Thursday, June 19, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုမှထွက်ခဲ့ရခြင်းအတွက် စပိန်အသင်းနည်းပြဒဲလ်ဘော့စ် တောင်းပန်စကားဆို စပိန်အသင်းနည်းပြဒဲလ်ဘော့စ်သည် ချီလီအသင်းကို(၂-၀)ဂိုးဖြင့်ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခဲ့ရသည့်အတွက် ပရိသတ်များကို တောင်းပန်စကားဆိုခဲ့ကြောင်းသိရသည်။ စပိန်အသင်းသည် (၂)ပွဲကစား၊ (၂)ပွဲရှုံး၊ ရဂိုး(၁)ဂိုး၊ ပေးဂိုး(၇)ဂိုး အထိပေးခဲ့ရရာ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံများ ထဲတွင် ခံစစ်အညံ့ဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် စပိန်အသင်း နည်းပြဒဲလ်ဘော့စ်မှာလည်း အီတလီအသင်းဂန္ထ၀င်နည်းပြပေါ့ဇို တင်ရှိထားသော ကမ္ဘာ့ဖလားချန်ပီယံဆုကို နည်းပြအဖြစ်(၂)ကြိမ်တိုင်တိုင်ရယူခဲ့သည့်စံချိန်ကိုအမီလိုက်နိုင်မည့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီဖြစ်သည်။ ချီလီအသင်းနှင့်ပွဲအပြီးတွင် စပိန်အသင်းနည်းပြဒဲလ်ဘော့စ်က ဒီနေ့ဟာ ကျွန်တော်တို့အတွက် တကယ့်ကို စိတ်ပျက်ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ ကျွန်တော်တို့အသင်း အောင်မြင်မှုမရခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့် အခုအနေအထားကိုကြည့်ပြီး အသင်းရဲ့အခြေအနေကို လေ့လာသုံးသပ်မယ်ဆိုရင်တော့ အချိန်စောလွန်းပါတယ်။ ကျွန်တော်တို့အသင်းဟာ ဟော်လန်နဲ့ပွဲမှာရော ချီလီနဲ့ ပွဲမှာပါ အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးတွေပေးခဲ့ရတဲ့အတွက် အရမ်းကိုခက်ခဲသွားခဲ့ပါတယ်။ ပထမပိုင်းမှာ အသင်းရဲ့ ကစားပုံဟာ စိုးရိမ်နေတဲ့ ပုံစံဖြစ်နေသလို၊ ဒုတိယပိုင်းမှာလည်း လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ခြင်းမရှိပါဘူး ဟုပြောကြားခဲ့သည်။ စပိန်အသင်း အုပ်စုမှထွက်ခဲ့ရပြီးနောက် စပိန်မီဒီယာများက ယင်းသတင်းနှင့်ပတ်သက်ပြီး အကျယ်တ၀င့်ဖော်ပြခဲ့ကြကြောင်းသိရသည်။ စပိန် နေ့စဉ်ထုတ်သတင်းစာဖြစ်သည့် daily El Mundo သတင်းစာ၏ မျက်နှာဖုံးတွင် World failure ဟူသောခေါင်းစဉ်းဖြင့် ဖော်ပြခဲ့သလို၊ နာမည်ကျော် အားကစားသတင်းစာတစ်စောင်ဖြစ်သော Marca က Failed ဟူသော ခေါင်းစဉ်းဖြင့် မျက်နှာဖုံးသတင်းအဖြစ်ဖော်ပြခဲ့ကြောင်းလည်းသိရသည်။ ချီလီကိုရှုံးနိမ့်ခဲ့သည့်ပွဲမှ စိတ်ပျက်နေသည့် စပိန်အသင်းနည်းပြဒဲလ်ဘော့စ်(Photo:AFP)

No comments: