Sunday, January 1, 2017

အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားနှင့် အချုပ်သားများ ပိုလျှံနေ၍ အိပ်ဆောင်များ တိုးချဲ့မည်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

အင်းစိန်အကျဉ်းထောင်တွင် ထားရှိရမည့် အကျဉ်းသားနှင့် အချုပ်သားဦးရေထက် လူငါးထောင့်ခြောက်ရာကျော် ပိုလျှံလာခြင်းကြောင့် လူနေအိပ်ဆောင်များကို တိုးချဲ့ပြင်ဆင်သွားရန် စီစဉ်နေကြောင်း  အကျဉ်းဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ ပြင်ဆင်မည့် အိပ်ဆောင်သစ်များကို လာမည့် ၂၀၁၇  ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး အကျဉ်းသားဦးရေ ၁၅၀၀ ခန့် ခွဲဝေထားရှိနိုင်မည့် အဆောက်အအုံများ တည်ဆောက်မည် ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းက အမှုရင်ဆိုင်နေရသော အချုပ်သားတို့ကို ပြစ်ဒဏ်ချမှတ်လိုက်ခြင်းကြောင့် အကျဉ်းသား အရေအတွက်မှာ စုစုပေါင်း တစ်သောင်းခြောက်ရာကျော်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း အင်းစိန်အကျဉ်းဦးစီးဌာနမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက The Voice သို့ ပြောကြားသည်။

“အကျဉ်းသားက အင်းစိန်အကျဉ်းထောင်ထဲမှာ ဖွဲ့စည်းပုံအရ လူဦးရေ ငါးထောင်နှုန်းပဲ ထားနိုင်တယ်၊

အခုလို အရေအတွက် အဆမတန် များလာတဲ့အခါ အကျဉ်းသားရဲ့နေရာထိုင်ခင်း ကျပ်တည်းမှု အခွင့်အရေးကို တိုက်ရိုက်ထိခိုက်လာတယ်၊ ရန်ကုန်မှာ ရာဇ၀တ် ကျူးလွန်မှု ပြဿနာတွေ မြင့်တက်လာတာလည်း အကျုံးဝင်ပါတယ်၊ ဒါကြောင့် ပျက်စီးနေတဲ့ အိပ်ဆောင်ဟောင်းအချို့ကို အသစ်ပြင်ဆင်ထားဖို့ စီစဉ်တာပါ” ဟု ၎င်းက ရှင်းပြသည်။

ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားနှင့် အချုပ်သားပေါင်း ၉၉၃၄ ဦးခန့် ရှိခဲ့သော်လည်း သုံးလကျော်အတွင်း အကျဉ်းသားဦးရေ  ၇၀၀ နီးပါး ပိုမိုတိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ခိုးမှုများ  အဆမတန် များပြားလာခြင်း ကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် ရဲဘက်အကျဉ်းစခန်းများသို့ ပို့လွှတ်ခဲ့သော အကျဉ်းသားဦးရေ ၂၅၀၀ ခန့်မှာ အထက်ပါစာရင်းတွင် မပါဝင်ကြောင်း ယင်းအကျဉ်းဦးစီးဌာနထံမှ ထပ်မံသိရှိရသည်။

“မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးကဏ္ဍက အရမ်းလိုအပ်နေပါပြီ၊ သတ်မှတ်ဦးရေ စံချိန်စံညွှန်းထက် ပမာဏ အမြဲပိုလျှံနေတယ်၊ အကျဉ်းသားတိုင်း နေရာထိုင်ခင်းနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်ခံရမှု အခွင့်အရေး ဆုံးရှုံး နစ်နာနေတယ်၊ ဒီအချက်တွေကို နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းစစ်တမ်း ကောက်ယူပြီး ပြည်ထဲရေး ၀န်ကြီးဌာနကို စက်တင်ဘာလတုန်းက တင်ပြထားတယ်” ဟု မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အိပ်ဆောင်ပေါင်း ၁၀ ဆောင်ရှိပြီး အကျဉ်းသားဦးရေ ငါးရာနီးပါး ထားရှိရမည့် အိပ်ဆောင်တစ်ခုလျှင် လူပေါင်း ၁၀၀၀ ကျော်ခန့် နေရာပေးရခြင်းကြောင့် လူဦးရေ ကျပ်တည်းမှု ပြဿနာများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ယင်းအကျဉ်းဦးစီးဌာနထံမှ သိရှိရသည်။  

No comments: