တန့်သွားခဲ့ပါတယ်။ ဒါကလည်း ဈေးကျသွားတာမျိုး မဟုတ်ဘဲ ဈေးကွက်ကို စောင့်ကြည့်ပြီး အရောင်းအ၀ယ် မလုပ်ကြတဲ့ သဘောပါ။
ဒါကို ကြည့်ခြင်းအားဖြင့် ရန်ကုန်မြို့ဟာ အခြေခံ လူတန်းစားတွေအတွက် ကျောတစ်ခင်းစာနေရာ တစ်နေရာရဖို့ဆိုတာ ဘယ်လောက် ခက်ခဲမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
အခုလည်း အစိုးရသစ်လက်ထက်မှာ ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ခန်းတွေကို နှစ်နှစ်အတွင်းမှာ ဖော်ဆောင်သွားဖို့ ရှိတယ်လို့ တရားဝင် ပြောဆိုမှုတွေ ပြုလုပ်ထားပြီးပါပြီ။ ဒီနေရာမှာတစ်ခု စဉ်းစားရမှာက ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ခန်းတွေကို တစ်ရက် လုပ်ခလစာ ၃၆၀၀ သာ ရရှိနေတဲ့ အခြေခံ လူတန်းစား ပြည်သူတွေ တကယ်ဝယ်ယူနိုင်မလား ဆိုတာကိုပါ။
ဝင်ငွေနည်းပါးနေတဲ့ အချိန်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အိမ်ခန်းငှားခတွေ ဈေးခေါင်ခိုက်နေမှုကြောင့် ဒီလိုသာ ဆက်သွားနေမယ်ဆိုရင်တော့ အပြောင်းအလဲကို လိုလားလို့ မဲပေးခဲ့ကြတဲ့ အခြေခံ ပြည်သူတွေရဲ့ ဘ၀တွေကလည်း ဒုံရင်းကဒုံရင်း ဖြစ်နေပြီး ဆင်းရဲတွင်းထဲကနေ လွတ်မြောက်နိုင်ဦးမှာ မဟုတ်ပါဘူး။
ဒါကြောင့် အစိုးရသစ် အနေနဲ့ ၂၀၁၇ နှစ်သစ်မှာ မြန်မာပြည်က အခြေခံပြည်သူတွေရဲ့ အခြေခံ အကျဆုံး အချက်သုံးချက်ဖြစ်တဲ့ အလုပ်အကိုင်၊ ကုန်ဈေးနှုန်းနဲ့ အိမ်ရာ အခက်အခဲကို အရေးတကြီး လုပ်ဆောင်ပေးဖို့ လိုနေပြီဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ အစိုးရသစ် အနေနဲ့ ဒီသုံးချက်အပေါ်မှာ လျစ်လျူရှုတာပဲဖြစ်ဖြစ်၊ လုပ်ဆောင်မှု အားနည်းတာပဲဖြစ်ဖြစ်၊ မလုပ်ဆောင်နိုင်သေးတာပဲဖြစ်ဖြစ် တစ်ခုခုသာ ဖြစ်ခဲ့မယ် ဆိုရင်တော့ ၂၀၁၇ ခုနှစ်ဟာလည်း အခြေခံပြည်သူတွေအတွက် ဘာမှမပြောင်းလဲနိုင်တဲ့ နှစ်တစ်နှစ်လို့ပဲ ဆိုရမှာပါ။
ဒါကြောင့် အခုရောက်ရှိနေပြီဖြစ်တဲ့ ၂၀၁၇ ခုနစ်မှာ အစိုးရသစ် အနေနဲ့ အခြေခံပြည်သူတွေရဲ့ တကယ့် အရေးကြီးဆုံး အချက်သုံးချက်ကို ဘယ်လောက်အထိ ပြောင်းလဲအောင် လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Writer:
ဆန်းမိုးထွန်း
Eleven Media Group Co., Ltd
No comments:
Post a Comment