မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, June 1, 2014
#emg_editorials
၂၀၁၄ ဇွန်လ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပြည်သူ့ဆန္ဒ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ မေ ၂၇ ရက် မှ ဇူလိုင် ၁၉ ရက်အထိ ပြည်သူတို့၏ဆန္ဒကို ကောက်ခံနေပြီ ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှု လုပ်ဆောင်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဒေသအနှံ့ရှိ လက်မှတ်ရေးထိုးနိုင်သော နေရာအသီးသီးတွင် အလွှာအသီးသီးမှ ပြည်သူများ ပါဝင်လက်မှတ်ရေးထိုးနေပြီ ဖြစ်သည်။
၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပြီးနောက်ပိုင်းတွင် အတည်ပြုခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များသည် ဒီမိုကရေစီအခြေခံမူ၊ ဒီမိုကရေစီတန်ဖိုး၊ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသောကြောင့် ပြည်သူလိုလားသည့် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်လိုသဖြင့် ယခုလှုပ်ရှားမှုတွင် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ပါဝင်သူများက ပြောကြားကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထုလူတန်းစားပေါင်းစုံက တောင်းဆိုနေကြခြင်းလည်း ဖြစ်သည်။
ယခုအခါတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးလှုပ်ရှားမှုအတွက် တစ်နိုင်ငံလုံးရှိ NLD တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေးရုံးများ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ မြို့နယ်ဆက်ဆံရေးရုံးများတွင် လက်မှတ်ရေးထိုးလှုပ်ရှားမှုများကို ရက်ပေါင်း ၅၄ ရက်ကြာ ပြုလုပ်သွားမည် ဖြစ်သည်။
ထို့ပြင် လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစည်းအဝေးများကိုလည်း မေ ၁၅ ရက်မှစ၍ နေ့စဉ် ပြုလုပ်လျက်ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရာတွင် အဟန့်အတားဖြစ်နေသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲရန် တိုင်းရင်းသား တန်းတူညီမျှရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ဒီမိုကရေစီစံချိန်စံညွှန်းနှင့် မကိုက်ညီသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးအတွက် ပထမခြေလှမ်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ အား ပြင်ဆင်ရေးလှုပ်ရှားမှုကို ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် NLD နှင့် ၈၈ မျိုးဆက်အဖွဲ့တို့ကလည်း တိုက်တွန်းထားသည်။
“ပုဒ်မ ၄၃၆ လက်မှတ်ရေးထိုးပွဲပြီးရင် ပြည်သူရဲ့ဆန္ဒဟာ ရှင်းရှင်းလင်းလင်း ပေါ်လာတဲ့အခါ ပြည်သူတွေရဲ့ဆန္ဒကို ဘယ်သူတွေက အလေးထားလဲဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လာမှာပါ။ အဲဒါကိုသိဖို့ အများကြီးအရေးကြီးပါတယ်။ ဒီနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လျှောက်နေပြီလို့ ပြောတာပဲ။ ဒီလိုပြောနေပြီးတော့ ကမ္ဘာရဲ့ထောက်ခံမှုတွေ၊ ထောက်ပံ့မှုတွေ၊ ပံ့ပိုးမှုတွေ၊ အားပေးမှုတွေ ရနေတယ်။ အဲဒီတော့ တကယ်ပဲ ဒီလမ်းကိုလျှောက်နေသလားဆိုတာ ဒီကိစ္စပေါ်လွင်စေမယ်ဆိုတာ အန်တီတို့ ယုံကြည်တယ်။ ကြည့်ရမှာပဲ။ တကယ် ပြည်သူလူထုဆန္ဒကို အလေးထားလား” ဟု လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က မေ ၃ဝ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ မှတ်ချက်ပြုခဲ့သည်။
ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပထမခြေလှမ်းဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒအား သက်ဆိုင်သူများက အလေးထား၍ နိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းဖြောင့်ဖြူးရန် အားလုံးပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment